News

POST TYPE

SATIRE

ဟတ်ချလောင်း နီမှသည်
01-Mar-2020


ဩကာသမည်သော ဤလောက၊ ဤမြေမဟီဝယ် နေထိုင်သူမှန်ပါက ခင်ဗျားသည် ဧကန်မုချ နီရပေမည်။

နီကြသည်ဆိုရာဝယ် မွေးရာပါပဲ နီနီ၊ အော်ရီ ဂျင်နယ်ပဲနီနီ၊ ယုံကြည်ချက်ကြောင့်ပဲ နီနီ၊ နာကြည်းချက်ကြောင့်ပဲ နီနီ၊ အရေးပေါ်ပဲ နီနီ၊ မျက်စိလည်ပြီးပဲ နီနီ၊ ခါတော်မီပဲ နီနီ၊ ဟတ်ချလောင်းပဲ နီနီ ... အကြောင်းအရင်းသည် အရေးမကြီး။

ခင်ဗျားသည် နီနေဖို့သာ။

နီသည်ဆိုရာတွင်လည်း ရဲရဲတောက်ပါမှ။

ခင်ဗျားသည် တစ်ချိန်က ဘယ်လောက်နီနီ အခုချိန်မှ ပန်းနုပြေးကလေး၊ ကြက်သွေးလေးလာမလုပ်နှင့်။

အနီကို နည်းနည်းလေးမှ မဝေဖန်နှင့်၊ မပုတ်ခတ်နှင့်၊ မသရော်နှင့်၊ မကလိနှင့်။

ဒါသည် အနီကို ဆန့်ကျင်ခြင်းဖြစ်သဖြင့် သစ္စာဖောက်လောက်ကောင်၊ ရန်သူဘက်တော်သား အစရှိသော တံဆိပ်များကို အောင်မြင်ကျော်ကြား နီနီမာများက ခင်ဗျားနဖူးတွင် ကပ်ပေးလိမ့်မည်။

သူတို့နောက်မှ အရေးပေါ်အနီ၊ ဟတ်ချလောင်း အနီထုကြီးကလည်း တပ်တော်ပါဗိုလ်ထုနှင့် ခင်ဗျားထံသို့ အဆဲဋီကာများကို ပဲကတ္တီပါများသဖွယ် ကောင်းကောင်းကျွေးကြလိမ့်မည်။

လောကဓာတ်တစ်ခွင်လုံးနီကာလတွင်မှ ခင်ဗျားသည် အနီကိုကလိသည့် ပြစ်မှုကြီးကို ကျူးလွန်ကြောင်း ထင်ရှားသဖြင့် သမိုင်းတရားခံကြီး အဖြစ် ပုံဖော်ကြလိမ့်မည်။

ထို့ကြောင့် ... သြကာသမည်သော ဤလောက၊ ဤမြေမဟီတွင် ခင်ဗျားသည် ဧကန်မုချ နီရပေလိမ့်မည်။

ယခုကာလရှိ အနီများထဲ တန်ခိုးအကြီးဆုံးနှင့် အင်အားအထွားဆုံးက ဟတ်ချလောင်းနီများဖြစ်သည်ကိုလည်း ခင်ဗျားလေ့လာထားသင့်သည်။

ဟတ်ချလောင်းနီ ဆိုသည်ကား အခြားမဟုတ်။

ခင်ဗျားငယ်စဉ်က ကြည့်ခဲ့သော မျက်လှည့်ပွဲများတွင် မျက်လှည့်ဆရာက ပဝါလေးကို ဦးထုပ်ထဲ ထည့်ပြီး ဟတ်ချလောင်းဟု အော်ကာ ပြန်ထုတ်လိုက်သည့်အခါ နှင်းဆီပွင့်လေး ဖြစ်သွားသည်ကို ကြည့်ဖူးသည်မဟုတ်လား။

အနီရောင်ဖျဖျလေး သန်းမိလျှင်တောင်မှ မင်းဒဏ်သင့်သည့်ကာလက သူတို့သည် မည်သို့ရှိသည်မသိ။

ဤကာလအနီးတစ်ဝိုက်မှ မည်သို့မည်ပုံ လုပ်လိုက်သည်မသိ အနီကြီး နီသွားသော သူတို့ကို ဟတ်ချ လောင်းနီဟု ခေါ်ပေသည်။

ဟတ်ချလောင်းနီတို့က ရဲရဲတောက်ကြပေသည်။

တကယ့် အနီစစ်စစ်ပင် သူတို့လောက် မနီကြဟု ယုံကြည်ကြသည်။

အော်ရယ်ဂျင်နယ်မူလဘူတ ခေတ်အဆက်ဆက် နီခဲ့သည့် အနီများက “အင်း ... အနီလေးက နည်းနည်းလေး လမ်းကြောင်းလွဲနေသလားမသိ” ဟု သွား မဝေဖန်မိနှင့်။

ဟတ်ချလောင်းနီခေါင်းဆောင်ကြီးများနှင့်အတူ ဒေါသထွက်နေသော လူအုပ်ကြီး ဧကန်မုချ ရောက်လာပြီး ဆော်ပလော်တီးကြတော့မည်။

နီလုဆဲဆဲ လေ့လာဆဲအဆင့် မျိုးဆက်သစ်များက အနီအလွဲလေးတွေ သရော်မိ၊ လှောင်မိလျှင်ကား ဆိုဖွယ်မရှိတော့။

ခေါဘဏီချီသော အနီထုက သစ္စာဖောက်၊ လောက်ကောင်၊ အဖျက်သမား၊ ငရဲသား ...နင့်ဘဝ ပျက်ရော့လဟယ် ဆိုသည်နှင့် ဝိုင်းတွယ်ကြခြင်းဖြင့် နဂိုနီချင်ချင် မျိုးဆက်သစ်များအား အနီကို သောက်ချဉ်ပေါက်သွားအောင် အဝေးတွန်းပို့ပေလိမ့်မည်။

ထို့ကြောင့် ခင်ဗျားသည် ယခုကာလကြီးဝယ် နီနေရုံနှင့်မပြီး။

အနီအတွက် ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ လုပ်နေ လုပ်နေ၊ လုပ်ပေးမည်ပဲ ကြံရွယ်ရွယ်။

ထိုအရာသည် အရေးမကြီး။

အနီသရဏံဂစ္ဆာမိ ဂါထာကို တဖွဖွရွတ်လျက်

အထိမခံ အနီဖန် ဖြစ်ကုန်သော ဟတ်ချလောင်း အနီထုကြီးနှင့် သဟဇာတဖြစ်ရန် အရေးကြီး၏။

ခင်ဗျားကိုယ်တိုင် ထိုဂါထာကို နာနာရွတ်လာပြီ ဆိုလျှင် ခင်ဗျားသည် ဟတ်ချလောင်းနီတပ်သားဖြစ်ပေပြီ။

ခင်ဗျားသည် ဟတ်ချလောင်းနီဘဝမှ မြင်မြင်သမျှ အရာရာ အနီမှ အနီဟု ပေါပေါလောလော နီချင်လာပြီဆိုလျှင် နီပေါအဆင့်ပြီးမြောက်ပေပြီ။

မနီတဲ့ကောင်ရော၊ မနီတနီရောသည် ခင်ဗျားရဲ့ ဘုံရန်သူဟု မှတ်ယူပြီး တိုက်ခိုက်လိုစိတ်များ ကြွလာပြီဆိုလျှင်ဖြင့် ခင်ဗျားသည် နီကြောင်အဆင့် ရာထူးမြင့်ပေပြီ။

ထိုမှတစ်ဆင့် မနီတဲ့ကောင်ရော၊ မနီတနီရော၊ နီပြီးသားရော၊ လက်ရှိနီနေတဲ့ကောင်ရော အားလုံးဟာ ခင်ဗျားလောက် မနီ၊ ခင်ဗျားသာ အနီဆုံးဟု အာရုံရလာပြီဆိုပါက ခင်ဗျားက ဧကန်မုချ နီဖင်ခေါင်းဖြစ်ပြီမှတ်။

နီဖင်ခေါင်းဖြစ်လာလျှင် ခင်ဗျားနောက်၌ လူအုပ်နီကြီး အလိုအလျောက်ရပေမည်။

ယင်းကား အောင်မြင်ကျော်ကြား နီနီမာများ စာရင်းတွင် ခင်ဗျား ဝင်သွားခြင်းပေတည်း။

ထိုအခါ ခင်ဗျားသည် အနီထိမခံ အတုမရှိအနီ အဓိပတိကြီးအဖြစ် အဆင့်တက်လှမ်း ကျင့်ကြံရန် မှတစ်ပါး အခြားမရှိတော့။

ထို့ကျင့်စဉ်အရ ...

“အနီနှင့်မတူ ငါ့ရန်သူ”

“အနီကိုဝေဖန် ငါလက်မခံ”

“မနီသေးသမျှ တိုက်ခိုက်ကြ”

“အနီကို ခွီ သေပြီသာမှတ်” ဟူသော ကျင့်စဉ်လေးမျိုးကို အားထုတ်ပြီးသကာလ ခင်ဗျားသည် အနီဓာတ်ကြီး ပေါက်မြောက်လာပေတော့သည်။

ထိုအခါ နဂိုက နီချင်ပါလျက်၊ အနီကို စိတ်ဝင်စားပါလျက် အနီကို တို့မိထိမိရှာသော မျိုးဆက်သစ် အပေါင်းက ခင်ဗျား၏ ဧရာမအနီဓာတ်ကြီးကို သောက် မြင်ကပ်သဖြင့် နဂိုနီချင်လျက်က အနီကို ရှောင်ဖယ်ပြေးကြလျှင် ခင်ဗျားသည် နီချဉ်ဖတ်ကြီးအဖြစ် ခရီးဆုံးပေါက်မြောက်ပြီ ဖြစ်လေတော့သည်။

ဤတွင် ခင်ဗျားသည် ဟတ်ချလောင်းနီဘဝမှ အဆင့်ဆင့်မြင့်တက်ကာ နီချဉ်ဖတ်ကြီးအဖြစ်နှင့် ငါးပိရည်ဆမ်းပေါက်မြောက်ခြင်းသို့ ရောက်လတ္တံ့ပြီသာမှတ်။

အပ္ပမာဒေန သမ္ပာဒေထ။

ဗြိတိသျှကိုကိုမောင်