News

POST TYPE

SATIRE

ကာချုပ်ချင်းပြိုင် ဘယ်သူနိုင်
26-Feb-2020


အညာက ဦးကြီးထံ ဆက်သွယ်ဖြစ်ဖို့ အကြောင်းက ဖန်လာပြန်သည်။ သည်တစ်ခါတော့ အပြန်အလှန်ဆွေးနွေးမေးမြန်းချင်သည်များရှိသဖြင့် ဦးကြီးထံ စာမရေးတော့ဘဲ ဖုန်းနှင့် ဆက်သွယ်ဖြစ်သည်။ ဖုန်းစခရင်ပေါ်က နံပါတ်တွေဆီတို့ထိကာ ခေါ်ဆိုအပြီး “တူ” ဆိုသည့် သံရှည်ဆွဲသံနှင့်အတူ ဖုန်းဝင်သွားသည်။

“ဟယ်လို”

“ဦးကြီး...ကြားရလား”

“ဟယ်လို”

“ဟယ်လို”

“အေးကွ...ငါ့တူကြီး မောင်ဂျေမဟုတ်လား။ ပြော ... ဘာကိစ္စအကြောင်းထူးပြန်သတုန်း”

ဦးကြီးဘက်က ထူးသံနှင့်အတူ အမေးစကားပါ တွဲပါလာသည်။ မောင်ဂျေ သူ့ထံ စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း တစ်နည်းနည်းဖြင့်ဆက်သွယ်ပြီဆိုလျှင် အကြောင်းထူးတစ်ခုခုရှိနေပြီဆိုသည်ကို ဦးကြီးသိနှင့်ပြီးဖြစ်သည်။ 

“ဒီလိုဗျ ဦးကြီးရ။ တစ်လောက ထိုင်းမှာ စစ်သားတစ်ယောက်က အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ ရက်ရက်စက်စက်ပစ်သတ်လိုက်တဲ့ သတင်းဦးကြီးလည်း ကြားပြီးရောပေါ့။ အပြစ်မဲ့ပြည်သူ ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်လေ”

“..........................................”

ဦးကြီးထံမှ ဘာစကားမှတုံ့ပြန်မလာ။ စိတ်အထင် မောင်ဂျေဆက်ပြောမည့်နောက်ဆက်တွဲ စကားကို စိတ်ဝင်တစား စောင့်ဆိုင်းနေဟန်ရှိသည်။ ထို့ကြောင့် စကားကိုသာ ဆက်လိုက်သည်။

“အဲဒါ...တစ်နေ့ကပဲ သူတို့ရဲ့ကာချုပ်ကြီးက ပြည်သူကို တောင်းပန်လိုက်သတဲ့”

ဦးကြီးထံမှ “ဟေ” ဆိုသည့် အသံတစ်သံသာ ကြားလိုက်ရသည်။ ဘာစကားမှဆက်ထွက်မလာ။

“ဟုတ်တယ်။ ဦးကြီးရေ မယုံမရှိနဲ့ ထိုင်းကာချုပ်ကြီးက တောင်းပန်တဲ့အကြောင်း သတင်းမီဒီယာတွေမှာတောင် တရားဝင်ဖော်ပြလာတာ ဦးကြီးရ”

ဦးကြီးထံမှ ဒုတိယမ္ပိ “ဟေ” ဆိုသောစကား တစ်ခွန်းသာထပ်ထွက်လာပြန်သည်။ ဦးကြီးအတွက် ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ်တစ်ခုနှင့် ကြုံဆုံနေသည့် သဘောဖြစ်မည်။ မောင်ဂျေတို့လည်း ထိုသတင်း ကြားကြားချင်းက မယုံနိုင်ဖြစ်ခဲ့ရသည်။ ဟုတ်လည်း ဟုတ်သည်။ မောင်ဂျေတို့ဘဝတစ်လျှောက် စစ်ဘက် အကြီးအကဲတစ်ဦးက ထိုသို့ ပြည်သူထံဝန်ချ တောင်းပန်သည်ကို ကြုံမှမကြုံဖူးခဲ့ကြသည်ပဲလေ။

ကာချုပ်ဆိုသည့် ရာထူးကြီးကြီးပိုင်းက လက်အောက်ငယ်သားကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်ပြီး ယခုလို လူသိရှင်ကြားတောင်းပန်သည်ဆိုသည်မှာ အိပ်မက်မက်နေသလားဟုပင်ထင် မြင်မိလျက် ကိုယ့်ကိုယ်ကိုယ်ပင်ပြန် ဆွဲဆိတ်ကာ မေးကြည့်ရမည့်ကိန်းဖြစ်သည်။ ကြုံတောင့်ကြုံခဲမို့ ထိုသတင်းကို ကြားသိရသည့် မြန်မာပြည်သူ များ လည်း အံ့သြမှင်တက်ခဲ့ကြသည်။ လူမှုကွန်ရက်ပေါ်တွင် အံ့သြကြောင်း၊ မယုံကြည်နိုင်ကြောင်း မှတ်ချက်များဖြင့် ထိုတစ်နေ့လုံးဝေစည်ခဲ့ရသည်။ ယခုကဲ့သို့ ဦးကြီးထံဆက်သွယ်ဖြစ်ရသည့်အကြောင်းအရင်းသည်လည်း ထိုသို့သော မယုံနိုင်ဖွယ်ဖြစ်ရပ်ကြောင့်ပင် ဖြစ်သည်။ 

“ဦးကြီးကလည်း ကျွန်တော်ပြောသမျှ တစ်ဟေတည်း ဟေနေတော့တာပဲ။ ဒီတစ်ခါထပ်ပြောရင် မဟေတော့နဲ့”

“အေး ... အေးပါကွာ။ မင့်စကားတွေကြားရတာ ကိုယ့်နားကိုယ်မယုံဖြစ်မိလို့ ဟေမိတာပါ။ ဆက်ပြောပါဦး”

“ဒီလိုဦးကြီးရေ။ အဲဒီကာချုပ်က တောင်းပန်ရုံတင်မကဘူး။ အဲဒီနေ့ပွဲမှာ ငိုပါငိုသေးသတဲ့။ ငိုသမှ အကြိမ်ကြိမ်ကို ငိုတာတဲ့ဦးကြီးရေ။ ပြီးတော့ သူက ပြောသေးတာတဲ့ သေနတ်မောင်းဆွဲပြီး ပြည်သူကို ပစ်သတ်လိုက်ချိန်ကစပြီး အဲဒီစစ်သားဟာ စစ်သား မဟုတ်တော့ဘူး ရာဇဝတ်သားဖြစ်သွားပြီလို့ဆိုသတဲ့ ဦးကြီးရေ”

“..........................................”

ဒီတစ်ခါတော့ဖြင့် ဦးကြီးထံမှ တတိယမ္ပိထွက်လာမည့် “ဟေ” ဆိုသောစကားပင်မကြားလိုက်ရ။ ဦးကြီးဘက်က တိတ်ဆိတ်ငြိမ်သက်သွားလိုက်သည်များ အသက်ရှူသံပင်ကြားနေရသည်အထိ။

“ဟယ်လို ... ဟယ်လို ... ဦးကြီး။ ကျွန်တော် ပြောတာ နားထောင်နေရဲ့လား။ ကြားရဲ့လား။ လိုင်းမကောင်းလို့လား”

“ဟမ် ... မဟုတ်။ မဟုတ်ပါဘူး။ မင်းစကားတွေကြားရတာ ငါဖြင့်မယုံနိုင်လွန်းလို့ မှင်တက်သွားထင်ပါရဲ့”

“ ဟုတ်တယ် ... ဦးကြီးရေ။ ဒါကြောင့်လည်း ထူးခြားတာများသိရရင် ဟင်းကောင်းစားရသလိုပဲ ဦးကြီးကို သတိရလို့ စာရေးပြီးပြောဖို့တောင် မစောင့်နိုင်ဘဲ အခုလိုဖုန်းဆက်ပြီးပြောရတာ ဦးကြီးရေ။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ကာချုပ်လဲဗျ။ ဘယ်လောက်လေးစားစရာကောင်းလိုက်တဲ့ကာချုပ်လဲဗျ”

“တို့ဆီမှာလည်း အဲဒီလိုကာချုပ်တွေရှိပါ သကောငါ့တူရယ်။ ရှိသမှ တို့ဆီမှာ သုံးယောက်တောင်ရှိတာက”

 “ဦးကြီးနားကြားများလွဲသလားဗျာ။ ကျွန်တော်ပြောတာ ချစ်ရတဲ့ ကာချုပ်နော်”

“အေးလကွာ။ ဟုတ်တယ်လေ”

“ကျွန်တော်ပြောတာ လေးစားရတဲ့ ကာချုပ်နော်”

ဦးကြီးကတော့ ရွဲ့ ပြီထင်သည်။ ကိုယ့်ဦးကြီးအကြောင်း ကိုယ်ကောင်းကောင်းသိပြီးသား။ ခပ်တည်တည်နှင့် စတတ်၊ နောက်တတ်သည့် ဦးကြီးအကျင့်ကိုလည်း သိထားသဖြင့် ထပ်ပြန်တလဲမေးမိခြင်း ဖြစ်သည်။

“အေးပါဆိုကွာ။ ဟုတ်ပါတယ်ဆိုနေမှကွာ။ ပြည်သူချစ်ရတဲ့၊ လေးစားရတဲ့ ကာချုပ် ငါသိတာ သုံးယောက်ရှိပါတယ်ဆိုကွာ” 

“..........................................”

ဒီတစ်ကြိမ်အသံတိတ်သွားရသည်က ကျွန်တော့်အလှည့်ဖြစ်သည်။ မြန်မာတွင် ပြည်သူတွေချစ်ရသည့် ကာချုပ် သုံးယောက်တောင်ရှိနေသည်တဲ့။ နားရှိ၍ သာကြားရသည်။ မောင်ဂျေမယုံနိုင်။ ဘယ်သူတွေများပါလိမ့်။ 

“ဒီမယ် ငါ့တူ။ စာနဲ့ရေးမှတ်ရင်မှတ်ထား။ ငါသိတဲ့ကာချုပ်သုံးယောက်ထဲကတစ်ယောက်က အခုသက်ရှိထင်ရှားရှိ နေတဲ့ သူရဦးတင်ဦး။ ပြည်သူ့မျက်နှာကို ကြည့်ခဲ့၊ ပြည်သူ့အကျိုးကို လိုလားတဲ့ ကာချုပ်ဟောင်းကြီးကွ။ ဒီကနေ့အထိ လေးစားချစ်ခင်နေရဆဲပဲ မောင်ရေ”

“သြော် ... အဲဒီလိုလား။ ဘဘဦးတင်ဦး ဆိုရင်ဖြင့် ဦးကြီးတင်မဟုတ်ဘူး ကျွန်တော်လည်း ချစ်တယ်၊ လေးစားတယ်။ ပြည်သူအများလည်း ထိုနည်းတူပဲဟာ။ ကျွန်တော်သိချင်တာက ...”

“နေဦး ငါတစ်ဆက်တည်းပြောမယ်။ ပြီးမှ မင်းမေးချင်တာမေး။ ဟုတ်ပြီလား။ နောက်တစ်ယောက်က မကြာသေးခင်ကမှ ကွယ်လွန်သွားတဲ့ ဒေါက်တာ ထွန်းလွင်။ သူဆိုရင် မိုးလေဝသသတင်းတွေ ပြည်သူထံ အမြဲမပြတ် တင်ဆက်ပေးပြီး ပြည်သူ့အကျိုးကို ရှေးရှုခဲ့လို့ ပြည်သူက ချစ်လွန်း၊ အားကိုးလွန်းလို့ မိုးလေဝသကာချုပ်ကြီး ဆိုတဲ့ဘွဲ့ကို ကျေကျေနပ်နပ် ပေးခဲ့တာ။ နောက်တစ်ယောက်က နာရေးကူညီမှု အသင်းက ဦးကျော်သူ။ သူဆိုရင်လည်း ပရဟိတလုပ်ငန်းတွေမှာ ရှေ့တန်းက ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သူ တစ်ဦးမဟုတ်လား။ ပြည်သူကပဲ ချစ်လွန်း၊ အားကိုး လွန်းလို့ ပရဟိတကာချုပ်ကြီးရယ်လို့ အမည်ပေး ခေါ်ဝေါ်သမုတ်ခဲ့ကြတာပေါ့ မောင်ရာ။ အေး ... အဲဒါကတော့ ငါသိတဲ့ ကာချုပ်သုံးယောက်ပဲဟေ့”

“သြော် ... အဲဒီလိုလား။ သိပါပြီ ဦးကြီးရေ။ ပြည်သူချစ်တဲ့၊ လေးစားတဲ့ ကာချုပ်တွေကို သေသေချာချာလည်း မှတ်သားထားပါ့မယ်ဗျ။ ဒါနဲ့ ကျွန်တော် သိချင်တာနောက်တစ်ခုက လက်ရှိတာဝန်ထမ်း ... ထမ်း ... ထမ်း”

“ဟေ့...ဟေ့...ဟေ့...တော်...တော်...တော် လိုက်တော့ မောင်ဂျေ။ “စစ်တပ်ဆိုတာ ပစ်ရင်မှန် အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး” ဆိုတဲ့ ဦးနေဝင်းစကား မင်းလည်းကြားဖူးတယ် မဟုတ်လား။ အဲဒီတော့ စပ်စပ်စုစုတွေ ထပ်မသိချင်တော့နဲ့။ ဒီစကား ဒီမှာပဲရပ်တော့။ ငါ ... ရေတောင်စစ် မသောက်တော့တာ တော်တော်ကြာပြီကွ။ တော်တော်ဆိုမှ တော်တော့်ကိုကြာပြီ။ ဟုတ်ပြီလား။ ဒါပဲ”

“ဟယ်လို”

“ဟယ်လို”

“သြော် ... ဦးကြီးနဲ့တော့ ခက်တော့တာပါ လား။ ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးမလို့ပါဆိုတာထက်တောင် ခက်နေသေးတော့တယ်။ သူထင်ရာမြင်ရာတွေတွေး၊ ထင်ရာမြင်ရာတွေပြောပြီး ဖုန်းကို အတင်းချသွားတော့တာပဲ။ ကျွန်တော် ပြောချင်တာက လက်ရှိတာဝန်ထမ်းဆောင်နေပြီ ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးအသစ်အပေါ် ဘယ်လို မြင်သလဲလို့ လမ်းကြုံတုန်းလေး မေးမလို့ပါ။ ဦးကြီးလိုပါပဲ မောင်ဂျေလည်း ရေကို စစ်မသောက်တော့တာ ရေသန့်ဘူးတွေပေါ်ကတည်းကပဲ ဦးကြီးရေ။ သိဖို့ ... သိဖို့”

မောင်ဂျေ