News

POST TYPE

SATIRE

မဲဆွယ်ချိန်
23-Feb-2020


မဲဆွယ်ကာလမရောက်သေးသော်ငြား မဲတွေကတော့ ဆွယ်ကြပြီ။ သတင်းစာများတွင်လည်း ပါတီသတင်းများ မကြာခဏတွေ့ရသည်။  အပြင်မှာလည်း အမတ်ဖြစ်လိုသူများ တိုက်ပုံဖြင့်လမ်းသလားနေကြသည်။ မမြင်ရမတွေ့ရတာကြာပြီဖြစ်သည့် လက်ရှိအမတ်ကြီး များကိုလည်း အပြုံးများဖြင့်တွေ့လာရသည်။ ဒါပေမဲ့ ဘာမှတော့မေးမရ။ 

အမတ်ကြီးများအနေနှင့် အရင်လိုစကားမများကြတော့။ ပါတီက မရွေးမှာစိုးရိမ်နေသည်။ ဒါကြောင့် လိမ်လိမ်မာမာနေကြသည်။  ဘာမေးမေး မသိချင်ယောင်ဆောင်နေကြသည်။ ပါတီကလည်း အချို့လူတွေပြန်မရွေးဟု ပြောထားတာကိုး။ 

ဒါကြောင့် ပါတီငြိုငြင်မှာကို သိပ်မလိုလား။ ပြည်သူတွေ ငြိုငြင်တာ ပြဿနာမရှိ။ ပါတီငြိုငြင်လျှင်တော့ အမတ်ပြန်ဖြစ်ဖို့မလွယ်။  ပါတီကမရွေးလို့ တစ်သီးပုဂ္ဂလဝင်ပြိုင်လည်း နိုင်မှာမဟုတ်။ ပါတီက ဝင်ပြိုင်လျင်တော့ တစ်လဆယ်သိန်းရဖို့ သေချာသည်။ 

ပြည်သူတွေကတော့ အခုတစ်လော ပျော်ကြပါသည်။ အစိုးရကိုပဲဖြစ်ဖြစ်၊ ပါတီကိုပဲဖြစ်ဖြစ် လွတ်လပ်စွာဝေဖန်နိုင်ကြသည်။  ဝေဖန်မှုတွေကို သိပ်အရေးမယူကြတော့။ လွန်ခဲ့သောနှစ်များကတော့ ဝေဖန်လို့မရ။ ဝေဖန်လျှင် တရားစွဲခံရနိုင်သည်။ အခုတော့လည်း ရွေးကောက်ပွဲကာလနီးပြီမို့ နာမည်သိပ်အပျက်မခံကြတော့။ ပြည်သူများကို လွတ်လပ်ခွင့်ပေးလိုက်ပေပြီ။ ဝေဖန်မှုများကို အပြုံးနှင့် တုံ့ပြန်သည်။ အချို့ကလည်း မသိချင်ယောင်ဆောင်နေကြသည်။ 

ဒါကြောင့် ရွေးကောက်ပွဲကို နှစ်စဉ်ပြုလုပ်စေချင်မိသည်။အခုက ငါးနှစ်တစ်ကြိမ်။ ဒီတော့ မဲဆွယ်သည့် တစ်နှစ်ပဲ အလုပ်လုပ်ကြသလိုဖြစ်သည်။ အခြားအချိန်တွေမှာတော့ ပျောက်နေကြသည်။ ပြည်သူကိုလည်း ဂရုသိပ်မစိုက်။ တစ်လ ဆယ်သိန်း နည်းတာကိုပဲ အချင်းချင်းဆွေးနွေးနေကြသလား မသိ။ ရွေးကောက်ပွဲသာ တစ်နှစ်တစ်ကြိမ်လုပ်မည်ဆိုလျှင်...။ ပျော်စရာတော့ တော်တော်ကောင်းပါလိမ့်မည်။ ပြည်သူတွေလည်း အစိုးရနှင့်တကွ သက်ဆိုင်ရာဌာနများကို လွတ်လပ်စွာဝေဖန်နိုင်မည်။ ပြီးတော့ အမတ်ကြီးများကိုလည်း အမြဲတမ်းအပြုံးဖြင့် မြင်ရမည်။ မြောင်းတွေဆယ်ချင်ယောင်ဆောင်တာ။ အမှိုက်တွေ လှည်းချင်ယောင်ဆောင်တာ။ ပြည်သူတွေနဲ့ မကြာခဏတွေ့ချင်ယောင်ဆောင်လိမ့်မည်။ 

တကယ်တော့ အမတ်ကြီးများ၏ တာဝန်သည် ဥပဒေပြုရေးပင်ဖြစ်၏။ တိုင်းပြည်အတွက်လိုအပ်သောဥပဒေတွေကို ပြဋ္ဌာန်းရေးလုပ်ရမည်။ တိုင်းပြည်အတွက် မလိုအပ်သော ဥပဒေအတားအဆီးတွေကို ဖျက်သိမ်းရမည်။ ပြည်သူတွေ၏ လွတ်လပ်မှုကို ထိခိုက်သော ဥပဒေများကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ဘာပဲဖြစ်ဖြစ် လက်ရှိအမတ်တွေလည်း အလုပ်လုပ်ကြသည်။ လွှတ်တော်ထဲမှာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့လုပ်ကြသည်။ အဓိကကတော့ ခြေ/ဥပေါ့။ 

လက်ရှိ လွှတ်တော်ထဲရောက်နေသူအများစုကလည်း ခြေ/ဥကို ပြင်မည်ဟုပြောပြီး တက်လာတာကိုး။ ဒီတော့ ဘာပဲဖြစ်ဖြစ် ကြိုးစားနေကြသည်။ ခက်တာက ရွေးကောက်ပွဲနီးမှ ပြင်ဖို့ကြိုးစားကြခြင်း ဖြစ်သည်။ အချို့ကတော့ ဝေဖန်ကြသည်။ ခြေ/ဥကို အပျင်းပြေပြင်နေတာတဲ့။ 

စိုပြေကတော့ မထင်ပါ။ တကယ်ပြင်နေတာပဲ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း အချို့သော ပုဒ်မတွေပဲပြင်လို့ရမည်။ ဘာလို့လဲဆိုတော့ အချို့ပုဒ်မတွေက လွှတ်တော်အမတ် ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံလျှင် ပြင်လို့ရသည်။ အချို့ပုဒ်မတွေကတော့ ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှ ပြင်ရမည်။ ဒါပေမဲ့ စစ်တပ်ကလည်း ၂၅ ရာခိုင်နှုန်း ယူထားတော့ ပြင်ဖို့မလွယ်။ 

အမတ်တွေက ပြင်ချင်ပါတယ်။ စစ်တပ်က မပြင်ချင်တာကြောင့်ပါလို့ဟု အကြောင်းပြလို့ရသည်။ အဲ့တော့ ပြည်သူတွေကလည်း ငါတို့ အမတ်တွေ အလုပ်လုပ်သားဟု တွေးကြလိမ့်မည်။ ဒီတော့ မဲတွေထည့် ကြမည်ဖြစ်သည်။ ဒါကြောင့် အပျင်းပြေ ပြင်တာ မဟုတ်နိုင်။ ရွေးကောက်ပွဲနှင့် ကွက်တိကျအောင် ပြင်ခြင်းပင်။ 

ဒါမျိုးက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကလည်း တွေ့ခဲ့ဖူးသည်။ အဲ့တုန်းက လွှတ်တော်ကလည်း ခြေဥပါပုဒ်မအချို့ကို ပြင်ခဲ့သေးသည်။  ရွေးကောက်ပွဲ နှင့် ကွက်တိဖြစ်အောင်ပေါ့။ ဒါပေမဲ့ မဲတော့ သိပ်မရလိုက်ပါ။ 

အဲ့ကာလတုန်းက သမ္မတဖြစ်သည့် ဦးသိန်းစိန်လည်း နိုင်ငံအနှံ့ပတ်သွားခဲ့ဖူးသည်။ ရုံးတောင်တက်ရဲ့လားမသိ။ ပြည်သူတွေနှင့်ပဲတွေ့သည်။ သတင်းစာတွေ၊ တီဗီတွေမှာ မကြာခဏတွေ့ရသည်။ မဲဆွယ်သည်ဟုတော့ မသုံးနှုန်း။ ဒါပေမဲ့ မဲဆွယ်ပွဲတွေနှင့် သိပ်တော့မခြားပါ။ 

အခုလည်း အမေစုနိုင်ငံအနှံ့ပတ်သွားနေပြီ ဖြစ်သည်။ အရင်လည်း သွားနေပေမယ့် အခုလောက် ခရီးစဉ်တွေသိပ်မစိပ်။  အခုတော့ ခပ်စိပ်စိပ်လေး သွားနေပြီ။ ပြည်သူတွေ၏ လိုအပ်ချက်များကို လိုက်လံ စုံစမ်းနေခြင်းသာဖြစ်ပါလိမ့်မည်။ 

အခုအချိန်ထိ ရန်ကုန်မြို့ရှိ ဘေလ်ဘုတ်ကြီးများတွင် အမေစုပုံများ နေရာယူထားသည်။ အမေစု နှင့်အတူ ဟူသော ဆိုင်းဘုတ်ကြီးများစိုက်ထူထားသည်။ 

ICJ တွင် တရားရင်ဆိုင်ရစဉ်က စိုက်ထူထားခြင်းဖြစ်သည်။ အခုဆို ICJ မှာ တရားရှုံးတာလည်းကြာပြီ။ သို့သော်လည်း စိုက်ထူထားဆဲ။  ဘယ်အခြေအနေဖြစ်ဖြစ် ပြည်သူတွေက အမေစုနှင့် ရပ်တည်ကြောင်းပြသနေခြင်းပင်ဖြစ်တော့သည်။ ဈေးကြီးလွန်းလှသော ထိုဆိုင်းဘုတ်များအတွက် ကုန်ကျစရိတ်ကို ဘယ်သူပေးသလဲတော့မသိ။ 

ဆိုင်းဘုတ်များက အနီရောင်တောက်တောက်ဆိုတော့ အရင်ခေတ်က ဆိုင်းဘုတ်အချို့ကိုပင်သတိရမိသေးသည်။ 'တပ်မတော်သာ၊ အမိ၊ တပ်မတော်သာ အဖ' ဆိုသည့် ဆိုင်းဘုတ်များ။ 'တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်' ဆိုသည့် ဆိုင်းဘုတ်များ။ 

ဘာပဲဖြစ်ဖြစ် ယခုအစိုးရလက်ထက် စိုက်ထူထားသော ဆိုင်းဘုတ်များကတော့ အမေစုပုံလေးပါသမို့ ကြည့်ပျော်ရှုပျော်ရှိလှပါသည်။ 

စိုပြေ 
3:13 PM 22-Feb-20