News

POST TYPE

SATIRE

ကိုကြင်စိုးရက်စက်တယ်
19-Feb-2020


ကိုကြင်စိုးဟာ ကျွန်တော့်အဘိုးရဲ့ မဟာပြိုင်ဘက်။ မဆလခေတ်မှာ အဘိုးက ဒိုင်မှူး။ ကိုကြင်စိုးကလည်း ဒိုင်မှူးပဲ။

အဲ့ဒီခေတ်က လယ်သမားတွေဟာ စပါးကို တရားဝင်ရောင်းဝယ်ခွင့် မရှိဘူး။ကျေးရွာအလိုက် ရှိနေကြတဲ့ အစိုးရဆန်စက်တွေကိုပဲ သွင်းကြရတယ်။ ဒီခေတ်မှာ ဆန်စက်ကို အပိုင်စိုးရတဲ့ ဒိုင်မှူးတွေဟာ အကောင်ပဲ။

ကိုယ့်ဆန်စက်ဆီ စပါးလာသွင်းရတဲ့ ကျေးရွာတွေက လယ်သမားအားလုံးအပေါ် သြဇာရှိတယ်။

ဒီတော့ ရေလျှံတယ်။

တချို့ဒိုင်မှူးတွေကတော့ ရွာမှာအနေကြာ ရွာခံလယ်သမားတွေနဲ့ ရင်းနှီးလာကြတော့ မျိုးစပါး ဘာညာအတွက် လယ်သမားကို အသာလေးပြန်ရောင်းပေးတာတို့၊ လယ်သမားက ဆန်လာကြိတ်ရင် လိုတိုးပိုလျှော့ အကြံအဖန်လေးလုပ်ပေးတာတို့ ရှိကြတယ်။

မဆလစနစ်ဆိုးအောက်မှာ လယ်သမားနဲ့ ဒိုင်မှူးတွေဟာ နှစ်ဖက်အဆင်ပြေအောင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကြံဖန်နေကြရတာပေါ့။

ဒီလို နယ်ပယ်တစ်ကြော ရွာစဉ်အလိုက် ဒိုင်မှူးတွေကြားမှာ ပြဿနာရှိတာ ကိုကြင်စိုးပဲ။

သူက ပါတီနဲ့ပိုင်တယ်။ကောင်စီနဲ့ ပိုင်တယ်။သူကိုယ်တိုင်လည်း တခြားဒိုင်မှူးတွေလို အကြံအဖန်ရှိတာပဲ။ဒါပေမဲ့ တခြားဒိုင်မှူးတွေ အကြံအဖန်ဆိုတာကြားတာနဲ့ သူ့ဆီကနေ ပါတီ၊ ကောင်စီရော၊ ကုန်သွယ်လယ်ယာကိုပါ တိုင်စာ ပစ်စာ ရောက်တော့တာပဲ။တချို့ဒိုင်မှူးတွေလည်း သူ့ကြောင့် အလုပ်ပြုတ် ထောင်ကျကုန်တယ်။

ကျွန်တော့်အဘိုးကတော့ အလုပ်မပြုတ်ပေမယ့် သူ့ကြောင့် အချုပ်ထဲ တစ်လလောက်တော့ အောင်းလိုက်ရသပေါ့။

ကိုကြင်စိုး လက်စာမိတဲ့ ဒိုင်မှူးတွေဟာ အဲ့ဒီတုန်းက နာမည်ကြီးနေတဲ့ စိုးလွင်လွင်ရဲ့ ရီရီစိုး ရက်စက်တယ် ဆိုတဲ့ သီချင်းစာသားနေရာမှာ ကိုကြင်စိုး ရက်စက်တယ်လို့ထည့်ဆိုပြီး ညည်းတွားခဲ့ရသပေါ့။

ကိုကြင်စိုးက ဘာကြောင့်ဒီလိုလုပ်သလဲ။

သူ ဒိုင်မှူးလုပ်တဲ့နယ်နဲ့ကပ်လျက် ဆန်စက်က ဒိုင်မှူး မသမာတာကို တိုင်လိုက်ရင် အဲ့ဒီဆန်စက်ဟာ ဒိုင်မှူးမရှိခင်၊ အမှုစစ်နေတုန်း ခဏရပ်ထားရတယ်။ဒီတော့ အဲ့ဒီနားက လယ်သမားတွေက ကိုကြင်စိုး ဒိုင်မှူးလုပ်တဲ့ ဆန်စက်ဆီသွားပြီး စပါးပေး ဆန်ကြိတ်ကြရ တယ်။

လယ်သမားများလေ ဒိုင်မှူးကိုက်လေပဲ။ ကိုကြင်စိုး ခေတ်ပေါ့။

ဒီတော့ ကိုကြင်စိုး မဟုတ်တာလုပ်ရင်ရော တခြားသူတွေက မတိုင်ဘူးလား။ တိုင်သပေါ့ဗျာ။ အချင်းချင်း ယုတ်မာသလို၊ လယ်သမားတွေအပေါ်လည်း အနိုင်ကျင့်၊ လယ်သမားမယား ကြာခိုဒီလိုစရိုက်ရှိတဲ့လူကို တိုင်စာက ခဏခဏတက်တာပေါ့။

သက်ဆိုင်ရာက လာဆင်းစစ်ပြီဆိုပါစို့။ ဒိုင်မှူး ကိုကြင်စိုးပိုင် ဆန်စက်ရှိတဲ့ ရွာကလူအချို့ဟာ ကိုကြင်စိုးကို လွန်ဆန်နိုင်တဲ့လူတွေ မဟုတ်ကြဘူး။ သူတို့ကိုကျ ကိုကြင်စိုးက ပေးထား၊ ကမ်းထား၊ အခွင့်အရေးတွေ ပေးထားတယ်။

ဒီထဲ ရွာမှာ သြဇာရှိတဲ့ ပြည်သူ့စစ်တွေလည်းပါတယ်။တချို့ကိုဆို သူ့ဆန်စက်ဘေးပတ်လည်မှာ တဲထိုးပြီးပေးနေတယ်။

အထက်က စစ်ကြောရေးအဖွဲ့က ဆန်စက်ထဲရောက်နေပြီ ဆိုပါစို့။ အဲ့ဒီလူအုပ်ဟာ ရွာထွက် ငှက်ပျောသီးတွေ၊ ငါးရံ့ခြောက်တွေနဲ့ ဆန်စက်ဝင်းထဲ ရောက်လာရော။ လာစစ်တဲ့သူတွေကို လာဘ်ထိုးတယ် မထင်နဲ့။ကိုကြင်စိုးနေတဲ့ ဂိုဒေါင်ဘေးက အခန်းဆီသွားပြီး လက်အုပ်လေးတွေချီ ကန်တော့ကြတာ။

"ဦးလေး...ကယ်လို့...ကျွန်တော်တို့ ရွာကလေး စီးပွားရေးအဆင်ပြေတာ" ဆိုတာက တစ်မျိုး။
"ရွာဦးက စေတီလေ... ဦးလေးကျေးဇူးနဲ့ ရွှေသင်္ကန်းကပ်နိုင်တာ...နို့မဟုတ်...တခြားရွာက စေတီတွေလို ထုံးသင်္ကန်းအဆင့်ပဲ ဖြစ်နေမှာ...ဦးလေး ကျေးဇူးကြီးတယ်" က တစ်သွယ်။

ဦးကြင်စိုးကို တန်းစီ ထိုင်ကန်တော့ကြတော့တာပဲ။

လာတဲ့ စစ်ဆေးရေးအဖွဲ့တွေခမျာတော့ ဒီလောက်ရွာကလူတွေ ထောက်ခံနေတဲ့ ဒိုင်မှူးကို ငါတို့တော့ ပြစ်မှားမိနေပြီ။

မတော်ရွာက မကျေနပ်လို့ သူတို့ကျွေးတဲ့ ကြက်သားဟင်းထဲ အဆိပ်တွေခပ်လိုက်ရင် ငါတို့တော့ဂိန်ပြီ လို့ တွေးမိကြတယ်။

ပြီးတော့ ရွာအဝင်မှာ ရွှေရောင်တဝင်းဝင်း စေတီကလည်း တွေ့ခဲ့တော့ ငါတို့ဟာ သူတော်ကောင်းဘုရား ဒကာကို သံသယနဲ့ လာစစ်နေမိတာများလား ဆိုပြီး တွေဝေကုန်ရော။

တကယ်ကလည်း အဲ့ဒီရွာထိပ်စေတီက ရွှေသင်္ကန်းဆိုတာ ရွာခံလူတွေကတစ်ဝက်၊ ကိုကြင်စိုး ဟိုဒိုင်မှူး ယုတ်မာ၊ ဒီလယ်သမားကို ယုတ်မာနဲ့ ရထားတဲ့ငွေက တစ်ဝက်နဲ့ ကပ်ထားတာပါ။ဒါတောင် လုံးတော်ပြည့်ရွှေသင်္ကန်းက သုံးထောင်လောက်ကုန်တာကို ကမကထလုပ်တဲ့ ကိုကြင်စိုးက ငါးထောင်စာရင်းပြ တွမ်ထားသေးတာ။

ဘာပဲဖြစ်ဖြစ် ရွာကထောက်ခံတဲ့အုပ်စုကြောင့် စစ်ဆေးရေးအဖွဲ့ကလည်း လျှော့ပေါ့စစ်ပြီး ပြန်သွားရသပေါ့။

ဒီ ကီး ကို ကိုကြင်စိုးက သဘောပေါက်သွားတယ်။

ဒါကြောင့် သူ့ဆန်စက်ကို မြို့က အထက်လူကြီးရောက်တာပဲဖြစ်ဖြစ်၊ တခြားပါတီ၊ ကောင်စီက လူကြီးတွေ ရောက်တာပဲဖြစ်ဖြစ် သူ့လူတွေက ကိုကြင်စိုးကို ကျေးဇူးရှင်ကြီးဆိုပြီး ဖင်ထောင်လာကန်တော့ပြတော့ တာပဲ။

တကယ်က သူ့လူတစ်သိုက်ပါပဲ။

ရွာထဲက တကယ့်ရွာခံတွေကတော့ ကိုကြင်စိုးကို ဆန့်ကျင်ရင် စပါးသွင်းတဲ့အခါ ပြဿနာရှာခံရမယ်၊ ဒါမှမဟုတ် ပြည်သူ့စစ်ရဲ့ လက်နှိပ်ဓာတ်မီးနဲ့ထုတာ ခံရမယ်ဆိုတာသိတော့ အဲ့ဒီအချိန်ဆို ဆန်စက်နားတောင် မကပ်ဘူး။
ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်ဆိုတဲ့အတိုင်း ကိုကြင်စိုး မကောင်းကြောင်းက အလီလီထွက်၊ လူကြီးက အကြိမ်ကြိမ်လာ၊ သူ့လူတွေကလည်း ခဏခဏထောက်ခံကန်တော့ပြနဲ့ သံသရာလည်နေတယ်။

အဲ့ဒီရွာမှာ ဘုရားပွဲတို့၊ ကထိန်ပွဲတို့၊ အလှူပွဲတွေ ရှိရင်တောင် ကိုကြင်စိုးကို ထောက်ခံပွဲလောက်မများဘူး။

မဟုတ်တာလုပ်ထားတော့လည်း ကိုယ့်လူနဲ့ ကိုယ် ကတီးကတီး ထောက်ခံကြောင်းပြနေရတာ။

အဲ့ဒီမှာ မြှုပ်ကွက်တစ်ခုရှိတယ်။ ကန်တော့ပွဲပြီး၊ လူကြီးတွေ ပြန်ပြီဆို ကိုကြင်စိုးက သူ့တပည့်တွေ၊ သူ့လူတွေကိုခေါ်ပြီး တစ်ညလုံး အမူးတိုက် အောင်ပွဲခံတာ။ အားလုံးက ဆန်စက်ရှေ့ ကွင်းပြင်မှာ အရက်တွေ အမူးလွန်နေကြပြီဆို ကိုကြင်စိုးကို သွားမရှာနဲ့။

ကိုကြင်စိုးဟာ သူ့တပည့် မိန်းမတစ်ယောက်ယောက်ရဲ့ ခြင်ထောင်ထဲ ဒါမှမဟုတ် သူ့လူလယ်သမား တစ်ယောက်ယောက်ရဲ့ သမီးက ကိုကြင်စိုး ခြင်ထောင်ထဲ ရောက်နေပြီသာမှတ်။

ကြာခဲ့ပါပြီ။

ကိုကြင်စိုးကြီးလည်း ကုန်သွယ်လယ်ယာဖြုတ်၊ ထုတ်ပွဲမှာ ပြုတ်သွားခဲ့ပါပြီ။

ကိုကြင်စိုးကို ကတီးကတီး ကန်တော့ခဲ့၊ ထောက်ခံခဲ့တဲ့သူတွေ ဘာဖြစ်သွားတုံး။

ဘာမှ မဖြစ်ပါဘူး။ ဘယ်ဖြစ်မလဲ။

သူတို့ ချွေးတလုံးလုံး လယ်ထဲရုန်းပြီး ကျွေးမွေးပြုစုနေတဲ့ သူတို့ရဲ့ အငယ်ဆုံးသားသမီးတွေ၊ သူတို့မြေးတွေဟာ... သူတို့သွေး အစစ်မဟုတ်ဘဲ...ကိုကြင်စိုး သွေးဖက်စပ်ပါနေတယ်ဆိုတာ သူတို့မှ မသိကြပဲ။

တချို့ဆို ဖက်စပ်တောင်မဟုတ်... ကိုကြင်စိုး လက်ရာအပြည့်အဝပါပြီး ကိုကြင်စိုး ရုပ်ကလေးတွေတောင်ဖြစ်လို့...။

ဒါတွေသာ သူတို့သိရင်တော့... သူတို့ ကတီး ကတီးသွားကန်တော့ခဲ့ကြ၊ ခဏခဏထောက်ခံခဲ့ကြတဲ့... ဒိုင်မှူးကြင်စိုးကြီးကို သွားများသတ်မလား...ဒါမှမဟုတ် စိုးလွင်လွင်သီချင်းအလိုက်နဲ့ ကိုကြင်စိုး ရက်စက်တယ်လို့ ညည်းကြမလား...မပြောတတ်တော့ဘူး။

တစ်လောကတော့...သူတို့ရဲ့ ကျေးဇူးတော်ရှင် ကိုကြင်စိုးကြီးတစ်ယောက် လေဖြတ်ပြီးဆုံးရှာပြီလို့ သတင်းကြားတော့... ဒီလူတော့ ငရဲပြည်မှာ ထောက်ခံပွဲတွေ၊ ကန်တော့ပွဲတွေ လုပ်နေဦးမလားလို့တောင် ကျွန်တော်တွေးမိသေးတယ်။

ကျွန်တော့်အဘိုးဆုံးပြီး ဆယ့်ငါးနှစ်အကြာမှ ဦးကြင်စိုး ဆုံးသွားခဲ့တယ်ဆိုတော့...

အင်း...ဒီလူကြီးတွေ...သက်ဆိုးတော့...အတော်ရှည်ကြသား။

ဗြိတိသျှကိုကိုမောင်