News

POST TYPE

SATIRE

ငြိမ်းချမ်းရေး ဝေးသည်မရှိ
16-Feb-2020


အရင်ခေတ်က တီဗီမှာ ခဏခဏလာတယ်။ ပညာရေး ဝေးသည် မရှိတဲ့။ အဝေးသင်ပညာရေးရဲ့ ဆောင်ပုဒ်ပေါ့လေ။ အဝေးသင်တွေအတွက် စာတွေ တီဗီမှာလွှင့်ခါနီးရင် လာတာ။ သဘောကတော့ ပညာရေးဟာ နီးတယ်၊ ဝေးတယ်ဆိုတာမရှိဘူးပေါ့။ အဝေးကနေ သင်ရင်လည်း တတ်တယ်ပေါ့လေ။ စိုပြေတို့လည်း အဲ့ကြော်ငြာကို ယုံပြီး အဝေးသင်ပဲတက်ဖြစ်သွားတယ်။ ကြော်ငြာက ကောင်းလွန်းတာကိုး။ စာတကယ် တတ်၊ မတတ်တော့ မသေချာပေမယ့် ၅၇ ရက်တိတိ ကြိုးစားလိုက်တာ ဘွဲ့တစ်ခုရလာတာ အမြတ်ပဲလေ။ 

အခုနောက်ပိုင်းတော့ စိုပြေလည်း တီဗီမကြည့်ဖြစ်တော့ အဲ့လိုကြော်ငြာသေးလားမသိဘူး။ ဒါပေမဲ့ အဝေးသင်တွေကတော့ တက်နေကြတုန်းပဲ။ 

အဲ့လိုပါပဲ။ ငြိမ်းချမ်းရေးဆိုတာကလည်း ဝေးတယ်မရှိပါဘူး။ အစိုးရအနေနဲ့ တီဗီမှာတောင် အဲ့ဆောင်ပုဒ်လေးကို ကြေညာသင့်တယ်။ ငြိမ်းချမ်းရေး ဝေးသည်မရှိ ဆိုပြီးတော့ပေါ့လေ။ ဒါဆိုရင် လူတိုင်းစိတ်ထဲမှာ ငြိမ်းချမ်းရေးဟာ ဝေးသည်မရှိဆိုပြီး ယုံသွားကြမှာပေါ့လေ။ 

စိုပြေဟာ ဟိုရက်ပိုင်းက သင်တန်းတစ်ခု တက်ရတယ်။ ရုံးကောင်းမှုနဲ့ပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း သင်တန်းပါ။ အဲ့သင်တန်းကို တက်လိုက်တော့မှ ခုနက ဆောင်ပုဒ်ကို ယုံကြည်လာတယ်။ ငြိမ်းချမ်းရေး ဝေးသည်မရှိဆိုတဲ့ ဆောင်ပုဒ်ပေါ့လေ။ 

မြန်မာပြည်ဟာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီမှာ လွတ်လပ်ရေးရတယ်။ ဧပြီလည်းရောက်ရော ပြည်တွင်းစစ်ဖြစ်တာပါပဲ။ လွတ်လပ်ပြီးဘဝမှာ သုံးလလောက်ပဲ အေးအေးဆေးဆေးနေလိုက်ရတယ်။ အဲ့ဒီ ၁၉၄၈ ခုနှစ် ဧပြီလကနေ အခုထိ မြန်မာပြည်အနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ ဖြစ်တာမှ နေ့စဉ်ကိုဖြစ်တာ။ ကျည်မထွက်တဲ့နေ့၊ ဗုံးမကွဲတဲ့နေ့ဆိုတာ မရှိသလောက်ရှားတယ်။ တစ်ခါတလေတော့ တိုက်ပွဲမဖြစ်တဲ့ရက်တွေ ရှိပါတယ်။ တရုတ်သမ္မတမစ္စတာရှီကျင့်ဖျင် လာတုန်းကပေါ့။ သူ့ကိုတော့ လူတိုင်းလေးစားကြတယ်ထင်တယ်။ ကျန်တဲ့အချိန်တွေကတော့ ဖြစ်တာပါပဲ။ 

ဘာကြောင့် တိုက်ပွဲတွေဖြစ်လဲတော့ မပြောတော့ပါဘူး။ လက်နက်တွေရှိတာကိုး။ လက်နက်တွေ ရှိနေရင်တော့ တိုက်ပွဲက ဖြစ်မှာပဲ။ နို့မို့ဆို လက်နက်တွေ နှမြောစရာကြီး။ အခြားအကြောင်းအရာတွေကလည်း မနည်းမနောပဲလေ။ လူမျိုးရေးကြောင့်၊ ဘာသာရေးကြောင့်၊ ကိုယ်စီကိုင်ဆွဲထားတဲ့ ဝါဒတွေကြောင့်။ မျိုးစုံပဲပေါ့လေ။ 

လက်နက်ကိုင်အဖွဲ့တွေကလည်း စုံလင်တာကိုး။ လူမျိုးတိုင်းလိုလိုမှာ လက်နက်ကိုင်အဖွဲ့တွေရှိကြတယ်။ အားကောင်းတဲ့အဖွဲ့တွေရှိသလို အားနည်းတဲ့ အဖွဲ့လေးတွေလည်း အများကြီးပဲ။ အားအကောင်းဆုံးကတော့ မြန်မာစစ်တပ်ပေါ့လေ။ ငြိမ်းချမ်းတဲ့ဒေသဘက်က လူတွေကတော့ အခြားလက်နက်ကိုင်တွေကို သူပုန်တွေလို့မြင်တယ်။ မငြိမ်းချမ်းတဲ့ဒေသက လက်နက်ကိုင်တွေကလည်း မြန်မာတပ်ကို ကျူးကျော်သူလို့မြင်တယ်။ အမြင်တွေကတော့ မတူကြဘူးပေါ့။ 

အရင်ကတော့ လွတ်လပ်ရေးလိုချင်လို့ တိုက်ကြတယ်။ အခုတော့လည်း အဲ့လိုမဟုတ်တော့ပြန်ဘူး။ စစ်မှန်သော ဖက်ဒရယ်စနစ်လိုချင်လို့ တိုက်ကြပြန်တယ်။ စစ်မှန်သော ဖက်ဒရယ်စနစ်ဆိုတာ ဘာကြီးလဲ။ သိပ်လည်း ရေရေရာရာမရှိကြပါဘူး။ ဖက်ဒရယ်ဆိုတော့လည်း ဖက်ဒရယ်ပေပဲပေါ့။ ဒါပေမဲ့ သေချာသလောက်တော့ တိုင်းရင်းသားတွေဟာလည်း တိုင်းပြည်က မခွဲထွက်ချင်ကြတော့ပါဘူး။ သီးခြားနေပြန်တော့လည်း အဆင်မပြေပြန်ဘူးမဟုတ်လား။ ဘေးက အင်အားကြီးနိုင်ငံတွေကို ကြောက်ရသေးတယ်။ အခုလည်း ကြောက်ရပေမယ့် ကိုယ့်အမှတ်အသားနဲ့ကိုယ်နေလို့ရသေးတယ်။ တရုတ်လက်အောက်ရောက်သွားရင် တိဗက်လို၊ အူဂါတွေလိုဖြစ်မှာ စိုးရိမ်ရသေးတယ်မဟုတ်လား။ 

ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကလည်း မယုံကြည်ကြပါဘူး။ လက်နက်ကိုင်အချင်းချင်းလည်း ကြုံရင်ကြုံသလိုတိုက်တယ်။ အစိုးရ စစ်တပ်နဲ့လည်း အလျဉ်းသင့်သလို တိုက်ကြတယ်။ 

ဒီလိုနဲ့ အရင်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးကြတယ်။ ၈ ဖွဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတယ်။ ဒီအစိုးရလက်ထက်မှာ နှစ်ဖွဲ့လက်မှတ်ထိုးတယ်။ ကျွမ်းကျင်သူတွေ ပြောတာကတော့ အဲ့အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ရဲ့ အင်အားဟာ နည်းနည်းလေးပဲတဲ့။ လက်နက်ကိုင်သူပုန်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်လို့ဆိုတယ်။ ဒါတောင်မှ ရှမ်းလို၊ ကရင်လို အဖွဲ့ကြီးတွေပါနေလို့။ အခြားအဖွဲ့လေးတွေက NGO သာသာလောက်ရှိကြတာဆိုပဲ။ 

ကိုယ့်ဒေသမှာလည်း နေရာခြေကုပ်မရှိ။ လက်နက်ကလည်းမရှိ။ လက်နက်ချဖို့ဆိုရင်တောင် အရင်ဆုံး လက်နက်တပ်ပေးရမယ့်အဖွဲ့တွေ။ ပြည်သူ့စစ်တွေလောက်တောင် အားမတောင့်ဘူးပေါ့လေ။ 

မြန်မာပြည်မှာကလည်း ပြည်သူ့စစ်တွေက အားကောင်းနေပြန်တယ်။ သူတို့တွေကို စစ်တပ်က ထိန်းချုပ်ထားတယ်ဆိုပေမယ့် လက်နက်တွေကိုင်ထားတော့ ကြောက်ရတာပါပဲ။ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းကလည်း ပြည်သူ့စစ်ထိန်းချုပ်ဒေသတွေကို မဲဆွယ်ဖို့ မလွယ်ဘူးလေ။ မဲလာဆွယ်တဲ့ အမတ်လောင်းကို လိုက်သတ်လို့ အမတ်လောင်းလည်း ခွေးပြေး ဝက်ပြေး ပြေးခဲ့ရသေးတယ်။ 

ပြီးတော့ မြန်မာပြည်မှာ ပြည်သူ့စစ်အဖွဲ့ပေါင်းက ၅၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့လည်း ဆိုပြန်တယ်။ သူတို့ကတော့ သူတို့ဒေသမှာ ဂိုဏ်းစတားတွေပဲပေါ့။ အဲ့လို ပြည်သူ့စစ်ကနေ ပုန်ကန်သူဖြစ်သွားတဲ့ အဖွဲ့တွေလည်း ရှိတာပေါ့လေ။ 

ပြောရရင်တော့ လက်နက်ကိုင်အင်အားရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ အပစ်ရပ်လက်မှတ်ထိုးတယ်။ အပစ်ရပ်လက်မှတ်ထိုးထားပေမယ့်လည်း အလျဉ်းသင့်သလို တိုက်ပွဲတွေဖြစ်တယ်။ အပစ်ရပ်လက်မှတ်တောင် မထိုးတဲ့အင်အားကလည်း မနည်းမနော။ ဒီကြားထဲ ပြည်သူ့စစ်အဖွဲ့တွေကလည်း အများကြီးရှိသေးတယ်။ 

အစိုးရကတော့ ငြိမ်းချမ်းရေးဆိုတာကြီးရအောင် လုပ်နေတာပဲ။ ၂၁ ရာစု ပင်လုံတို့ ဘာတွေနဲ့ပေါ့လေ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ် ချုပ်တုန်းက လက်နက်ကိုင်ထားသူမရှိဘူး။ ဒီခေတ်မှာတော့ အကုန်လုံးက လက်နက်တွေကိုယ်စီနဲ့။ 

စစ်တပ်ရဲ့သဘောကလည်း တိုင်းပြည်မှာ စစ်တပ်တစ်ခုပဲ ရှိစေချင်တယ်။ ကျန်တဲ့အဖွဲ့အကုန် လက်နက်ချ။ လက်နက်ကိုင်တွေရဲ့ သဘောကလည်း လက်နက်ကို မစွန့်လွှတ်လိုဘူး။ လက်နက်လေးနဲ့မှ ဂုဏ်လေးရှိပြီး လုပ်စားကိုင်စားလွယ်တာ။ အစိုးရရဲ့ သဘောကလည်း တိုင်းပြည်မှာ စစ်တပ်တစ်ခုမှကို မထားချင်ဘူး။ အာဏာပြန်သိမ်းသွားမှာစိုးရိမ်တယ်။ သူတို့အားလုံးဟာ မျဉ်းပြိုင်တွေဖြစ်နေတာပဲ။ ဆုံမှတ်ဆိုတာမရှိဘူး။ 

ဒီတော့ ငြိမ်းချမ်းရေးဟာလည်း ဝေးသည်၊ မရှိဘူးလို့ပဲ ဆိုရမှာပေါ့လေ။

စိုပြေ