News

POST TYPE

SATIRE

ဂွေးချောင်းပြန်ဆု
12-Feb-2020


မျိုးချစ်တဲ့နေရာမှာတော့ ဂွေးချောင်းပြန်ရွာသားတွေက ကြွေးကြော်လေ့ရှိပါတယ်။ ဂွေးချောင်းပြန်ဟာ သမိုင်းအစဉ်အလာနဲ့ တည်ခဲ့တဲ့ရွာပဲ။

ဘယ်လိုသမိုင်းရှိတာလဲ ဆိုပြန်တော့ကာ အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲဖြစ်တော့ လှေသင်းအတွင်းဝန်က ဧရာဝတီမြစ်ရိုးတစ်လျှောက် ရွာတွေကနေအရေးပေါ် ရဲမက်တွေစုတယ်။

အဲ့ဒီမှာ ဂွေးချောင်းပြန်ရွာကို တည်ထောင်သူတွေဖြစ်လာမယ့် မျိုးချစ်လူငယ်တစ်စုဟာ အရေးပေါ် ရဲမက်တွေအဖြစ် ဂွေးချောင်းခံတပ်မှာ အမှုထမ်းကြပါတယ်။

ဂျနယ်ပရင်ဒါဂတ်ဦးဆောင်တဲ့ မြန်မာပြည်သိမ်း အင်္ဂလိပ်သင်္ဘောတွေ မြစ်ကြောင်းအတိုင်း ဆန်တက်လာတော့ ဂွေးချောင်းခံတပ်က မြန်မာရဲမက်တွေ ဟာရွပ်ရွပ်ချွံချွံ ခုခံကြပါတယ်။

အဲ့ဒီအချိန် ခံတပ်ပေါ်ရှိတဲ့ ဂွေးချောင်းပြန်တည်ထောင်မယ့် လူငယ်တစ်စုဟာ မျိုးချစ်များပီပီ ဒီလိုတွေးမိကြပါတယ်။

“မင်းလှခံတပ်ကိုတော့ ဒီမျက်နှာဖြူကောင်တွေ သိမ်းပိုက်ပြီးပြီ၊ မကြာခင် ဂွေးချောင်းခံတပ်လည်း ကျတော့မယ်၊ ငါတို့ရွာနီးချုပ်စပ်က လူတွေကို ဒီတိုင်း တစ်ပါးသားတွေ ဒုက္ခပေးတော့မယ်။ အမျိုးဘာသာသာသနာကို လူမျိုးခြားတွေ ဒုက္ခပေးတာတော့ မခံနိုင်ဘူး။ ငါတို့ပဲ ဒုက္ခပေးမယ်” ဆိုပြီး ရရာလက်နက်ကိုယူ၊ ခံတပ်ကိုစွန့်ပြီး ရွာနီးချုပ်စပ်က ဘုန်းကြီးကျောင်းတွေချည်း ဓားပြလိုက်တိုက်ကြတော့တာတဲ့။

ဘုန်းကြီးကျောင်းကို တိုက်တာလည်း တိုက်ချင်လို့ တိုက်တာမဟုတ်ဘူး။

ခေတ်က ပျက်နေတော့ ပစ္စည်းဥစ္စာရှိတဲ့သူတွေက ရှိတဲ့လက်ဝတ်လက်စားလေးတွေ ဘုန်းကြီးကျောင်းမှာ သွားအပ်ထားတယ်ဆိုတာကို ရိပ်မိလို့ပဲ။

ဒီလိုနဲ့ ဂွေးချောင်းပြန် မျိုးချစ်သူရဲကောင်းတွေကျေးဇူးကြောင့် မြန်မာပြည်သူတွေရဲ့ လက်ဝတ်ရတနာတွေဟာ နယ်ချဲ့လက် မပါသွားခဲ့ပါဘူး။

ဂွေးချောင်းပြန် မျိုးချစ်တစ်စုကပဲ လက်ဝတ်ရတနာတွေ ထုခွဲရောင်းချပြီး ရွာတည်လိုက်ကြတယ်။

ဒါက ဂွေးချောင်းပြန် မျိုးချစ်သမိုင်း။

ဟော့... အခုလည်း ဂွေးချောင်းပြန်မှာ ထူးခြားတာတွေဖြစ်လာပြီ။

ရွာထိပ်သင်္ချိုင်းက ညောင်ပင်အောက်မှာ ပုဂ္ဂိုလ်တစ်ပါးရောက်နေတယ်။

အသားဖြူဖြူ၊ အရပ်ခပ်ပြတ်ပြတ်နဲ့ ရွှေမျက်မှန်လေး တပ်ထားသေး။ ခေါင်းမှာလည်း သျှောင်တစောင်းနဲ့ အဖြူဝမ်းဆက်ဝတ်ထားသေးတာ။

ရွာသားတွေက သူဘယ်သူလဲ ချဉ်းကပ်ကြပေမယ့် သူက စကားတစ်ခွန်းမှ ပြန်မပြောပါဘူး။ မျက်လွှာကိုချ ဆိတ်ဆိတ်ပဲနေတယ်။

“ကိုးသင်္ချိုင်းအဓိဋ္ဌာန်ဝင်နေတဲ့ လူသူတော်ကြီးကွ”

“တောပုန်းကြီးစံဖဲ တကယ်မသေဘဲ ... သူတော် စင်ဖြစ်နေတာ ဖြစ်မယ်”

“အင်္ဂလိပ်နယ်ချဲ့ကိုတိုက်ပြီး အမျိုးဘာသာသာသနာကို စောင့်ရှောက်မယ့် စကြာမင်းကလေး ဝစီပိတ်လာကျင့်နေတာဖြစ်မယ်”

ဒီလိုနဲ့ ရွာသားတွေဟာ အဲ့ဒီ ဝစီပိတ်ပုဂ္ဂိုလ်ထူးကို နေ့တိုင်း စားသောက်ဖွယ်ရာတွေ လာကပ်ကြ၊ သူနေဖို့ ကျောင်းဆောက်ပေးကြနဲ့ အတော်ကြည်ညိုလာကြတယ်။

ဝစီပိတ်ပုဂ္ဂိုလ်ကလည်း စကားတစ်ခွန်းမှကို မပြောတာ။

ရွာသားတွေကလည်း တစ်ခွန်းမှ မပြောလေ ပိုကြည်ညိုလေပဲ။

တစ်ရွာလုံးက ကိုးကွယ်တဲ့ ဂူအောင်းဘရသေ့ကြီးတောင် မနေနိုင်ဘဲဂူထဲက ထွက်လာရပြီ။

ရွာသားတွေက နောက်မှရောက်တဲ့ ဟိုဝစီပိတ်ဆီ အာရုံရောက်နေကြတော့ သူတောင် လာဘ်ပိတ်ဖို့နီးနေပြီမဟုတ်လား။

ဒါနဲ့ ရသေ့ကြီးက ရွာသားတွေကို စုခေါ်လိုက်တယ်။

“တို့ရွာကိုရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ကျုပ်နဲ့ ရှေးလေးဆယ့်ခုနစ်ဘဝ၊ ဖားခုံညှင်းဘဝက ညီအစ်ကို တော်စပ်ခဲ့ဖူးတယ်။ ကျုပ်တို့နှစ်ယောက်ဟာ ဒီရွာမှာ ပဋ္ဌာန်းဆက်ပါကြတယ်။ ဒီရွာကို အခြေပြုပြီး ကျုပ်က သာသနာပြုမယ်၊ ကျုပ်ပြုတဲ့သာသနာကို ဒီဝစီပိတ် လူသူတော်က ကာကွယ်လိမ့်မယ်။ ဒီတော့ ဝစီပိတ်လူသူတော်ကို သဲညိုကုန်းရွာအနေနဲ့ “အဂ္ဂမဟာဂွေးချောင်း သုဘရာဇာ” ဘွဲ့ ပေးမြှောက်မှ တော်ကာကျပေမယ်”

ဒီတော့ ရွာသားအချို့က ဘွဲ့တံဆိပ်တော်ရဲ့ ဘာသာပြန်ကို ရသေ့ကြီးကို မေးကြတယ်။

“ကြီးမြတ်တော်မူသော ဂွေးချောင်းမှကောင်းခြင်းတို့၏ ဘုရင်” လို့ ရသေ့ကြီးက ဘာသာပြန်ပြလေတယ်။

ရွာသားတွေ သဘောကျသွားတယ်။

ရွာဦးက ပုဂ္ဂိုလ်ထူးကို ရွာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်တဲ့ “အဂ္ဂမဟာဝံသာနုဂွေးချောင်းသုဘရာဇာ” ဘွဲ့ အပ်နှင်းပွဲကို ကျင်းပဖို့ ပြင်ဆင်ကြပါလေရော။

ကလပ်က သိပ်ကောင်းတဲ့ မင်းသားအောင်ငြိမ်း ဇာတ်ကိုငှားပြီးကို ပွဲကြီး ဝှဲချီးကျင်းပတာ။ ရွာနီးချုပ်စပ်ကလည်း လာကြပေါ့။

အဂ္ဂမဟာဝံသာနုဂွေးချောင်းသုဘရာဇာဘွဲ့ခံလူသူတော် ဝစီပိတ်ကြီးကိုလည်း အလုအယက်ဖူးကြပေါ့။ ဂူအောင်းရသေ့ကြီးကိုယ်တိုင် ဘိသိက်သွန်းပြီး ဘွဲ့အမည်ပေးတဲ့နေ့ကဆိုလူတွေမှ ကြိတ်ကြိတ်တိုး။

အဲ့ဒီအချိန် တစ်ဖက်ရွာကို ခဏအလည်လာတဲ့ စပါးပွဲစားကိုကြင်ဆွေလည်း ပါလာတယ်။ စပါးပွဲစားကိုကြင်ဆွေဟာ ဘွဲ့ရ လူသူတော်ဝစီပိတ်ကို သေချာ ကြည့်တယ်။ ထပ်တလဲလဲကြည့်တယ်။

ပြီးတော့ ... သူနဲ့အတူပါလာတဲ့ တစ်ဖက်ရွာက သူကြီးကို တိုးတိုးလေး ကပ်ပြောတယ်။

“ဒါ မြစ်ဝကျွန်းပေါ်ဘက်မှာ နာမည်ကြီးခဲ့တဲ့ သူခိုးရွှေအပဲ ... သူကြီး...ဘယ့်နှယ် ဒီရွာမှာ လူသူတော်လာဖြစ်နေပါလိမ့်”

“ဟုတ်ပါ့မလားကွာ... သူက ဝစီပိတ်ကျင့်နေတာတဲ့ဟ”

“အာ...သူကြီးကလည်း အ,နေတဲ့ကောင်ပါဆိုမှ စကားပြောပါ့မလားဗျ...ဒီကောင် နာမည်ကြီးသူခိုး ... သူ့ကို ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူခိုးရွှေအမှန်း မသိအောင် စကားမပြောဘဲနေတာနေမယ်”

“ဟ...ဒါဆို ဂွေးချောင်းပြန်သားတွေဖင်ဘူး တောင်းထောင်အောင် ကန်တော့နေတာ ကလေကဝ သူခိုးပေါ့...ဟုတ်လား”

“အခု မပြောနဲ့ဦး...ကျုပ်မြို့ရောက်မှ ဒီကောင့်အကြောင်းနဲ့ ပုံပါတဲ့ သတင်းစာတွေ ပို့လိုက်မယ်... ဒီတော့မှ သူကြီး သေချာတိုက်ကြည့်ပေရောဗျာ”

ဒီလိုနဲ့ ဘွဲ့ဆက်ကပ်တော်မူပွဲကြီး ပြီးသွားပါတယ်။

သိပ်မကြာဘူး။ စပါးပွဲစား ကိုကြင်ဆွေဆီက ဟိုဘက်ရွာက သူကြီးဆီ သတင်းစာတွေ အထပ်လိုက်ကြီး ရောက်လာတယ်။

နောက်ရက်ကျ တခြားရွာကလူတွေဟာ ဂွေးချောင်းပြန်ရွာကိုလာပြီး ရွာရဲ့ ဂုဏ်ထူးဆောင် “အဂ္ဂမဟာ ဂွေးချောင်းသုဘရာဇာ” ဝစီပိတ်လူသူတော်ကြီးကို အုန်းအုန်းကျွက်ကျွက် လာကြည့်ကြပါလေရော။

ထူးခြားတာက သူတို့လက်ထဲမှာ သတင်းစာလေးတွေ ကိုယ်စီကိုင်လို့။

ပြီးတာနဲ့ ပြုံးစိစိနဲ့ ပြန်သွားကြတယ်။

“သူခိုးကို ဘွဲ့ပေးပြီး ရှိခိုးနေတဲ့ကောင်တွေဟ”ဆိုပြီး အချင်းချင်းလက်တို့ တခွီးခွီးရယ်ကြသေးတယ်။

ဂူအောင်းရသေ့ကြီးကိုလည်း သူခိုးအားကိုး ရသေ့ကြီးဆိုပြီး နာမည်ပြောင်ပေးကြသေးတာရယ်။ ဒီလို ရွာနီးချုပ်စပ်က လှောင်ကြ၊ သရော်ကြတာကို မျိုးချစ် ဂွေးချောင်းပြန်ရွာသားတွေက မခံနိုင်ကြဘူး။

သူတို့ရဲ့ အမျိုးဘာသာသူရဲကောင်း ဝစီပိတ် “ဂွေးချောင်းသုဘရာဇာ” ကို စော်ကားတာဟာ အမျိုးဘာသာကို စော်ကားတာပဲဆိုပြီး စုရုံးရှုတ်ချပွဲတွေ လုပ်ကြသတဲ့။

အဲ့ဒီအချိန်မှာပဲ အစိုးရက ကမ္ဘာစစ်ကြီးဖြစ်တော့မယ်လို့ ကြေညာတယ်။ ပြီးတော့ လူတိုင်း လေကြောင်း ရန်ကာကွယ်ရေး (ARP) လုပ်ရမယ်၊ လေကြောင်း အချက်ပေးစနစ်တွေနဲ့အတူ လေယာဉ်တွေလာရင် ဘယ်လိုရှောင်ပုန်းရမယ်၊ ညဘက်ကျ မီးခွက်တွေ ငြိမ်းထားရမယ်ဆိုတာတွေ ရွာအထိလာပြီး သတိပေးတယ်။

မျိုးချစ်စိတ်တက်ကြွနေတဲ့ ဂွေးဖြူချောင်းရွာသားတွေကတော့ နယ်ချဲ့အင်္ဂလိပ်အစိုးရ ပြောတာမှန်သမျှ အားလုံးကို ဆန့်ကျင်ရမယ်လို့ ယူဆကြပါတယ်။

သူတို့အားကိုးရာ သူရဲကောင်း အဂ္ဂမဟာ ဂွေးချောင်းသုဘရာဇာနဲ့ ဂူအောင်းရသေ့ကြီးဆီသွား လျှောက်ပြန်တော့ ဂူအောင်းရသေ့ကြီးက ဒီလိုမိန့်ပါတယ်။

“ပထမကမ္ဘာစစ်ဆိုတာ ဖြစ်တုန်းကလည်း သာသနာစောင့်နတ်တွေကယ်လို့ တို့နိုင်ငံဆီ ဘာမှရောက်မလာဘူး။ ရောက်မလာတဲ့အပြင် စစ်တပ်တွေ ရိက္ခာအတွက် ပဲတွေ ဈေးကောင်းပေး ပဲဈေးတွေတက်လာလို့ လယ်သမားတွေ သောင်သာကြတယ်မဟုတ်လား။ ဒီဒုတိယကမ္ဘာစစ်ကျ ဆန်စားတဲ့ဂျပန်တွေပါပါတော့ ပဲဈေးတင်မဟုတ်၊ ဆန်ဈေးပါကောင်းတော့မှာ ပူမနေကြနဲ့၊ လေယာဉ်ပျံဆိုတာတွေ တို့ရွာကိုလာရင်တောင် စပါးတွေ၊ ပဲတွေလာဝယ်တာပဲနေမယ်...အဲ့ဒီကျ တို့ရတနာပုံဆိုက်ပြီ...ပရိသတ်” ဆိုပြီး မိန့်တဲ့အခါ ဝစီပိတ်လူသူတော်ကလည်း ခေါင်းကလေးညိတ် ထောက်ခံလေသတဲ့။

ဂွေးချောင်းပြန်ရွာသားတွေလည်း ကိုယ်တော်နှစ်ပါး ဟောကြားလေသည်မို့ မိုတီဗိတ်တွေ ဖြစ်သွားကြတယ်။

တစ်ရက်မှာတော့ ညကြီးသန်းခေါင်း လေယာဉ်သံတွေ ကြားလိုက်ကြရတယ်။

ဂွေးချောင်းပြန်ရွာသားတွေဟာ ရသေ့ကြီး ပြောသလို လေယာဉ်ပျံတွေနဲ့ ပဲတွေ၊ စပါးတွေ လာဝယ်ကြ ပြီလားဆိုပြီး မီးခွက်တွေထွန်း အိမ်ပြင်ထွက်ပြီး ကြည့်ကြတယ်။

လေယာဉ်ပျံဆိုတာလည်း မမြင်ဖူးကြတော့ ပိုမြင်ရအောင် မီးတုတ်တွေထွန်းပြီး ကောင်းကင်ဆီ လှုပ်ခတ်ရှာကြည့်ကြတာမှာ တစ်ရွာလုံး မီးထိန်ထိန်ညီးပဲ။

အဲ့ဒီအချိန်မှာပဲ နိပွန်ဘုရင့်လေတပ်မတော်က မြန်မာပြည်ဆီ ဗုံးကြဲချဖို့ ပျံသန်းနေကြတဲ့ တိုက်လေ ယာဉ်အုပ်စုဟာ ညအမှောင်ထဲ မီးရောင်တွေ ရုတ်တရက် တလက်လက် ထလာတဲ့နေရာကို ကောင်းကင်က တွေ့လိုက်ရသတဲ့။

ဒါတော့ တောထဲတောင်ထဲက ရန်သူ့လျှို့ဝှက် စခန်းပဲ သေချာပြီဆိုပြီး ဗုံးတွေ အတွဲလိုက်ကြဲချလိုက်တာ... မျိုးချစ်ဂွေးချောင်းပြန်သားများ အကုန် မလကီးယားကြကုန်သတဲ့။

လေယာဉ်တွေ ပြန်သွားချိန်မှ ဝစီပိတ်သူရဲကောင်း တစ်ဖြစ်လဲ ရွှေအသာ သင်္ချိုင်းအုတ်ဂူတွေကြားက ကုပ်ကုပ်လေးထွက်လာပြီး ရွာပျက်ကြီးထဲ တစ်အိမ်တက် တစ်အိမ်ဆင်း ပစ္စည်းအတိုအစ လိုက်ကောက်ကာရွာက ထွက်သွားပါလေတော့တယ်။

ဂူအောင်းရသေ့ကြီးလည်း နောက်ထပ်အောင်းဖို့ ဂူထပ်ရှာရတော့သတဲ့ဗျာ။

ရွာနီးချုပ်စပ်မှာတော့ လူတစ်ယောက်ကို ဂွေးချောင်းပြန်ဆု ပေးလိုက်ရမလားလို့ စနောက်လိုက်ရင် အဲ့ဒီလူက သူ့ကို သူခိုးလို့ ပြောတာဖြစ်တဲ့အတွက် ဆတ်ဆတ်ခါနာကြတဲ့အထိ ပြောစမှတ်တွင်သွားလေသတဲ့။

ဗြိတိသျှကိုကိုမောင်