News

POST TYPE

SATIRE

စစ်တို့၏ ချာရာနသီ
15-Jul-2018 tagged as

တပ်မတော်သည် ချောက်ထဲကျလုနီးနေသော ချာရာနသီပြည်ကြီးအား ဆယ်စုနှစ်များစွာ ကယ်တင်ခဲ့ပေသည်။

ထိုအတောအတွင်း မင်းညီ၊ မင်းသား ဗိုလ်မင်းများကား ကျန်သည့်ဌာနမှလူများ ဘာမှမလုပ်တတ်မည်ကို စိုးရိမ်သဖြင့် ဆိုင်ရာများသို့ အသီးသီး ပြောင်းရွှေ့လာကြ၏။ ထိုသို့ပြောင်းရွှေ့လာတိုင်းလည်း အထက်မင်းအရာရှိဆိုသည့်နေရာမှ ပြောင်းရွှေ့လာသည်ချည်းဖြစ်သည်။

ဒီတော့ သူတို့ကို အောက်ခြေပြည်သူများက မိုးပေါ်မှကျလာပြီး ရွှေဖြစ်ကုန်ကြသည့် ကိုယ်တော်များဟု အဓိပ္ပာယ်ရသောစကားလုံးဖြင့် မိုးကျရွှေကိုယ်များဟု သမုတ်ကျတော့သည်။

ဝုန်းခနဲကျ ဟုန်းခနဲ မူလဘူတ ဘုန်းမီးနေလ တောက်နေသည့် မိုးကျရွှေကိုယ်များအား အထက်ကိုရောက်ဖို့အရေး ကောင်းကင်ကို နွယ်တက်နေသည့်ပဲပင်ကို ဖက်တက်သလို ကုန်းရုန်းတက်လာသည့် ဌာနရင်းအမှုထမ်းများက အထင်လွဲလာကြသည်။

အမှုထမ်းဆိုသည်ကား ပြည်သူ၏ဝန်ကို ထမ်းသူများဖြစ်သည့်အတွက် ပြည်သူထဲက ပြည်သူပင်။

တပ်မတော်သည်လည်း ချာရာနသီပြည်ကြီးကို ကာကွယ်ကာ ပြည်သူ့ဝန်ကိုထမ်းနေသည့် ပြည်သူ့ဝန်ထမ်း တပ်မတော်ဖြစ်နေသည့်အတွက် ပြည်သူ့ဝန်ထမ်းများမှ သဘောထားကွဲလွဲစရာ ဘာအကြောင်းမှမရှိ။

တပ်နှင့်တိုင်းသား ပြည်သူ အမြဲကြည်ဖြူ ဖျက်ရန်ဟူသမျှ ချေမှုန်းကြဟူသော စကားပုံအရဆိုလျှင် တပ်နှင့်ပြည်သူက အမြဲကြည်ဖြူကြမှဖြစ်မည်။ တပ်မတော်သည် ချာရာနသီအရေးတိုင်းတွင် မပါမဖြစ် အင်စတီကျုကြီးဖြစ်နေသည်။

တိုင်းသူပြည်သားများအနေနှင့် တပ်မတော်အပေါ် အနည်းငယ်မျှပင် အထင်လွဲရန် မသင့်ချေ။ ဝေဖန်ရန်လည်း မသင့်တော်။ ထို့ကြောင့် တပ်မတော်၏ သဘောသဘာဝကို နားလည်စေရန်၊ တိုင်းသူပြည်သားများနှင့် တပ်မတော်တစ်သားတည်းဖြစ်စေရန်အတွက် တိုင်းသူပြည်သားများ အားလုံးတပ်မတော်ထဲဝင်ရန် လိုသည်။

တကယ်လို့သာ တိုင်းသူပြည်သားအားလုံး တပ်မတော်ထဲ ဝင်လိုက်လျှင် သင့်အား တပ်မတော်က အလိုရှိသည်ဆိုသည့် ဆိုင်းဘုတ်တွေတောင် မလိုတော့။

တပ်မတော်သည် ပြည်သူ၊ ပြည်သူသည် တပ်မတော် ဖြစ်လာလျှင် ချာရာနသီပြည်ကြီးအား ပြည်သူ့တပ်မတော် နိုင်ငံတော်ကြီးဟု နာမည်ပြောင်းလိုက်နိုင်တော့မည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် စစ်ဒေသ၊ တပ်မြို့ စသည်တို့သာရှိရာမှ ကမ္ဘာ့ပထမဆုံး တပ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်လျှင် ဂီးနက်ကမ္ဘာမှတ်တမ်းပါ ဝင်နိုင်သည်။

နိုင်ငံတကာတွင် စစ်ဆရာဝန်၊ စစ်အင်ဂျင်နီယာ၊ စစ်သူနာပြု ဒါတွေကရှိပြီးသား။

မောင်ဗြိတို့ ချာရာနသီပြည်ကြီးအား ချာရာနသီ တပ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်လျှင်ဖြင့် အုပ်ချုပ်သူ အစိုးရမင်းများသည်လည်း စစ်သမ္မတ၊ စစ်ဝန်ကြီး၊ စစ်လွှတ်တော်အမတ်၊ စစ်တိုင်းဒေသကြီးဝန်ကြီးချုပ် စသဖြင့် အမည်တပ်ကြတော့မည်။

မင်းမှုထမ်း၊ ဝန်ထမ်းများကလည်း အားကျမခံ စစ်ထွေအုပ်၊ စစ်ရဲ၊ စစ်မီးသတ်၊ စစ်ကြက်ခြေနီ၊ စစ်ကျောင်းဆရာ၊ စစ်လဝက၊ စစ်အကောက်အခွန်၊ စစ်စည်ပင်၊ စစ်လဝက စသည်ဖြင့် စစ်ခေါင်းစဉ်အောက်တွင် ညီညွတ်ကြမည်။

အမှုထမ်းများ ညီညွတ်ကြမည်ဆိုတော့ ပြည်သူထဲ ကြည့်လိုက်ဦး။ စစ်ကုန်သည်၊ စစ်ပွဲစား၊ စစ်လုပ်ငန်းရှင်၊ စစ်ကန်ထရိုက်၊ စစ်ပန်းရန်ဆရာ၊ စစ်ဒရိုင်ဘာ၊ စစ်စပယ်ယာ၊ စစ်ကုမ္ပဏီဝန်ထမ်း၊ စစ်အရက်ဆိုင်၊ စစ်စားပွဲထိုး၊ စစ်ဘရာကြော်သည်၊ စစ်ကွမ်းယာသည်၊ စစ်ဝက်သားတုတ်ထိုးသည်၊ စစ်ငါးစိမ်းသည်၊ စစ်ဟင်းသီးဟင်းရွက်သည်၊ စစ်အထည်သည်၊ စစ်ဆံပင်ညှပ်ဆရာ၊ စစ်တက္ကစီသမား၊ စစ်ဘာညာသာရကာ ... စသဖြင့် လူတန်းစားပေါင်းစုံသည် တပ်မတော်၏ စစ်ခေါင်းစဉ်အောက် ညီညွတ်ကြပေပြီ။

အနုပညာလောက တစ်ချက်ငဲ့ကြည့်ပြောတော့လည်း စစ်စာရေးဆရာ၊ စစ်ကဗျာဆရာ၊ စစ်ပန်းချီဆရာ၊ စစ်ပန်းပုဆရာ၊ စစ်ထုတ်လုပ်သူ၊ စစ်ရုပ်ရှင်မင်းသား၊ စစ်ရုပ်ရှင်မင်းသမီး၊ စစ်မော်ဒယ်လ်၊ စစ်ဇာတ်ညွှန်းဆရာ၊ စစ်လူရွှင်တော် ... အိုးရက်စ် ... စစ်စစ်များအားလုံး စုဝေးသည့် စစ်နိုင်ငံတော်ကြီးဖြစ်ချေတော့မည်။

ချာရာနသီနိုင်ငံတော်ကြီးဖြစ်သောအခါ အားလုံးသည် စစ်စကားတွေပြောကြမည်။

ကောင်လေးက ကောင်မလေးကို ရည်းစားစကား လိုက်ပြောသည့်အခါ “ချစ်ခင်နှစ်သက်ကြောင်း အကက (အကြောင်းကြား) ... ပြန်လည်ဖြေကြားပေးရန် ညွှန်ကြား”ဟု ဆိုသောအခါ ကောင်မလေးက “ထိုးနာရီတိုင်း ခမမပည (ခန့်မှန်းမြေပုံညွှန်း) အယက အမှတ် (၃) ခတ (အင်းလျားကန် အမှတ် (၃) ခုံတန်း) တွင် အသင့်အနေအထားရှိရန် အကက” စသဖြင့် ပြောကြသဖြင့် လိုတိုရှင်းနှင့် ကိစ္စမြန်မြန်ပြီး ချေတော့မည်။

လင်ယူသားမွေး အိမ်ထောင်ပြုကိစ္စများတွင်လည်း ကတိသစ္စာအလံကိုကိုင်ကာ သစ္စာဆိုပြီး ရှေ့ကြည့်၊ သတိ၊ တက်၊ ဆက်လုပ်၊ ပြီးစေဖြင့် တိတိကျကျ မြန်မြန်ဆန်ဆန် လုပ်ကြတော့မည်။

ကတိသစ္စာဖောက်ဖျက်ပါက စစ်အိမ်ထောင် စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ၊ စစ်အိမ်ထောင်သည်ကျင့်ဝတ်တို့ဖြင့် စစ်ခုံရုံးတင်ကာ စစ်ဆေးလိမ့်မည်။

ကလေးများများ မွေးသည့်အခါတွင်လည်း သိပ်မပူရတော့။ မနက်လင်းသည်နှင့် စစ်ခရာမှုတ်ကာ အိမ်ရှေ့ကွင်းတွင် ဗုစုခရုများ တန်းစီစေနိုင်တော့မည်။

အမှတ်စဉ် မှတ်ဟုဆိုသည်နှင့် ရင်နှစ်သည်းချာ ရွှေစစ်လောင်းလျာများက တိတ်၊ နှိပ်၊ သုံး၊ လေး၊ တစ်ယောက်လို စသဖြင့် သားသမီးစာရင်းကို တိကျစွာ စစ်ဆေးနိုင်တော့လေသည်။

တန်းစီလူစစ်ပြီးသည့်အခါ သားသမီးတို့အား စာသင်ဆောင်ဝင်စေသင့်သူဝင်၊ ဖက်ထိပ်လုပ်ခိုင်းသင့်သူလုပ်ဖြင့် စီမံချက်အတိုင်း တိကျစွာ ကွပ်ကဲနိုင်တော့ပေမည်။

မလိုက်နာသော သားသမီးအား ဇီးစုမှူး ဇနီးသည်မှ ရေးတင်လျှင် အိမ်ထောင်ဦးစီး ဇီးခွဲမှူးမှ စုံခုံလုပ်ကာ အရေးယူနိုင်တော့မည်။

ဒီလိုနှင့် အနာဂတ်အတွက် စစ်ပုံမကျ မဝင်ရသော စစ်မိသားစုများနှင့် စစ်နိုင်ငံတော်ကြီး တည်ထောင်ကာ တဖြည်းဖြည်းနှင့် ကမ္ဘာကြီးကို စစ်ကမ္ဘာကြီးအဖြစ် ပြောင်းလဲပေးသွားနိုင်လိမ့်မည်။

ထို့ကြောင့် ...

“စစ်ချစ်တဲ့ချာရာ ... စစ်ချစ်တဲ့ကလေးတွေ ... စစ်ချစ်တဲ့ မျိုးချစ်တွေပါဟေ ... အနာဂတ်စစ်စစ်တွေ ... ပိုမိုစစ်နိုင်စေရန် ... တို့ရင်သွေးတိုင်းအတွက်ကွယ် ... တို့စစ်သည်အဖြစ် ခံယူရင်း ...စစ်ဖြစ်နေမယ် ... We are the war. War are the children”ဟု သီချင်းများရေးစပ်ကာ ဂုဏ်ပြုတိုက်တွန်းအပ်ပါသည်။

ဗြိတိသျှကိုကိုမောင်

  • TAGS