News

POST TYPE

SATIRE

စုံထောက်ရောဂါ
30-Jun-2018
ကမ္ဘာ့ ဖလားရာသီက စပြီ။

ဆိုတော့ ... အိမ်က မိန်းမကလည်း ကြည့်ချင်သည်တဲ့။ ဆိုတော့ ... ရှိစုမဲ့စုလေးကြားက စကိုင်းနက် စက်ကလေး ဝယ်တပ်လိုက်သည်။ ရပ်ကွက်ထဲက ကမ္ဘာ့ဖလား ပရိသတ်တွေပါ အိမ်ပေါ် ရောက်လာသည်။ 

လူကြီး ပရိသတ်တင်မက ကလေးပရိသတ်ပါ ပါလာတော့သည်။

“ပုလုကွေးနဲ့ အချစ် ကန်မှာတဲ့ဟေ့”

ပထမဆုံးပွဲစဉ် ဥရုဂွေးနှင့် အီဂျစ်ပွဲကတည်းက ဒီနှယ့် သောက်တလွဲတွေ စပြောတော့သည်။

အုပ်စုပွဲတွေ ပြီးသွားတဲ့ နောက်နေ့ ညမှာ ခေါဘဏီသော ဘောပရိသတ်ကြီးက အိမ်ရှေ့ရောက်လာပြန်သည်။

“ဟ ... ကုလားပိန်ရ ... ဒီနေ့ ... ဘာပွဲမှ မရှိဘူးလေကွာ ... နားတယ်”

“အောင်လ ... အောင်လအောင်ဆန်း လက်ဝှေ့ပွဲရှိတယ် ... ကိုဗြိ ... လာတော့မှာ”

သင်းတို့နှင့်တွေ့လျှင် ဒီလက်ဝှေ့သမားလည်း ဘာခံနိုင်မည်နည်း။ အောင်လအန်ဆန်းကနေ အောင်လ အောင်ဆန်း ဖြစ်သွားရှာသည်။ မသိရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ပဲ အမျိုးတော်သလိုလို။

ကိုယ်တွေကတော့ ... ကိုင်း ... ဝဋ်ရှိသမျှ ခံဦးဟပေါ့။

အောင်လပွဲက ညဉ့်တော်တော်နက်မှ လာသည်။ ပထမပွဲချီများကတည်းက မိန်းမပရိသတ်အချို့နှင့် ကလေးပရိသတ်က ပြန်ကုန်ကြပြီ။ ယောက်ျားသားတွေသာ ကျန်၏။ မိန်းမဆိုလို့ သန်းမြိုင်မိန်းမ လှလှချောနှင့် 
ကုလားပိန်မိန်းမ ကြင်ကြင်စိန်သာ ကျန်သည်။

အောင်လ ထိုးသည်။ ဂျပန် ထိုးသည်။ ငါးချီပြည့်ခါနီး နှစ်ယောက်လုံး လက်ပန်းကျကုန်၏။ မျက်လုံးတွေလည်း ဖူးရောင်နေပြသည်။ သို့သော် ... အောင်လ၏ ပင့်လက်သီးမှာ ဂျပန်ကြီး မှောက်သွား၏။

“အောင်လလေး ... သနားပါတယ်ဟယ် ... မျက်နှာလေးတွေ ဖူးရောင်ကုန်ပြီ”

သန်းမြိုင်မိန်းမ လှလှချောက စုတ်တသပ်သပ် နှင့် ပြောတော့...

“ဟဲ့ ... လှလှချော ... ဒါ လက်ဝှေ့ထိုးနေတာဟဲ့ ... မျက်နှာတွေ ဖူးရောင်မှာပဲ ... မိတ်ကပ်အဖွေးသားနဲ့ ကျော့ကျော့လေး ဖြစ်နေရအောင် မြန်မာအိုင်ဒေါ ဒိုင် လုပ်နေတာ မဟုတ်ဘူး”

ကုလားပိန်က သို့ဂလို ဝင်တွယ်သည်။

ကုလားပိန်နှင့် သန်းမြိုင်။

အင်္ဂလန်နှင့် အာဂျင်တီးနားလို၊ အာဆင်နယ်နှင့် မန်ချက်လို ကျွန်တော်တို့ရပ်ကွက်၏ သမိုင်းကြောင်း ကြီးလှသော မဟာပြိုင်ဘက်များ။

သူ့မိန်းမ လှလှချောကိုထိတော့ သန်းမြိုင်က မခံ။

“ဟေ့ရောင် ... ကုလားပိန် ... အခုလို အောင်လ ဒဏ်ရာတွေနဲ့ အကြာကြီး ထိုးနေရတာ ... မင်းတို့ ငပိန်းတွေကြောင့်ကွ ... တစ်လောက ပွဲမှာ ခဏလေးနဲ့ သူနိုင်တော့ ... မင်းတို့ပြောကြတယ်လေ ... လုပ်ပွဲဆိုပြီး ... ခု သူ နိုင်နိုင်လျက်နဲ့ မင်းတို့ပြောမှာကြောက်ပြီး အချိန် ဆွဲ ထိုးနေတာကွ ... မင်းတို့ ငပိန်းတွေကြောင့် ... ငါတို့ မြန်မာ ဒဏ်ရာတွေရတာ”

သူတို့ ရန်ပွဲကို ကျွန်တော် ရယ်ချင်ပက်ကျိ ဖြစ်နေတုန်း ... ဦးမျိုးလင်းက ကျွန်တော့်နား ကပ်လာသည်။

“ကိုဗြိ ... အောင်လက အမေရိကန်ကလာတာ မဟုတ်လား”

“ဟုတ်တယ်လေ ... ဦးမျိုးလင်း ... ဘာလို့တုံး”

“ဒီကောင် CIA က လွှတ်လိုက်တာ ဖြစ်မယ်”

“ဟမ် ... ဘယ်လို”

“ဘယ်လိုရမှာလဲ ... ခုပဲကြည့် ... သန်းမြိုင်နဲ့ ကုလားပိန် ရန်ဖြစ်နေပြီဗျ ... ဒီကောင်တွေလိုပဲ ရပ်ကွက်ထဲမှာ နှစ်ခြမ်းကွဲနေကြတာ ... ဟိုတစ်ခါ အောင်လထိုးတဲ့ ပွဲကတည်းကပဲ ... အောင်လက ခဏလေးနဲ့ ပွဲသိမ်း လိုက်လို့ လုပ်ပွဲလို့ပြောတဲ့အုပ်စုနဲ့ လုပ်ပွဲမဟုတ်ဘူး၊ တကယ် ချတာဆိုတဲ့ အုပ်စုနဲ့ ကွဲကုန်တာဗျ”

“အင်းလေ ... အဲ့ဒါနဲ့ အောင်လက ဘယ်လို စီအိုင်အေ ဖြစ်ရတာတုံး”

“ဟ ... ကိုဗြိရ ... ဟိုးအရင်က သတင်းစာရှင်းလင်းပွဲတွေ မကြည့်ဖူးဘူးလား ... ဒီနယ်ချဲ့လက်သစ်တွေက ကျုပ်တို့ချင်း သွေးကွဲအောင် သွေးထိုးနေတာဗျ ... နွားကွဲရင် ကျားဆွဲမယ့် အကြံပေါ့ ... ဟင်း ... ဟင်း”

ကိုင်း ... ရှုလော ... စာဖတ်သူ။

အဲ့ဒါ ... ကျွန်တော်တို့ရပ်ကွက်ပါ။

ဦးမျိုးလင်းဆိုသည့် ဆိုက်ကားဆရာကြီး ကောင်းမှုဖြင့် အောင်လကြီးပင် စီအိုင်အေအေးဂျင့် ဖြစ်ရရှာပြီ မဟုတ်လား။

“ဒီပွဲ ကုလားကားလို ကောင်းလား”

ဆုယူရင်း အောင်လကြီးက ဒီလိုပြောသည်။

“ကုလားကားလောက်တော့ ... ဘယ်ကောင်းမလဲအေ ... ဟိုက အပစ်အခတ်လည်းပါ ... သီချင်းနဲ့ အကလေးတွေလည်း ပါတယ်”

လှလှချောရဲ့ မှတ်ချက်။

ကြင်ကြင်စိန့် မှတ်ချက်ကရော။

“ကိုအောင်လကြီးက ကုလားကားနဲ့ မတူပါဘူး ... လျှပ်စစ်မီးနဲ့ပဲတူတယ် ... တို့ရပ်ကွက်မှာ မီးခဏခဏ ပြန်လာလို့ ခဏခဏ ပျော်ရတယ် ... အောင်လလည်း... သုံးလ တစ်ခါလောက် ဒီမှာ လာလာနိုင်ပြနေတော့ ... တို့ ခဏခဏ ပျော်ရတာပေါ့”

“ကုလားကားလို ကောင်းလားဆိုတာ ... နိုင်ငံရေးတွေပါတယ် ... ကိုဗြိ ... ကျုပ်ပြောသလို ... ဒီကောင် စီအိုင် ... အေ”

ပွဲက ပြီးပြီ။ ကျွန်တော့်မိန်းမပင် အခန်းထဲ အိပ်ပျော်နေပြီ။

“ကဲ ... ခင်ဗျားတို့ ငြင်းနေ ခုံမနေကြနဲ့တော့ ... ဟိုက နိုင်လည်း နိုင်သွားပြီ ... ပိုက်ဆံတွေလည်း ရသွားပြီ ... အချိန်တန်ရင် သူ့နိုင်ငံ သူပြန်ပြီး အခွန်ဆောင်ရတော့မယ် ... ဒီမှာတော့ ... အစိုးရက ခင်ဗျားတို့ကို 
ပိုက်ဆံပြန်ပေးမယ့် ... အစီအစဉ်တစ်ခုရှိတယ် ... စိတ်ဝင်စားလား”

အားလုံး ငြိမ်သွားကြ၏။

“ဒီသတင်းစာကို ဖတ်ကြည့် ... မူးယစ်ဆေးဝါးသမားတွေကို ရှာဖွေဖော်ထုတ်နိုင်ရင် အစိုးရက သိန်းတစ်ရာ့သုံးဆယ်အထိ ဆုချတော့မယ်တဲ့”

“ကိုဗြိ ... မူးယစ်ဆေးဝါးထဲ အရက်၊ ဘီယာပါသလား”

“မပါဘူး ... ဦးမျိုးလင်းရဲ့ ... ဘိန်းဖြူ၊ စိတ်ကြွဆေးပြား ဘာညာတွေ ပြောတာ”

“ဘိန်းဖြူ၊ စိတ်ကြွဆေးပြားဆိုတာ ဘယ်လိုမျိုးတွေလဲ”

ဟုတ်တော့လည်း ဟုတ်သည်။

သူတို့အဖို့ ... မူးယစ်ဆေးဝါး ဆိုသည်မှာ တီဗီထဲတွင်ပင် သေချာမမြင်ဖူးကြ။

“ကဲ ... ကိုသန်းမြိုင် ... ရှင် ... ထတော့ ... မနက်ဖြန်ကစပြီး ဘိန်းဖြူ ရှာရမယ်”

“ကိုပိန် ... လာ ... ထ ... ပြန်ကြမယ် ... မနက်စောစောထ ... ဆေးပြားသည်တွေ ဖမ်းဖို့လုပ် ... ထီထိုးတာကမှ ပိုက်ဆံကုန်သေးတယ် ... ဒါက တစ်ချီတည်းနဲ့ ဘောစိဖြစ်မှာတော့”

အောင်လကို စီအိုင်အေ ဖြစ်စေသော ဦးမျိုးလင်းကလည်း သုတ်သုတ်နှင့် ထပြေးတော့သည်။

ခုမှပဲ ... နားအေးရ၏။ မတတ်နိုင်။ ဒီလူတွေကို ဒီလိုပဲ ဂျင်းထည့်နိုင်မှသာ။

ဘာပဲ ဖြစ်ဖြစ် ... မနက်မိုးလင်းလျှင် ... ကျွန်တော်တို့ရပ်ကွက်ထဲ စုံထောက်ရောဂါ ထကြဦးမှာတော့ သေချာပါသည်။

ဗြိတိသျှကိုကိုမောင်