News

POST TYPE

SATIRE

လော်ဘီ အုတ်ခဲနှင့် အခွန်ထမ်းသူများ
23-Jun-2018 tagged as

အခွန်အတုပ်တွေ မဟားတရား ကောက်ခံနေသည့်ကြားက ယခင်နှစ်ကထက် အခွန်ကောက်ခံရရှိမှုနှုန်း ကျပ်သန်းထောင်နှင့်ချီ လိုအပ်နေသည်ဟု အစိုးရရဲ့ ဘဏ္ဍာရေးပိုင်းက ညည်းပြသည်။ ဒါလေသံပစ်တာ ဖြစ်ရမည်။ မကြာမီ ဒီထက်ပိုပြီး အခွန်နှုန်းတွေ တိုးမြှင့်ဖို့အတွက် စကားကြိုခံထားတာ ဖြစ်မည်။ အုတ်ခဲတို့လို အခွန်ထမ်းပြည်သူတွေ ဒီသတင်းကြားပြီး မျက်ခမ်းလှုပ်ရုံမက ဆတ်ဆလူး နတ်ပူးပြီး လေငန်းဖမ်းကုန်သည်။ အကြောဆွဲကုန်သည်။ သွက်ချာပါဒ လိုက်ကုန်သည်။

မိသားစုလိုက် အလုပ်လုပ်ကြတာတောင် ဝင်ငွေ ထွက်ငွေမမျှ၍ နီးစပ်ရာဘုန်းကြီးကျောင်းအချို့နှင့် တည့်အောင်ပေါင်းထားကြရသည်။ လကုန်ရင် ရလာတဲ့ လခလေးကိုစုပုံပြီး တစ်လစာ ဈေးဖိုး၊ အိမ်ငှားခ၊ မီးဖိုး၊ ရေဖိုး၊ သာရေးနာရေးဖိုး၊ ကျောင်းစရိတ်၊ ချေးထားမိ သည့်ငွေတိုးပြန်သွင်း၊ ဘာညာသာရကာ လိုအပ်တာ အတိုအထွာလေးဝယ်ဖြည့်။ လခထုတ်ကတည်းက ရတဲ့လခလေးထဲကနေ ကျသင့်တဲ့အခွန်ကို ကိုယ့်လစာနဲ့ ထိုက်သင့်သလောက် ဖြတ်ထားလိုက်တာမို့ ကိုယ်တိုင် သွားဆောင်စရာတော့မလို။

လက်ကျန်ငွေထုပ်ကလေးကို ကြည့်လိုက်တော့ တစ်မိသားစုလုံးမျက်နှာမှာ ဆီးစေ့တွေမျှသာ။ ဒါတောင် မကျန်းရေး မမာရေးအတွက် ဆေးဖိုးဝါးခဆိုပြီး လိုလိုမည်မည် ဖယ်ထားနိုင်တာမဟုတ်။ ကျန်တာသာ မဖယ် တာ။ အုတ်ခဲကတော့ အရက်ဖိုးကလေး တစ်ပဲခြောက်ပြားတော့ ကျစ်ထားသည်။ ဒါ အရေးကြီးသည်။

အခွန်နှုန်းတွေ တိုးကောက်လာတော့ အရက်၊ ဘီယာ၊ စီးကရက်ဈေးတွေလည်း စံချိန်မီလိုက်တက်လာသည်။ ဒါမှ တကယ့်ပြဿနာ။

အရင်၊ ဘီယာသုံးခွက်နှုန်းလောက်ဆို အိုကေ နေသူက ခုလို အရက်ဈေးတွေ မြင့်လာတော့ ရေချိန်မီအောင်ပင် မနည်းလိုက်သောက်ရတော့သည်။ ကန်စွန်းပလိန်းလေးတစ်ပွဲ မြည်းနိုင်ဖို့ နေနေသာသာ ပါသလောက်လေးနဲ့ အိတ်ကပ်လေး စမ်းစမ်းပြီး ချွေတာ သောက်။ ဆိုင်ရှင်ဆီမှာ သံပရာသီးလေး တစ်စိတ်လောက် မျက်နှာပြောင်တိုက်ပြီး အလကားတောင်း မြည်းရ။ စီးကရက်အစား ကွမ်းယာဆိုင်က ဆေးပေါ့လိပ်ဝယ်ဖွာ။

ပါလာတဲ့ ငွေယားလေး ပြောင်ပြီဆိုရင်တော့ အချစ်ဦးနဲ့ လမ်းခွဲရတဲ့ အပူသည်မျက်ခွက်နဲ့ စားပွဲကနေ ငိုမဲ့ငိုမဲ့ထပြန်ရ။ ခါတိုင်း ပြန်နေကျလမ်းလေးက ဒီညမှ ရှည်လျားလွန်းနေသယောင်ယောင်။ မမူးတော့ သီချင်းလည်း အော်မဆိုရဲ။ ခွေးတွေနဲ့လည်း ပြိုင် မဟောင်ရဲ။ အုတ်တံတိုင်းနံရံကို သေးကော့ပန်းပြီး ကကြီး ခခွေးလည်း မရေးရဲ။

ဒါ အင်မတန် နစ်နာရတဲ့ အရက်သမား အခွင့်အရေး ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်။ အခွန်ဆောင်မှ နိုင်ငံကြီးသား ပီသမည်ဟု ခြိမ်းခြောက်ကြေညာထားလို့သာ မျိုးချစ်စိတ် မြင့်မားသူကြီး အိုက်တင်နဲ့ အခွန်ဆောင်နေရတာ။ တကယ်တော့ အခွန်ကို အုတ်ခဲ မုန်းသည်။ သောက်လို့ မဝသေးခင် ကုန်ကုန်သွားတဲ့ အရက်ပုလင်းခွံတွေမြင်ရင် ပိုစိတ်နာသည်။

ဘဏ္ဍာအခွန်ဦးစီးဌာနဆိုသည့် ဆိုင်းဘုတ်မြင်လျှင် အထဲပြေးဝင်ပြီး ရှိသမျှဘဏ္ဍာတွေ အခွံချည်း ကျန်ခဲ့အောင် လုပြေးလိုက်ချင်သည်။ မှန်ပါသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘဏ္ဍာလိုအပ်သည်။ ဘဏ္ဍာငွေရဖို့အတွက် နိုင်ငံသားတိုင်းက ဘဏ္ဍာအခွန် ငွေပေးကြရမည်။ ဒါမှ နိုင်ငံတိုးတက်မည်။ နိုင်ငံသားတွေ ကြီးပွားချမ်းသာမည်။ ချမ်းသာမှ အရက်ဝဝ သောက်နိုင်မှာဖြစ်သည်။ လောလောဆယ်တော့ ရှိတဲ့အရက်ပဲ အံကြိတ်မျိုဆို့နေလိုက်ဦးမည်။

တကယ်တမ်းဆို ဒါ အစိုးရမှာ တာဝန်ရှိသည်။ နိုင်ငံသားတွေကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီး လုပ်ကြပါလား။

ပိုက်ဆံမတတ်နိုင်ရင် အစိုးရ မလုပ်ကြနဲ့ပေါ့။ အုတ်ခဲတို့လို နီးရာဘုန်းကြီးကျောင်းလေး ပြေးကပ်စား နေပေါ့။ ခုတော့... ဘယ့်နှယ်။ အစိုးရမင်း ဆိုပြီး လူအရိုအသေလည်း ခံချင်သေးတယ်။ အာဏာဆိုတာကြီး သုံးပြီး ကြိမ်းလား မောင်းလား လုပ်ချင်သေးတယ်။ တချို့တလေဆို ကိုယ်တွေ ဆောင်ထားတဲ့ အခွန်ငွေထဲကတောင် နှိုက်သုံးကြသေးတယ်ဆိုပဲ။ သူ့အမေလင် ပိုက်ဆံတွေများမှတ်လား မသိပေါင်ဗျာ။

အစိုးရလုပ်ချင်ရင် ကိုယ်တိုင်က ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ချမ်းသာမှလုပ်ပေါ့။ ပြည်သူတွေကို ချမ်းသာကြီးပွားအောင် လုပ်ပေးပေါ့။ ဒါမှ ကိုယ်ကျိုး စွန့်တယ်ခေါ်တာ။ လက်သီးလက်မောင်းတန်း အော်ဟစ်ပြီး ထောင်ထဲ ခဏခဏ အလည်သွားဖူးတိုင်း ကိုယ်ကျိုးစွန့်တာမှမဟုတ်တာ။ ခုတော့ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ပြော။ သူတို့ပဲ စေတနာတွေ သောင်ပြိုကမ်းပြို ရှိနေသလိုလိုနဲ့။ ပြီးတော့လည်း စပ်ဖြဲဖြဲနဲ့ ငွေလာကောက်တာပဲ။ ကန်တော့ပါသေးရဲ့လို့ ပြောလွှတ်ချင်တာဆိုတာလေ ...။

ကျိကျိတက်ချမ်းသာလွန်းလှတဲ့ ခရိုနီ ခရိုပြာ ဆိုသူတွေကတော့ အခွန်လောက်များ ဖဲရိုက်သလို နင့်ခနဲ အောပြီး ဆောင်ပစ်တာ။ အခွန်တင်မကပါဘူး။ အစိုးရလူကြီးတွေ လိုအပ်တာမှန်သမျှ ဗောင်းတော် ညိတ် စိတ်တော်သိ။ ကလေးတွေကို အလိုလိုက်တဲ့ မိဘတွေလိုပဲ။ သားသားကြိုက်တာပြော။ အကုန်ရစေရမတဲ့။ ချစ်စရာကောင်းချက်။

အလှူအတန်းဆိုလည်း သနားတယ်။ သေသွားမယ် ရှင်သွားမယ် မသေမရှင်ဖြစ်သွားမယ်။ ဇောတိက၊ အနာထပိဏ်တို့ကိုတောင် “ညီလေး ... မင်းတို့ ဘာလာကြည့်တာလဲ”ဆို ပြန်မေးလွှတ်လိုက်ဦးမယ်။

အဲ့ဒီလို လိမ္မာရေးခြား ရှိတတ်ကြတော့ တစ်နှစ်ကို တစ်ကြိမ်လားမသိ။ အစိုးရမင်းတွေက အဂ္ဂမဟာ သီရိသုဓမ္မ ဘာဘာညာညာ အစချီတဲ့ နာမည်ဆန်းကြီး တွေနဲ့ ရွှေရောင် ငွေရောင် ရင်စလွယ်ကြီးတွေ ... ရော့... တစ်ယောက်တစ်ခုယူသွား ... မလုရဘူးနော် ဆိုပြီး စွန့်ကြဲတော်မူသဗျာ။

အကြွေးသောက်နိုင်ဆုံး အရက်သမားဘွဲ့၊ အရက်ဆိုင်ရှင်များကို အလုပ်အကျွေး ပြုနိုင်ဆုံး ဇိုးသမားဘွဲ့တွေ ဘာတွေ ပေးမယ်ဆိုရင်တော့ အုတ်ခဲတို့ ရှက်ကီ ဘဲတစ်သိုက် ရှေ့ဆုံးကနေ ဆုတက်ယူရမှာပဲ ... ဟေး ဟေး။ ဒါ ထားဦး။

မကြာခင် အခွန်အခတွေ ထပ်တိုးကောက်မယ့် သဘောရှိနေလေတော့ အလုပ်ကို နှစ်ဆပိုဖိလုပ်မှ ဖြစ်တော့မယ်။ ဒါမှ အခွန်များများ ဆောင်နိုင်ပြီး နိုင်ငံကြီးသား ပီသမယ် မဟုတ်လား။ အမယ် ... တချို့နိုင်ငံက သူဌေးကြီးတွေ ကျပြန်တော့ အခွန်မပေးချင်လို့ အခွန်ရှောင်ကြသတဲ့ဗျ။ အုတ်ခဲတို့လို ငမွဲငတေတွေတောင် အခွန်မှန်မှန် ဆောင်ကြသေးတာပဲ။ သူတို့ကိုယ်တိုင်က မွေးရာပါဗီဇ မကောင်းတာ နေမှာပါလေ။

ဟော ... တစ်နေ့ကတောင် သတင်းစာထဲ ဖတ်လိုက်ရသေးတယ်။ အုတ်ခဲတို့နိုင်ငံက အစိုးရနှစ်ဆက်မြောက်စလုံး ပါလာတဲ့ သက်တော်ရှည် ဝန်ကြီးတစ်ဦးက သူ့မှာ ကနေ့အထိ ကိုယ်ပိုင်ကား မရှိသေးပါဘူးလို့ ရင်ဖွင့်ငိုချင်းချသဗျ။ အုတ်ခဲဆိုလေ ... အဲ့ဝန်ကြီးကို သနားလွန်းလို့ အရက်ခွက်ကြီးကိုင်ပြီး မျက်ရည်တောက်တောက် ယိုမိတယ်။ တကယ်။ အရက်သမားတွေစုပြီး ဝန်ကြီးစီးဖို့ ဆိုက်ကားဖြစ်ဖြစ် ဝယ်ပေးလိုက်ရင် ကောင်းမလားတောင် တိုင်ပင်ခဲ့ကြသေးတယ်။

ကိုယ်ပိုင်ကားမရှိတာ ရှက်စရာ မဟုတ်ပါဘူး ဝန်ကြီးရယ်။ အပေါင်ဆုံး စက်ဘီးလေးဝယ်ပြီး ရုံးတက် ရုံးဆင်း လုပ်လို့ရတာပဲ။ ကျန်းမာရေးတောင် ကောင်းသေးရယ်။ ပြီးတော့ လိုင်းကား ဆွဲစားနေတဲ့ဝန်ကြီးရဲ့ ဘော်ဒါ ... ဟိုလေ ... ကွီးဖြိုးဆိုလား ကိုငြိမ်းမောင်ဆိုလား ... အဲ။ သူ့ကားတွေ တက်စီးပေါ့။ နှစ်ရာတန် အကြွေထည့်ဖို့တော့ မမေ့နဲ့ပေါ့ ဝန်ကြီးရယ်။

အဲ ... သောက်ရတာ မဝတဝနဲ့ ဟိုတွေးဒီတွေး လျှောက်လာလိုက်တာ ... အိမ်ရှေ့တောင် ရောက်လာပြီပဲ။ ဒီလစ်မစ်နဲ့ဆို အုတ်ခဲတစ်ညလုံး မျက်စိကြောင်ပြီး အိပ်ပျော်မယ်မထင်။ ထပ်သောက်ဖို့လည်း အိတ်ကပ်က အခွံပဲ ကျန်သည်။ ဖြစ်သည့်နည်းနှင့် မူးအောင်ကြံမှ ရမည်။

ဒါနဲ့ ... လမ်းဘေးနားက ဓာတ်တိုင်ကိုဖက်ပြီး ဆယ့်ငါးပတ်လောက် ပတ်ပစ်လိုက်သည်။ မဆိုး။ ခပ်ထွေထွေဖြစ်သွားသည်။

ဒါထက် ထပ်မူးချင်သေးသည်။ လာလေ့ ... စား ကောင်း အိပ်ကောင်းလေး ... ယိစ် ... ဟု မာန်သွင်းကာ လမ်းလယ်ကောင်မှာ ကျွမ်းသုံးလေးပတ် ပစ်ထိုးလိုက်သည်။

“ဟေး ... ဒီမှာဟေ့ ... အရက်သမား အုတ်ခဲဆိုတဲ့ကောင် လူမှန်းသူမှန်းမသိအောင် သောက်လာတာ။ ထွက်ကြည့်ကြပါဦး။ ခါးမှာ ပုဆိုးတောင် မပါတော့ဘူး။ ဖင်ပြောင်လေးနဲ့ တော်တို့ရေ”

ဟိုက် ...။ မူးချင်ဇောကပ်ပြီး ရပ်ကွက်ကို မေ့သွားသည်။ တစ်ချက်ဝေ့ကြည့်မိမှ တိုက်ခန်းဝရန်တာတွေကနေ အုတ်ခဲကို အားပေးနေကြတာ နည်းတဲ့ပရိသတ်လား။ အုတ်ခဲလည်း ရှက်ရှက်နှင့် ပုဆိုးတောင် ကောက်မစွပ်နိုင်တော့ဘဲ မိမိတိုက်ခန်းပေါ် ဝှီးခနဲ တက်ပြေးကာ “ပုဆိုးပါ အခွန်ဆောင်ထားခဲ့ရလို့ အရပ်ကတို့ရေ ... ခွီး”ဟုသာ ဗလုံးဗထွေး အော်ခဲ့နိုင်လေ၏။

လွန်တာရှိ ဝန္ဒာမိပါ ...။

လော်ဘီအုတ်ခဲ - (သံချောင်းပါတီ)

  • TAGS