News

POST TYPE

SATIRE

ပြည်သူ့အစိုးရ
ပြည်ရာအားလုံးသည် ပြည်သူနှင့်သာ ဆိုင်သည်။ အစိုးရတွေ အာဏာပိုင်တွေနှင့် သိပ်မဆိုင်။ စီးပွားရေးကျတာလည်း ပြည်သူနှင့်ဆိုင်သည်။ ကျန်းမာရေး မကောင်းတာလည်း ပြည်သူနှင့်ဆိုင်သည်။ ငြိမ်းချမ်းရေး မရသေးတာလည်း ပြည်သူနှင့်ဆိုင်သည်။ လူငယ်တွေ မူးယစ်ဆေးစွဲတာလည်း မိဘတွေနှင့်သာ ဆိုင်သည်။ စိုပြေပြောတာမဟုတ်။ အမေစု ပြောတာဖြစ်သည်။ 

တစ်နေ့က အမေစုနှင့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ကြည့်လိုက်ရသည်။ တော်တော် ကောင်းပါသည်။ ပြည်သူတွေရဲ့ တာဝန်တွေကို အမေစု က ရှင်းရှင်းလင်းလင်း ပြောပြသည်။

လူငယ်တစ်ယောက်က ပြည်သူတွေ ဆိုင်ကယ် မှောက်လို့ ဆေးရုံရောက်ရင် ဆေးရုံမှာ အဆင်မပြေ ကြောင်း၊ ဃွှခညေ ရိုက်လို့မရကြောင်း၊ ပျက်နေကြောင်း ပြောပြသည်။ တချို့ကလည်း ဆေးရုံမှာလည်း ဝန်ထမ်း အင်အားနည်းကြောင်း၊ ဆရာဝန်တွေ၊ သူနာပြုတွေ က ကောင်းကောင်းမွန်မွန်မဆက်ဆံကြောင်း အမေစု ကို တိုင်သည်။

အမေစုနှင့် ကျန်းမာရေးဝန်ကြီး ပြန်ပြောတာကတော့ ရှင်းပါသည်။ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း သင့်ကြောင်း၊ ဒါဆိုလျှင် ဆေးရုံရောက်မှာမဟုတ်ကြောင်း၊ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးလို့ ဆေးရုံရောက်လျှင် ဆေးရုံလည်း အလုပ်ရှုပ်ကြောင်း၊ ဆေးရုံသာ မရောက်လျှင် လူနာတွေလည်း များမှာမဟုတ်ကြောင်း၊ လူနာတွေ မများလျှင် ဝန်ထမ်းတွေလည်း ကောင်းကောင်း ဆက်ဆံမှာဖြစ်ကြောင်း ပြန်ရှင်းကြသည်။

CT Scan ပျက်နေတာကိုတော့ ပြင်လို့ရကြောင်း၊ ဒါပေမဲ့ နိုင်ငံခြားကလူတွေကို ခေါ်ပြင်ရသဖြင့် ဈေးကြီးပေးရကြောင်း၊ ကိုယ့်တိုင်းပြည်က လူတွေနှင့်ပဲ ပြင်နိုင်အောင် သင်တန်းတွေ ပေးနေကြောင်း ဆိုသည်။

ဘယ်အချိန် သင်တန်းပြီးမလဲတော့ မသိသေး။

လူငယ်အချို့ကလည်း မွန်ပြည်နယ် ငြိမ်းချမ်းလာသည့်အတွက် အဆင်ပြေကြောင်း၊ အရင် မငြိမ်းချမ်းခင်တုန်းက တော်တော်လေး ဒုက္ခရောက်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်း တင်ပြကြသည်။

အဲ့တော့ အမေစုက ပြည်သူတွေအနေနဲ့ အခုလို ငြိမ်းချမ်းရေးရဲ့အရသာကို အခြားလူတွေကိုလည်း ပြောပြဖို့လိုကြောင်း၊ ပြည်သူတွေပြောပြမှ မငြိမ်းချမ်းသည့်ဒေသက လူတွေလည်း သိရှိပြီး ငြိမ်းချမ်းချင်လာမှာဖြစ်ကြောင်း ဆိုပြန်၏။

မွန်ပြည်နယ်က ရော်ဘာတွေ ဈေးမရဘဲ ဈေးကျသဖြင့် ဒေသခံတွေမှာ အခြားနိုင်ငံမှာ အလုပ်သွားလုပ်နေရကြောင်း ပြောပြကြပြန်သည်။

ဒီတော့လည်း အမေစုက လူတွေ တီထွင်မှုရှိဖို့လိုကြောင်း၊ ရော်ဘာတွေ ဈေးကောင်းမရလျှင် ရအောင် နည်းပညာသစ်တွေနဲ့ စမ်းသပ်ဖို့လိုကြောင်း ဆိုပြန်သည်။

မူးယစ်ဆေး သုံးစွဲသူ များလာကြောင်း၊ ကလေးတွေပါ သုံးနေကြကြောင်း တင်ပြကြသည်။

ဒါဟာ မိဘတွေနှင့်ဆိုင်ကြောင်း မိဘတွေက ကိုယ့်ကလေးတွေကို မူးယစ်ဆေး သုံး မသုံး စောင့်ကြည့်သင့်ကြောင်း ဆို၏။

ဘာပဲဖြစ်ဖြစ် စိုပြေကတော့ အမေစု ပြောတာတွေကို ထောက်ခံသည်။

တိုင်းပြည်ကြီးမှာ အစိုးရက နည်းနည်းလေး။ ပြည်သူတွေ အများကြီး။ ပြည်သူတွေ လိုအပ်ချက်တိုင်းကို အစိုးရ လိုက်လုပ်ပေးနိုင်ပါ့မလား။ ဘယ်လုပ်ပေးနိုင်မလဲ။

ဒါကြောင့် ဘာကိစ္စဖြစ်ဖြစ် ပြည်သူတွေနှင့်သာ ဆိုင်သည်။ ပြည်သူတွေအနေနှင့် ကိုယ့်ဘာသာကိုယ် စောင့်ရှောက်ရမည်။ ကိုယ့်ဟာကိုယ် ကြည့်နေ ကြည့်စား။ အစိုးရကို အလုံးစုံ အားမကိုးသင့်။

အမေစုပြောတာကလည်း ရှင်းသည်။ လူတွေက ခံစရာရှိရင် အစိုးရကိုလုပ်ခိုင်းသည်။ စံစရာရှိတော့ အစိုးရတောင်မသိလိုက်။ သဘောကတော့ အကျိုးအမြတ်ရှိလျှင် ကိုယ့်ဟာကိုယ်လုပ်ကြသည်။ အကျိုးမရှိလျှင် အစိုးရကို လုပ်ခိုင်းသည့်သဘောပေါ့။ ဒါကလည်း အမှန်ပင်။ လူတွေကလည်း ခက်သည်။ အစိုးရကိုပဲ အားကိုးလွန်းသည်။

စီးပွားရေးသမားတွေဆို အစိုးရကို အကောင်း မပြော။  ဒီအစိုးရလက်ထက်မှာ စီးပွားရေးကျသတဲ့ ...။ စီးပွားရေးတွေ ကောင်းတုန်းကရော အစိုးရကို ချီးကျူးဖူးလို့လား။ အခွန် အပြည့်ဆောင်လို့လား။ ရှောင်ကြတာပဲမဟုတ်လား။ ပြီးတော့ စီးပွားရှာတာ ကိုယ့်အတွက် ကိုယ်ရှာကြတာ အစိုးရလည်း ရတာမဟုတ်။ အစိုးရနဲ့ ဘာဆိုင်လို့တုံး။

ရေကြီးပြန်တော့လည်း အစိုးရ ဘာလုပ်နေသလဲ ...။ အစိုးရကတော့ ရှင်းသည် ဇီးရိုးဘတ်ဂျက်ပဲရှိသည်ဟု ပြန်ဖြေသည်။

ရန်ကုန်မှာ ကားတွေပိတ်တော့လည်း အစိုးရက ဘာမှမလုပ်ဘူးလား မေးပြန်သည်။ လမ်းမပိတ်ချင်ရင် ကားတွေ မမောင်းနဲ့ပေါ့။ မောင်းနေရင်တော့ လမ်းတွေ ပိတ်မှာပေါ့လေ။

ကန်စွန်းရွက် ဈေးတက်တာကိုလည်း အစိုးရကို အပြစ်တင်သည်။

ဘာလဲ ...။ အစိုးရက ကန်စွန်းရွက်စိုက်ပြီး ရောင်းရမှာလား။

ဘဲဥဈေးတက်တော့ အစိုးရက ဘာမှမလုပ်ဘူးလားတဲ့။

ကဲ ... အစိုးရအဖွဲ့ဝင်တွေက ထိုင်ဥနေရမှာလား...။

မုန့်ဟင်းခါး ဈေးတက်တော့ရော အစိုးရက မုန့်ဟင်းခါးချက် ရောင်းပေးရမှာလား။

စက်သုံးဆီဈေးတွေ တက်တော့ရော အစိုးရက ရေနံတွေ ထိုင်ချက်နေရမှာလား။

ဂျာနယ်တွေကလည်း တစ်မျိုး။ ဂျာနယ်တွေ၊ သတင်းစာတွေ ရပ်ကုန်ပြီ။ အစိုးရက ဘာမှမလုပ်ဘူးလားဟု ဆိုပြန်သည်။

အဲ့တော့ အစိုးရက တိုးတက်လာသည့် မီဒီယာအရေအတွက်ကို စာရွက်ပေါ်တွင် ချပြလိုက်သည်။ တကယ်တော့ ပြည်သူတွေမှ ဝယ်မဖတ်တာ၊ ဂျာနယ်တွေ ရပ်မပေါ့လေ။ ပြည်သူတွေ ဂျာနယ်မဖတ်မနေရ အမိန့်ထုတ်ပေးရမလား။ ဘယ်ဖြစ်နိုင်မလဲ။ ဒီမို ကရေစီနိုင်ငံကို။

ဘာပဲဖြစ်ဖြစ် အမေစုနဲ့ လူငယ်တွေ စကားဝိုင်းကို နားထောင်လိုက်ရတာ စိုပြေကတော့ သဘောကျသည်။

အစိုးရကို အမြဲအပြစ်တင်နေသူတွေအနေနှင့်လည်း အမေစု ပြောစကားတွေကို ပြန်လည် နားထောင်သင့်သည်။ ဒါမှ အရာအားလုံးဟာ ပြည်သူတွေနှင့်သာ ဆိုင်ကြောင်း သိကြပေမည်။

ဒါပေမဲ့ ၂၀၁၅ ရှေ့ပိုင်းက အမေစုပြောတာတွေကိုတော့ ပြန်နားမထောင်နှင့်။ အဲ့ဒါတွေ ပြန်နားထောင်လျှင်တော့ အရာရာသည် အစိုးရနှင့်ဆိုင်သည်ဟု ထင်သွားလိမ့်မည်။ ဒါကြောင့် အမေစု စကားကို နားထောင်လျှင် ၂၀၁၆ လောက်ကစပြီး နားထောင်ပါ။ ဟိုးအရင်ကတော့ အမေစုပြောတာတွေကို မေ့လိုက်တော့။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲချိန် တန်ပြီဆိုပြီး အစိုးရကတော့ ပြောင်းလဲသွားပြီ။ ပြည်သူတွေပဲ ပြောင်းလဲဖို့ ကျန်တော့သည်။ အမေစု ပြောတဲ့အတိုင်း ပြည်သူတွေ ကိုယ့်တာဝန် ကိုယ်ယူကြ။ အစိုးရကိုချည်းပဲ အားကိုးမနေနှင့်တော့။ ကိုယ့်ဟာကိုယ် ကြည့်နေ၊ ကြည့်စားပေါ့။

ဒါဆို အစိုးရကရော ဘာလုပ်မှာတုံး ...။

စိုပြေ့ စိတ်ထင် အခွန်တွေ ကောက်လိမ့်မည် ထင်သည်။ အခြားလည်း လုပ်စရာမှ သိပ်မရှိတော့တာကိုး။ အကုန်လုံး ပြည်သူတွေလုပ်ရမယ့် ကိစ္စတွေချည်းပဲမဟုတ်လား။

စိုပြေ