News

POST TYPE

RELAX

ထက်ထက်မိုးဦးနဲ့ တွေ့ဆုံခြင်း
17-Oct-2018
“ကိုယ့်ဘဝမှာ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းလာခဲ့ပြီးပြီလေ။ လွယ်လွယ်နဲ့တော့ ဘဝကို နစ်မြုပ်မခံချင်ဘူး”

အနုပညာလောကကို တစ်ကျော့ပြန် ဝင်ရောက်လာတဲ့အချိန်မှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ ဘဝနေထိုင်မှုပုံစံအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မထက်ရဲ့လတ်တလောအနုပညာလှုပ်ရှားမှု အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
HHMO : ရုပ်ရှင်ကားကြီးတစ်ကားတော့ တစ်လောကရိုက်ဖြစ်တယ်။ နောက်ထပ်တော့ ကားရိုက်လက်ခံထားတာ မရှိသေးပါဘူး။ အခုချိန်မှာ အလုပ်တွေက အရင်တုန်းကထက်စာရင်တော့ သိပ်မလုပ်ရဘူးလေ။ အေးအေးဆေးဆေးနေဖြစ်နေပါတယ်။ လူတိုင်းက အဆင်မပြေမှုတွေရှိပေမယ့် အားတင်းကြိုးစားပြီးတော့ နေနေရတာပေါ့နော်။ ကိုယ်တိုင်လည်း ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းနေပါတယ်။

Voice : ဘဝမှာ အခက်အခဲတွေရှိတယ်ဆိုပေမယ့် မထက်ကို ကြည့်လိုက်ရင်တော့ အမြဲတမ်းပြုံးနေတာပဲ တွေ့ရတယ်။
HHMO : အဲ့ဒါကတော့ ထင်လို့ပါ။ ထက်ထက်ကတော့ ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတိုင်းကို အကောင်းဆုံးဖြေရှင်းပြီးတော့ သူများအပေါ်မှာ စိတ်ကောင်းထားနိုင်အောင် ကြိုးစားတယ်။ သူများတစ်ဖက်သား မနစ်နာအောင် စိတ်ကို အဖြူစင်ဆုံးထားတယ်။ ကိုယ့်စိတ်ကိုရှင်းအောင် နေတတ်လို့ပါ။ လူတိုင်းမှာတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြတာပေါ့နော်။ ခံနိုင်ရည်ရှိအောင်ပဲ ကြိုးစားရတာပေါ့။

Voice : ကိုယ့်ဘဝမှာ အခက်အခဲကြုံလာရင် အရင်းနှီးဆုံး တိုင်ပင်ဖော် တိုင်ပင်ဖက်တွေကရော ဘယ်သူတွေဖြစ်မလဲ။
HHMO : အရင်ကတည်းက အရာရာကို တစ်ယောက်တည်းပဲ ဆုံးဖြတ်ခဲ့တာလေ။ အခုလည်း ဒီလိုပါပဲ။ ကိုယ်တစ်ယောက်တည်းပဲ ဆုံးဖြတ်ရတာပေါ့နော်။ ကြံ့ကြံ့ခံနိုင်အောင်လို့တော့ စိတ်ကို အားတင်းရတာပေါ့။ သူများတွေ ထက်စာရင် ကိုယ့်ဘဝကအများကြီး ကြမ်းတမ်းခဲ့တယ်လေ။ တစ်ခါတလေကျရင် ကိုယ့်ဘဝကို ပြန်တွေးမိပြီး အရမ်းဝမ်းနည်းရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ကိုယ့်ဘဝကိုလည်း အရှုံးပေးလိုက်ချင်တယ်။

Voice : ဒီနေ့အချိန်အထိ ဘဝကို ဆက်လက်ရှင်သန်နေတာကရော ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ အားတင်းထားလို့လဲ။
HHMO : ကိုယ့်ဘဝမှာ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းလာခဲ့ပြီးပြီလေ။ လွယ်လွယ်နဲ့တော့ ဘဝကို နစ်မြုပ်မခံချင်ဘူး။ အဲ့ဒီစိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းပြီး အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်နေတာပါ။ တစ်ခါတလေကျရင်လည်း စိတ်အားလျော့ချင်တယ်။ အားငယ်တယ်။ တစ်ခါတလေကျတော့ မဖြစ်သေးပါဘူးဆိုပြီး အားတင်းပြီး ရပ်တည်ရတာပေါ့။

Voice : အနုပညာလောကနဲ့ ကာလအတန်ကြာ ကင်းကွာခဲ့ပြီးမှ တစ်ကျော့ပြန် ဝင်ရောက်လာတာကလည်း ဆက်ပြီး ကြိုးစားချင်တဲ့ စိတ်ကြောင့်လား။
HHMO : လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ်ရုန်းကန်နေရတာပဲလေ။ ဇိမ်နဲ့ ထိုင်နေလို့မှမရတာ။ အခုခေတ်ကာလမှာဆို ပိုဆိုးတာပေါ့။ လူငယ်တွေရော၊ လူကြီးတွေပါအကုန် အလုပ်လုပ်ကြရတာလေ။ ဟိုးအရင်ခေတ်တုန်းကဆို ကိုယ့်အဖေရှာတဲ့ လုပ်စာနဲ့ တစ်အိမ်လုံး စားလို့ရတယ်။ ဒီခေတ်မှာ ခုနစ်ယောက်ရှိရင်၊ ခုနှစ်ယောက်လုံး ရှာတာတောင် စားလို့ မလောက်ဘူးလေ။ အားလုံးက ကိုယ့်အလုပ်နဲ့ ကိုယ့်ပညာနဲ့ကြိုးစားရပ်တည်နေကြရတာဆိုတော့ ကိုယ်လည်း ကြိုးစားပြီး ရပ်တည်နေရတာပေါ့။

Voice : ကိုယ့်ရဲ့ အနုပညာ အောင်မြင်မှု မှတ်တိုင်လေးတွေကို ပြန်ကြည့်လိုက်ရင်ရော ကိုယ့်ဘဝကို ဘယ်လောက်အထိ ကျေနပ်လဲ။
HHMO : ထက်ထက် ဖြတ်သန်းခဲ့ရတဲ့ ဘဝကို ကျေနပ်ပါတယ်။ ကိုယ့် အသက် ၂၀ ကျော်အရွယ်မှာ ဘုရားတွေ၊ ကျောင်းတွေဆောက်ပြီး လှူခဲ့ရတယ်။ ဆင်းရဲတဲ့နေရာတွေ၊ နယ်တွေမှာ ကျောင်းဆောက်ပြီး လှူခဲ့ရတယ်။ ဘုန်းကြီးကျောင်းတွေမှာဆိုလည်း ဆွမ်းစားဆောင်တွေ လှူခဲ့ရတယ်။ ရှင်အပါးတစ်ရာပြုခဲ့ရတယ်။ ကိုယ့်ဘဝမှာ ကိုယ်ရတဲ့ အနုပညာကြေးလေးနဲ့ အများကြီးအလှူအတန်းတွေ လုပ်ခဲ့ရတာကို စိတ်ထဲမှာ အကျေနပ်ဆုံးပါပဲ။

Voice : မထက်ရဲ့ခန္ဓာကိုယ်က နည်းနည်းပြန်ပြည့်လာတယ်နော်။ ဝိတ်ချပြီးတော့ ဘယ်လိုကြောင့် ပြန်ပြည့်သွားတာလဲ။
HHMO : အဲ့ဒါကတော့ ကိုယ်က ဝိတ်လျှော့လိုက်တဲ့ အချိန်မှာ မျက်နှာတွေက အရမ်းကျလာတယ်။ ကိုယ်က အသက်လေးဆယ်ကျော်အရွယ်မှာ ဝိတ်လျှော့တော့ အသားအရေတွေက တွဲကျလာတယ်။ ကိုယ်က ခွဲစိတ် ကုသမှုတွေလည်း မလုပ်ချင်ဘူး။ အဲ့ဒါကြောင့် ဝိတ်မလျှော့တော့ဘဲ စားချင်တာတွေ ပြန်စားတော့ ဝလာတာပါ။ ကိုယ့်အနုပညာအလုပ်တွေကို တာဝန်ကျေအောင် လုပ်မယ်ဆိုရင် ပရိသတ်တွေက ပိန်ပိန်ဝဝ၊ ချစ်မှာပါပဲ။  

သန့်ဇင်ဦး


  • VIA