News

POST TYPE

RELAX

ဂွမ်းပုံနဲ့ တွေ့ဆုံခြင်း
12-Sep-2018
“ပြည်ပမှာဆိုရင် မစ္စတာဘင်းစ်၊ မြန်မာနိုင်ငံမှာဆိုရင် လေဒီဂွမ်းဆိုပြီးတော့ ပရိသတ်တွေကို ပျော်စေချင်တာပါ”



နာမည်ကျော်ဟာသသရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံနဲ့တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “လေဒီဂွမ်း” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်လမ်းအကြောင်းနဲ့ ရိုက်ကွင်းအမှတ်တရတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိရိုက်ကူးနေတဲ့ “လေဒီဂွမ်း” ဇာတ်လမ်းတွဲအကြောင်းကနေ စပြီးပြောပြပေးပါဦး။
GP : “လေဒီဂွမ်း”က အပိုင်း ၃၃ ပိုင်းပါတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဒါရိုက်တာကိုပြည်ဟိန်းသီဟ ရိုက်တာပါ။ မဂွမ်းရဲ့ ကာရိုက်တာကတော့ နုံနုံအအနဲ့ ထုံတဲ့ မိန်းမတစ်ယောက်နေရာက သရုပ်ဆောင်ရတာပါ။ ရွာမှာဆိုလည်း သူမသိဘဲနဲ့ ပြောနေတာတွေက လူတွေအမြင်မှာတော့ အလွဲတွေဖြစ်နေတာပေါ့။ သူက ပိုက်ဆံရှာချင်တဲ့အတွက် မြို့ပေါ်ကို တက်လာတယ်ပေါ့။ အဲဒီမှာထပ်ပြီး အလွဲတွေဖြစ်တာပေါ့နော်။ ဟာသ ဇာတ်လမ်းတွဲလေးပါပဲ။

Voice : ဇာတ်လမ်းတွဲတစ်ခုလုံးကို ကိုယ်က ဦးဆောင်သွားရမှာဆိုတော့ ကိုယ့်အတွက်ရော ဘယ်လောက်အထိ တာဝန်ကြီးလဲ။
GP : ဂွမ်းဘဝမှာ အရင်ကတည်းက Crush ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ရှိပါတယ်။ သူကတော့ မစ္စတာဘင်းစ်အဖြစ် ကျော်ကြားခဲ့တဲ့ မင်းသားပါ။ သူကတော့ ကမ္ဘာကျော်မင်းသားပေါ့နော်။ ဂွမ်းတို့ကတော့ ကိုယ့်ရဲ့ မြန်မာနိုင်ငံမှာ ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ထိုးဖောက် ကြည့်ချင်တာပေါ့နော်။ ပြည်ပမှာဆိုရင် မစ္စတာဘင်းစ်၊ မြန်မာနိုင်ငံမှာဆိုရင် လေဒီဂွမ်းဆိုပြီးတော့ ပရိသတ်တွေကို ပျော်စေချင်တာပါ။ အဲ့ဒါကြောင့်လည်း ဂွမ်းတို့အားလုံး ပူးပေါင်းပြီး ဒီဇာတ်လမ်းတွဲလေးကို ရိုက်ဖြစ်တာပါ။

Voice : တခြားနာမည်ကျော်သရုပ်ဆောင်တွေ၊ ဇာတ်ပို့၊ ဇာတ်ရံတွေလည်း ပါဝင်အားဖြည့်ပေးမယ်လို့သိထားတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
GP : ဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းချင်းစီမှာ တွဲဖက်သရုပ်ဆောင်ရတဲ့ ဟာသသရုပ်ဆောင်တွေသာ ပြောင်းသွားတယ်။ ကိုယ်ကတော့ အလွဲတွေ၊ အမှားတွေဆက်ကြုံနေရတာပေါ့နော်။ ဇာတ်လမ်းတွဲကနေ ပရိသတ်တွေကိုပေးချင်တဲ့ Message တစ်ခုကတော့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ရိုးလွန်းတာကို လက်ခံတယ်။ ဒါပေမဲ့ အရမ်းရိုးလွန်းအားကြီးတဲ့အခါမှာ နုံရာကနေ ထုံတဲ့အဆင့်၊ အတဲ့အဆင့်အထိ ရောက်ပြီးတော့ သူများတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံရတတ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ရိုးသားတာကောင်းပေမယ့် ဖြတ်ထိုးဉာဏ်ရှိရမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်ရမယ်ပေါ့။

Voice : ကိုယ်က သဘောရိုးနဲ့လုပ်ခဲ့တဲ့အပြုအမူတွေက အများအမြင်မှာ ရယ်စရာဖြစ်နေတယ်လို့ပြောရမှာပေါ့။
GP : အဲဒီလိုမျိုး ဖြစ်နေတာပေါ့နော်။ ဆေးခန်းမှာဆိုလည်း ဆေးခန်းမို့၊ YBS ကားစီးတဲ့အခါမှာလည်း ကားပေါ်မို့အလွဲတွေက မရိုးရဘူးပေါ့နော်။ သူက တောကနေမြို့ကို တက်လာတော့ ထီပေါက်သွားတယ်။ ဘဝကလည်း ပြောင်းလဲသွားတယ်။ မြို့ပေါ်မှာ အလွဲတွေအများကြီးကြုံရတယ်။ နောက်ဆုံးကျတော့ ရွာကိုပဲ ပြန်ရောက်သွားတယ်ပေါ့။ ဇာတ်လမ်းတွဲထဲမှာ ဟာသသရုပ်ဆောင်တွေ အများကြီးပါတယ်။ တစ်ပိုင်းနဲ့တစ်ပိုင်း ရယ်စရာလေးတွေကအစ မတူအောင် မဂွမ်းတို့ ကြိုးစားတင်ဆက်ထားပါတယ်။ ရုပ်သံမှာပြရင်လည်း တစ်ပိုင်းကို နာရီဝက်ပဲ ကြာပါတယ်။

Voice : ဇာတ်လမ်းတွဲနာမည်ကအစ ကိုယ့်ကိုတည်ပြီး ပေးထားတာဆိုတော့ ကိုယ့်အတွက် မှတ်မှတ်ရရရှိမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်မယ်ထင်လား။
GP : ဒီဇာတ်လမ်းတွဲရိုက်ရတာ တကယ်လည်းတာဝန်ကြီးပါတယ်။ ကိုယ်နဲ့တွဲဖက်သရုပ်ဆောင်ရမယ့်သူတွေ အားလုံးကလည်း တက်တက်ကြွကြွနဲ့ကိုယ့်ကိုကူညီပေးဖို့အသင့်ရှိကြတယ်။ နာရီဝက်စာ ဇာတ်လမ်းအပိုင်းတစ်ခုချင်းစီမှာ ပရိသတ်တွေကို ထိထိမိမိနဲ့တင်ဆက်နိုင်အောင် မဂွမ်းတို့မောင်နှမတွေ အားလုံးကြိုးစားကြမှာပါ။ ဇာတ်လမ်းတွဲလေးပြတဲ့အခါမှာလည်း မဂွမ်းတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စောင့်ကြည့်ပေးကြဖို့ပြောချင်ပါတယ်။

Voice : ဇာတ်လမ်းတွဲအတွက် အချိန်ပေးနေရတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ နားထားရမှာပေါ့။
GP : မဂွမ်းက ဇာတ်လမ်းတွဲရိုက်နေတဲ့အချိန်မှာလည်း အားတဲ့အချိန်လေးတွေ ညှိပြီး ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေလုပ်လို့ ရပါတယ်။ မဂွမ်းက Hello Ladies Program ရိုက်ပေးနေတာရှိတယ်။ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) နဲ့ ရုပ်ရှင်ကားကြီးနှစ်ကား ရိုက်ဖို့လည်းရှိပါတယ်။ ဇာတ်လမ်းတွဲကတော့ အပိုင်း (၁၁) ပိုင်းပဲ ရိုက်ရပါသေးတယ်။ အများကြီး ဆက်ရိုက်စရာကျန်သေးတယ်။ အချိန်ကို မျှပြီးတော့အလုပ်လုပ်ရမှာပေါ့နော်။

သန့်ဇင်ဦး