News

POST TYPE

RELAX

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
12-Sep-2018 tagged as

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

“တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ်”



ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အမျိုးသမီးအများစုမှာ အဖြစ်များကြောင်း သိရသည်။ ယင်းမှာ သာမန်ဖြစ်ပွားတတ်သည့် ရောဂါတစ်ခုဟုဆိုသော်လည်း တစ်ကြိမ်ဖြစ်ပွားပြီးပါက ရေရှည်ဖြစ်ပွားနိုင်သကဲ့သို့ ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်သည့်အတွက် ယင်းရောဂါဖြစ်ပွားပါက ဂရုပြုရမည့်အချက်များကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘယ်လိုမျိုးပါလဲ။
Dr.KSO : ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ ဆီးလိင်ပြွန်၊ ဆီးအိမ်၊ ဆီးပို့ပြွန်၊ ကျောက်ကပ်စတဲ့ ဆီးသွားတဲ့ လမ်းကြောင်းတွေမှာ ဖြစ်ပေမယ့် အဖြစ်များတာကတော့ ဆီးလိင်ပြွန်နဲ့ ဆီးအိမ်မှာ ပိုးဝင်တာများတယ်။ E.coli လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးကြောင့် အဓိကဖြစ်တယ်လို့ ပြောလို့ရတယ်။

Voice : ဒါက ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်ပါသလဲ။
Dr.KSO : အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုးဝင်တာကို အဆပေါင်းများစွာ ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေရဲ့ ခန္ဓာဗေဒတည်ဆောက်ပုံအရ ဆီးလိင်ပြွန်က တိုတဲ့အတွက် ဆီးပိုးဝင်ဖို့ အခွင့်အလမ်းများတယ်။ တချို့လူတွေက နဂိုကတည်းက ဆီးလမ်းကြောင်းကျဉ်းနေတာမျိုးရှိသလို ပုံမှန်မဟုတ်တဲ့ ဆီးလိင်ပြွန်ကြောင့် ကျဉ်းတာတွေဖြစ်တတ်တယ်။ တခြားဆက်စပ်တတ်တာက ကျောက်ကပ်မှာ ကျောက်တည်ရင်ဖြစ်တတ်တယ်။ ဆီးကျောက်တည်ရင်လည်း ဖြစ်တတ်တယ်။ နောက်ပြီး ဆီးပိုက် ထည့်ထားရတဲ့သူတွေမှာ ဒီလိုဖြစ်ဖို့ အခွင့်အရေးများတယ်။ အမျိုးသမီးတွေဆိုရင် သွေးဆုံး၊ မီးယပ်ဖြစ်တဲ့အခါမှာလည်း ဖြစ်တတ်တယ်။ ဒီအပြင် ရေသုံးတာနဲ့လည်း ဆက်စပ်တယ်။ အိမ်သာထဲက ရေမသန့်တဲ့အခါ ဆေးမိရင်ဖြစ်တတ်တယ်။ အိမ်သာထိုင်ခုံတွေကြောင့်လည်း ဖြစ်တတ်တာတွေ့ရတယ်။ နောက်ပြီးတော့ ဆီးသွားချင်တဲ့အခါမှာ အောင့်ထားတာမျိုးတွေ မလုပ်စေချင်ပါဘူး။ ဒီအချက်ကလည်း အရေးကြီးပါတယ်။

Voice : ဟုတ်ကဲ့။ အဲဒီလိုဖြစ်တဲ့သူတွေအနေနဲ့ ဘယ်လိုခံစားရနိုင်ပါသလဲ။
Dr.KSO : ဒါက ဆီးသွားတဲ့အခါ အရမ်းနာတယ်။ အောင့်တယ်၊ ပူတယ်၊ ကျဉ်သလိုခံစားရတယ်။ တချို့ဆို ဆီးတစ်စက်၊ နှစ်စက်လောက်ပဲကျပြီး ဆီးသိပ်မသွားနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ခါးရဲ့အောက်ပိုင်းက အောင့်လာတတ်တယ်။ နောက်ပြီး ရိုးရိုးဖျားသလိုမဟုတ်ဘဲ ငှက်ဖျားဖြစ်သလို ချမ်း၊ တုန်၊ ဖျားမျိုးဖျားတတ်တော့ ငှက်ဖျားနဲ့လည်း မှားတတ်တယ်။ ဆီးအရောင်က ပြောင်းသွားတတ်တယ်။ အနီရောင်၊ နီညိုရောင်၊ အရောင်နောက်တာမျိုး အနေအထားကို ပြောင်းသွားတာမျိုးရှိပါတယ်။ ပိုးဝင်တာက ဆီးလိင် ပြွန်လောက်မှာပဲဖြစ်တယ်ဆိုရင် သိပ်ကိစ္စမရှိဘူး။ အဲဒီကတစ်ဆင့် ဆီးအိမ်မှာဆိုရင် ဆီးအိမ်ရောင်တာ ဖြစ်စေတယ်။ အဲဒီကနေ အပေါ်ထပ်ရောက်ရင် ကျောက်ကပ်ကိုရောက်သွားပြီ။ ဒါဆို ကျောက်ကပ်ရောင်တာတွေ ဖြစ်လာတယ်။ ကျောက်ကပ်ကို သွားထိတဲ့သဘောပဲ။ နောက်ဆက်တွဲအနေနဲ့ ဒါတွေဖြစ်တတ်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။

Voice : ပိုးဝင်တာက တစ်ခါဖြစ်ဖူးရင် နောက်ပိုင်းရော ဖြစ်နိုင်သလား ဆရာ။
Dr.KSO : ဖြစ်နိုင်ပါတယ်။ ဒီတော့ ဆီးပိုက်ရေရှည်ထည့်ထားတဲ့သူတွေလည်း ဂရုစိုက်ဖို့လိုအပ်တယ်။ နောက်ပြီး အမျိုးသားရော၊ အမျိုးသမီးရော မိမိရဲ့ လိင်အင်္ဂါကို အိမ်သာသွားပြီးတိုင်း၊ အပေါ့သွားပြီးတိုင်း သေချာဆေးကြောပြီး သန့်အောင်ထားဖို့ အရေးကြီးတယ်။ ရေများများသောက်ဖို့လိုတယ်။ ဒီဟာက တစ်ခါဖြစ်ပြီးရင် ထပ်ဖြစ်နိုင်ခြေက များတော့လေ။ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ်။ နောက်တစ်ခုက အရမ်းကျပ်တဲ့နိုင်လွန်အသားနဲ့ အတွင်းခံဘောင်းဘီတွေမဝတ်ဖို့ပါ။ အမျိုးသမီးတွေဆို ဓမ္မတာလာလို့မဟုတ်ဘဲနဲ့ ပုံမှန် Pad ခံတာတွေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လို့ရတယ်။

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.KSO : ဒါကို မဖြစ်အောင်ဆိုရင် ရေများများသောက်ပြီး အရည်ရွှမ်းတဲ့အသီးတွေစားပေးဖို့ပဲ။ မိန်းကလေးတွေက ပိုဖြစ်နိုင်တော့ အပေါ့အပါးသွားပြီးတဲ့အခါတိုင်း ရေသုံးပေးဖို့ကို ငယ်ငယ်ကတည်းက သင်ပေးသင့်တယ်။ တစ်ကိုယ်ရေသန့်ရှင်းနေဖို့နဲ့ အိမ်သာသွားပြီးတိုင်း သေချာဆေးကြောသန့်စင်ဖို့နဲ့ အိမ်သာရေတွေသန့်ရှင်းနေဖို့ အဓိကလိုအပ်ပါတယ်။ နောက်ပြီး ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ခံစားမိတာနဲ့ စပ်ဆေးတွေကို ကိုယ့်ဘာသာကိုယ် မသောက်စေချင်ဘူး။ ဆီးလမ်းကြောင်းပိုးဝင်လို့ ပေးတဲ့ဆေးတွေက ပဋိဇီဝဆေးတွေဖြစ်တယ်။ ဒီဆေးတွေက တတ်ကျွမ်းတဲ့သူတွေမညွှန်ကြားဘဲနဲ့ မသောက်သင့်ဘူး။ ဒီဆေးတွေက တည့်တဲ့သူရှိသလို မတည့်တဲ့သူတွေရှိတယ်။ သောက်ရင် သူ့ရဲ့ပမာဏနဲ့ အချိန်တိကျဖို့လည်း လိုအပ်တဲ့အတွက်ပါ။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • TAGS