News

POST TYPE

RELAX

ရုပ်ရှင်ခံစားမှု Me Before You
18-Sep-2016

ကျွန်တော်တို့ အရင်ဆုံး ဘာကို ပြောရမလဲ။ ကိုယ်ပိုင်ဆိုင်နေရတဲ့ အခိုက်အတန့် ဘဝကလေး တစ်ခုကိုလား။ ဒါမှမဟုတ်ရင် ကိုယ့်ဘဝလို့ ပြောနေပေမယ့် ကိုယ်ကိုယ်တိုင် ပိုင်ဆိုင်ခွင့် မရတဲ့ ဘဝ တစ်ခုအကြောင်းလား။ လှမ်းမြင်ရပေမယ့် ဆုပ်ကိုင်လို့ မရတဲ့ သက်တံ့ကလေး အကြောင်းလား။ အသက် ရှင်နေပေမယ့် သေဆုံးနေရတဲ့ လူသားတစ်ယောက် အကြောင်းလား ခဏ တိတ်ဆိတ်စွာ နေကြည့်လိုက်ကြရအောင်။ ညဝင်လာဖို့အတွက် မှောင်ဇာတ်သိမ်းပေးရတဲ့ ဆည်းဆာရီ တစ်ခုအကြောင်းကို တိတ်ဆိတ်စွာ ခံစားခွင့် ပေးလိုက်ကြရအောင်။ အမှောင်ထုတွေဆီရောက်မှ သိမ်းဥထားခဲ့ရတဲ့ မျက်ရည်စ ကလေးတွေကို ချောမွေ့ ဖြောင့်တန်းစွာ စီးကျခွင့် ပေးလိုက်ကြရအောင်။ ယခု ဇာတ်အိမ်ထဲတွင် ထိုသို့သော ချုပ်ညရီ တစ်ခုကို တွေ့ခဲ့ရပါသည်။ ထောက်ကန်ပေးရှာတဲ့ လိမ္မော်ရောင် တိမ်စကလေး တစ်ခုကိုလည်း တွေ့ခဲ့ရပါသည်။ ယင်းအရာများထက် ပိုမို လင်းလက်စေသော လွှမ်းခြုံမှု ပေးနိုင်သော အချစ်ဆိုသည့် အရာ တစ်ခုကိုလည်း လှပစွာ တွေ့ခဲ့ရပါသည်။

စီးပွားရေး ပြည့်စုံပြီး ဘဝတစ်ခုလုံး ကုံလုံဖြစ်ထွန်းနေတဲ့ လူတစ်ယောက်ဆီကိုမှ ကံမကောင်းခြင်းတွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာလေသည်။ အက်ဆီးဒင့် ဖြစ်ရာကနေ အောက်ပိုင်း တစ်ခုလုံး သေသွားရတော့သည်။ စကားပြောနိုင်ရုံ။ မြင်နိုင်ရုံ။ ကြားနိုင်ရုံ။ ရသာရုံ။ ဂန္ဓာရုံတို့အား သိရှိနိုင်ရုံမှအပ အခြား အစိတ်အပိုင်းများကို အသုံးချပိုင်ခွင့် မရှိတော့။ ခမ်းနား လှပလွန်းတဲ့ တိုက်အိမ်ကြီးထဲမှာ မိဘတွေက အထူး သူနာပြု ကောင်းကောင်းတွေ ဆေးဝါး အကောင်းစားတွေနှင့် လိုလေသေးမရှိ ပြုစုစောင့်ရှောက် ပါသော်လည်း ထိုသို့သော ဘဝမျိုးမှာ ဘယ်သူ ပျော်ရွှင်နိုင်မှာလဲ။ ဘဝဆိုတဲ့ သက်ရှိထင်ရှား ဖြစ်တည်နေမှုကြီးက အက်ဆီးဒင့် ဖြစ်ကတည်းက အတူတူ ကျိုးကြေသွားဖို့ကောင်းသည်။ ဘဝဆိုသည့် အရာကတော့ ရက်စက် နာကျင်ခြင်းတွေသာ ထပ်ပေးခဲ့သည်။ သူသာ နာကျင် နေခဲ့ရတာလေ။ အရာရာကို အမျက် သိုနေခဲ့ရတာလေ။ မသေဆုံးခင်အထိ ကျန်ရှိနေမယ့် ရက်တွေကို စက်ဝိုင်းကြောင်းပေါ် ဝင်ပြေးမိတဲ့လူ တစ်ယောက်လို အဆုံးသတ်ချိန်ကို စိတ်ပျက်စွာ စောင့်ဆိုင်းနေခဲ့ရတဲ့ လူတစ်ဦး အဖြစ်သာ ရှိနေခဲ့လေသည်။

Louisa လို ချက်ချက်ချာချာ ဘယ်သူ့ကိုမဆို အပြုံးပန်းလေး တစ်ဝေဝေနဲ့  နှုတ်ဆက်လေ့ရှိတဲ့ ကောင်မလေး အတွက်ကြတော့ ဘဝက တစ်မျိုးတစ်ဖုံ ကွဲပြား နေပြန်သည်။ မပြည့်စုံသော ဘဝမှာ အိမ်က မိသားစုအတွက် ငဲ့ကြည့်နေရသည့် ဘဝမျိုး ဖြစ်သည်။ အဖေကလည်း အလုပ်မရှိ။ အမေကလည်း ထိုနည်းလည်းကောင်း။ သူမ ခမျာမှာလည်း ရှိနေတဲ့ အလုပ်ကလေးကို လက်လွှတ်လိုက်ရသေး။ နားလည်ပေးတဲ့ ချစ်သူကလေးတော့ ရှိပါရဲ့။ ဒါပေမယ့်လည်း သူမနဲ့က တစ်ကန့်စီ ဖြစ်နေရသည်။ ဖေဖေ အလုပ် မရခင်စပ်ကြား အလုပ်တစ်ခု ရချင်သည်။ အိမ်ကို ပြန်လည် ထောက်ပံ့ချင်ပါသည်။

ထို့ကြောင့်ပင် ဒုက္ခိတဘဝ ရောက်နေရရှာတဲ့ William ထံကို ကူဖော်လောင်ဖက် အလုပ်သမား ကလေးအဖြစ် အလုပ် ဝင်လုပ်ခဲ့လေသည်။ William လိုအပ်နေတဲ့ အရာက ဆေးဝါးတွေ မဟုတ်ဘူး။ သွားလာရာမှာ အကောင်းဆုံး ထောက်ကူပေးနိုင်တဲ့ စက်ပစ္စည်းတွေ မဟုတ်ဘူး။ နားလည် ဖေးမမှုပါ။ စိတ်သွားတိုင်း ကိုယ် မပါတဲ့ ဘဝနဲ့ အရာရာကို ခပ်ထေ့ထေ့ မြင်နေတဲ့ သူ့စိတ်အစုံကို နားလည်ဖေးမနိုင်တဲ့ ပျော်ရွှင်မှုတွေ ဆောင်ကျဉ်း ပေးနိုင်မယ့် ပုဂ္ဂိုလ်မျိုးပါ။ Louisa ရဲ့ ကမောက်ကမ လုပ်တတ်တဲ့ အပြုအမူ ကလေးတွေ။ တစ်ခုခု အမှားကြုံမိလိုက်ရင် ယုန်ပေါက်စကလေးလို သွားအစုံ ပေါ်အောင် လက်ခနဲ ပြုံးတတ်တာမျိုးတွေ။ အထူးသဖြင့် မည်မျှ စိတ်တိုအောင် ပြောပါစေ အပြစ်ကင်းတဲ့ အပြုံးပွင့်ကလေးနှင့် တစ်ဖက်သားအပေါ် တုံ့ပြန်တတ်တာလေးတွေက William ရဲ့ အက်ကွဲ ခြောက်ကပ်နေတဲ့ စိတ်ကန်ငယ် ကလေးအပေါ် သွန်းချပေးတဲ့ မိုးရေစက် ကလေးတွေနှင့် အလားသဏ္ဍာန် တူသည်ဟု ဆိုနိုင်ပါသည်။

အခုမှ အိမ်ကြီးရဲ့ မြက်ခင်းပြင်ပေါ် ကျလာတဲ့ နှင်းတွေက လှမှန်း သိလာတာ။ အခုမှ ပြတင်းမှန်တွေအပေါ် ယိုစီးလာတဲ့ မိုးရေစက်တွေက အေးမြတတ်မှန်း သိလာခဲ့တာ။ သူမ အပြုံးကလေးတွေနဲ့ စိတ်ကို အသက်ဆက်လို့ နာကျင် ဖျော့တော့နေတဲ့ ခန္ဓာရဲ့ ယိုယွင်းလာမှုကို ခုခံနိုင်သလောက် တန်ပြန်လို့ပေါ့။ စိတ်ကို အလေးအနက်ထားပြီး လုပ်ကိုင် နေရတဲ့ သူနာပြုမလေး Louisa အတွက် ဟောသည်အလုပ်က ပြီးလွယ် ပျောက်လွယ်ဟု ထင်ခဲ့မိပေမယ့် တစ်ဖြည်းဖြည်း ရက်တွေ ကြာမြင့်လာတဲ့အခါ သူမ မျက်ဝန်းထဲက မျက်ရည်မိုး ကလေးတွေ ဖြစ်ထွန်းလာဖို့ သူ့ရဲ့ အပြုအမူတွေက ဝေဒနာ တိမ်စတွေအဖြစ် ပြောင်းလဲပေးလာပြီဆိုတာ သူမ သိလာခဲ့တဲ့အခါ။ ပေါ့ပေါ့ပါးပါးပါး အပြုံးကလေးတွေ အရင်လို လှစ်ခနဲ ပွင့်လှပ်လာဖို့ သူမ အနေနှင့် နောက်ထပ် နောက်ထပ် ဘယ်လို ကြိုးစားရတော့မှာလဲကွယ်။

ဖေးမခြင်း။ အားပေးခြင်း။ သည်းခံခြင်း။ နားလည်မှု ပေးခြင်း စတဲ့အရာတွေနဲ့ စိတ်ကို အေးငြိမ်းစေပေမယ့် ရှေ့ဆက်နေတဲ့ ဘဝ ခရီးကြမ်း ကာလမှာ သူမတို့ နှစ်ဦးသားရဲ့ ဆက်နွယ် ဖြတ်သန်းနေမှုက မှောင်ရိပ် သမ်းသွားရင်ကော လမင်း သာလာပါ့မလား။ ထစ်ချုန်းမိုးတွေနဲ့ မုန်တိုင်းညတွေ ရောက်ရှိလာမယ်ဆိုရင်ရော။ အို။ ကျွန်တော်တို့ အားလုံး ထပ်တူ ငိုမိမှာ အသေအချာပေါ့။ ဘဝဆိုတာ ဘယ်သူမှာမှ မပိုင်နိုင်တာပဲလေ။ သူရော သူမရော။ မတွေ့ဆုံမီ အထိရော တွေ့ဆုံခဲ့ပြီးတဲ့ နောက်ကာလတွေမှာရောပေါ့။ လှပလှတဲ့ အချစ်ဇာတ်အိမ် ကလေးကို အဆုံးသတ် လှပစေဖို့ ရင်တစ်မမ ဆုတောင်းပေးနေရုံမှ တစ်ပါး အခြား မရှိတော့။

Me Before You သည် လွမ်းဆွေးဖွယ် သီချင်း နောက်ခံတေးများ။ အထူးသဖြင့် အဓိက ဇာတ်ဆောင် မင်းသမီး Emilia Clarke ၏ သရုပ်ဆောင်ချက်များဖြင့် ယခု ဇာတ်လမ်းကို ဆွဲခေါ်ခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့် ရုပ်ရှင်ပရိသတ်မျိုးမဆို ယခု ရုပ်ရှင်ကားမျိုးအား နှစ်ခန်း သုံးခန်းလောက် ကြည့်လိုက်မိရုံဖြင့် ရှေ့ဆက် ဘာဖြစ်မည်ဆိုတာ ခန့်မှန်း နိုင်လောက်သော အခြေအနေမျိုးမှာ သရုပ်ဆောင်တွေရဲ့ တင်ဆက်မှုတွေနှင့်သာ ဆွဲခေါ်နိုင်မှ ရပေမည်။ သူတို့သာ ညံ့ဖျင်းခဲ့ပါက ယခုဇာတ်ကားသည် အောင်မြင်မှု အောက်ထစ်ကို ရောက်ရှိသွားမှာ သေချာပါသည်။ စူပါဟီးရိုး ဇာတ်လမ်းများ။ သည်းထိတ်ရင်ဖို ဇာတ်ကား အပိုင်းဆက်များ။ အခြားအခြားသော လူကြိုက်များခဲ့တဲ့ ဇာတ်ကား အပိုင်းဆက်များဖြင့် လုံးလည်ချာလည် ရိုက်နေသည့် ဟောလိဝုဒ် ရုပ်ရှင်ကားများထဲတွင် နှစ်စဉ်နှစ်တိုင်း ဆွတ်ပျံ့စိတ်ကြည်နူးဖွယ် အချစ်ကား နုနုရွရွလေးတွေ ပါပါလာတာနှင့် ယင်းဇာတ်ကားမျိုးတွေကို အားပေးနှစ်ခြိုက်ကြသည့် ပရိသတ်တွေ ရှိနေတာကိုတော့ တစ်နည်းတစ်ဖုံ ကျေနပ်ဖွယ်ရာဟု မှတ်ချက်ပြု ရပေမည်။ ဟိုအရင် အရင်နှစ်တွေက လူကြိုက်များခဲ့သည့် The Best Of Me ၊ The Fault In Our Stars ၊ Dear John စတဲ့ အချစ်ကားတွေနှင့် ပိုကောင်း၊ မကောင်း၊ ညံ့၊ မညံ့ မပြောချင်ပါ။ မနှိုင်းယှဉ်လိုပါ။

ကျွန်တော်တို့အားလုံး လှပသိမ်မွေ့သော ခံစားမှုများဖြင့် လွှမ်းခြုံ ထားအပ်တဲ့ အမြင်အာရုံများဖြင့်သာ ယခုရုပ်ရှင်အား ခံစားပေးဖို့ပဲ လိုလောက်မည် ထင်ပါသည်။ ထိုအခါ အပြစ်ကင်းသော အပြုံးတစ်ချို့ကို မြင်နိုင်မည်။ အားငယ်နေသူအား မည်သည့် အရာမျိုးကသာ ဖြည့်စွမ်းနိုင်ကြောင်းကို တွေ့လာရမည်။ နောက်ဆုံးအနေနှင့် နွေးထွေးလှတဲ့ နေရောင်ခြည်များဖြင့် လွှမ်းခြုံထားတဲ့ ကောင်းကင်မိုးပြာရောင်အောက်က အကြင်နာတရားရဲ့ ချိုမြိန်မှုကို ခံစားနေကြရတဲ့ ချစ်သူနှစ်ယောက်ကိုပါ ကျွန်တော်တို့ ပရိသတ်အားလုံး ကြည်နူးဖွယ် တွေ့ရှိကြရမှာကတော့ အသေအချာပင် ဖြစ်ပါသည်။

ညီလင်းအိမ်

  • VIA