News

POST TYPE

RELAX

နိုင်ငံခြားကားကို မှီငြမ်း ရိုက်ကူးသည့် ဇာတ်ကားဖြစ်ပါက သရုပ်ဆောင်ဆုသာ ပေးမည်ဖြစ်ပြီး ဇာတ်ကားဆုနှင့် ဒါရိုက်တာဆု ပေးမည် မဟုတ်ဟုဆို
18-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၇

၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေကို စိစစ် အကဲဖြတ်ရာမှာ နိုင်ငံခြားကားကို မှီငြမ်း ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါက  သရုပ်ဆောင်ဆုသာ ပေးမှာဖြစ်ပြီး၊ ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုကို ပေးမှာ မဟုတ်ကြောင်း အကယ်ဒမီဆု ရွေးချယ်ရေး၊ ဗဟို စီမံခန့်ခွဲရေး ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးက ပြောကြားပါတယ်။ 

“တချို့ကားတွေက ကုလားကားကို မှီးတာတို့ အင်္ဂလိပ်ကားကို မှီးတာတို့ ရှိတယ်။ ဒါတွေဟာ ဒီနှစ်မှ မဟုတ်ပါဘူး။ အစိုးရပေးတဲ့ နှစ်တွေကတည်းက ရှိတယ်။ တချို့ကလည်း မှီးတာကို ဝန်ခံချက် မပေးဘူး။ ဟိုတုန်းကတော့ နိုင်ငံတော်က ဝန်ခံချက် ထိုးခိုင်းတာတွေ ရှိတယ်။ ဘာသာပြန်ကား ဟုတ် မဟုတ် ဝန်ခံချက် ထိုးခိုင်းတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ပင်လျှင် အကုန်လုံးက မှီငြမ်းကား ဟုတ် မဟုတ် မသိနိုင်ဘူး”လို့ မှီငြမ်း ရိုက်ကူးတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

တရုတ် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ The Road Home ကို မှီငြမ်း ရိုက်ကူးတယ်ဆိုပြီး ပရိသတ်တွေ ဝေဖန် ပြောဆိုခဲ့ကြတဲ့ ထာဝရ အလင်းများ ရုပ်ရှင် ဇာတ်ကားက  ၂ဝ၁၁ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် ထူးချွန်ဆုတွေ ရရှိခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ဖူးပြီး၊ ယခင်နှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲမှာလည်း မှီငြမ်း ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကို ဆုတစ်ဆုမှ မပေးတဲ့အပေါ် အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ 

မကြာသေးမီ ရက်ပိုင်းအတွင်းက ၂ဝ၁၆ ခုနှစ် အတွင်းမှာ ရုံတင်ပြသ ထားပြီး၊ မှီငြမ်းရုပ်ရှင် ဇာတ်ကား တစ်ကားလို့ဆိုကြတဲ့ ခိုးဆိုးလုနှိုက် ဇာတ်ကားကို အကယ်ဒမီ စာရင်းဝင် ဇာတ်ကား စာရင်းမှာ မထည့်သွင်းကြောင်း Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လာမှုနဲ့ ပတ်သက်ပြီးတော့လည်း ယင်းသတင်းက မဟုတ်မှန်ကြောင်း အကယ်ဒမီဆုရွေးချယ်ရေး၊ ဗဟိုစီမံခန့်ခွဲရေး ကော်မတီရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ပြောကြားပါတယ်။ 

“အဲဒီကားကို ကျွန်တော်တို့က ပယ်တယ်ဆိုပြီး Facebook Page တစ်ခုမှာ တင်လိုက်တယ်။ အမှန်က ကျွန်တော်တို့က အကယ်ဒမီအတွက် အကဲဖြတ်အဖွဲ့တောင် မဖွဲ့ရသေးဘူး။ အဲ့ဒီသတင်းကို ကြေးမုံလို နိုင်ငံပိုင် သတင်းစာက ထည့်ရေးလိုက်တယ်။ အမှန်တော့ ဒါမလုပ်သင့်ပါဘူး။  အကယ်ဒမီနဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေရှိရင်၊ သိချင်တာတွေရှိရင် ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ်ပြီး မေးလို့ ရပါတယ်”လို့ ၎င်းက ဆိုပါတယ်။

၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတွေကိုတော့ အောက်တိုဘာလ ဆန်းပိုင်းကစပြီး အကဲဖြတ် အဖွဲ့ဝင်တွေက စတင်ကြည့်ရှု အကဲဖြတ်ကြမှာ ဖြစ်ပါတယ်။ 


  • VIA