News

POST TYPE

RELAX

မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက် ဦးအောင်မြင့်မြတ် (ခ) ကိုရွှေမန်းနှင့် တွေ့ဆုံခြင်း
17-Sep-2016

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို Facebook စာမျက်နှာပေါ်တွင် ဝေဖန်ခဲ့သဖြင့် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက် ဦးအောင်မြင့်မြတ် (ခ) ကိုရွှေမန်းနှင့် The Voice တို့ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : အစ်ကို့ဖြစ်စဉ်ကို ပြန်ပြောပြပါဦး။
KSM : အဲဒီနေ့က သတင်းပို့ပြီးတဲ့အချိန် Facebook တစ်ခွင် ဘာတွေဖြစ်နေလဲ ကြည့်လိုက်တဲ့အခါ ဝန်ကြီးချုပ်ကို ဇာတိမာန် သီချင်းနဲ့ ပတ်သက်ပြီးတော့ ဒီတိုင်း လက်လွတ် ပြောနေကြတာ ရှိတယ်။ တချို့လည်း ဒီအတိုင်း Status တွေ၊ Post တွေကို Share ပြီး ပြောနေတာ ရှိတယ်။ ကျွန်တော်တို့ သတင်းထောက်ထဲကလည်း ဒီဟာနဲ့ ပတ်သက်ပြီး ဟုတ်တယ်၊ မဟုတ်ဘူး၊ အငြင်း ပွားနေတာတွေ ရှိတယ်။ အဲဒီမှာ ကျွန်တော်က Khaing Zaw ဆိုတဲ့ အကောင့်ကို ကျွန်တော့် Friends List ထဲက တစ်ယောက်ကပဲ Share ထားတာ၊ သူလည်း အဲဒီလိုပဲ တစ်ခုခုပြောပြီး Share ထားတာ၊ အဲဒီတော့ ကျွန်တော်ကလည်း Share လိုက်တယ်။ Facebook ရဲ့ သဘောက မူရင်းပို့စ်ကို Share တဲ့ ပုံစံမျိုးပဲ ဖြစ်တာလေ။ မူရင်းပို့စ်က ဘာမှန်းတောင် ကျွန်တော် မသိဘူး။

ဒါပေမဲ့ အဲဒီအသံဖိုင်ကို နားထောင်လိုက်တဲ့ အချိန်မှာ ကျောင်းအုပ် ဆရာမကြီးရဲ့ တင်ပြပုံတွေ၊ ကျောင်းဖွင့်ပွဲမှာ ကျောင်းသားလေးတွေကို ဒီသီချင်း ဆိုဖို့အတွက် အစီအစဉ်လေးတွေ ကောင်းမွန်တဲ့အကြောင်း ဝန်ကြီးချုပ် ပထမပိုင်း ပြောသံတွေ ကြားတယ်။ ကြားပြီးတဲ့ နောက်ပိုင်း ဒီ ဇာတိမာန် သီချင်းဆိုတာ ကျွန်တော်တို့ အစွန်းရောက်တဲ့ သီချင်း ဖြစ်နေတယ်ပေါ့။ သီချင်းပေါ် ဝေဖန်တဲ့တစ်ချက်၊ ပြီးတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု တစ်စုတည်း နေထိုင်တာ မဟုတ်တော့ဘူး၊ ဒီသီချင်းက ကျောင်းတွေမှာဆိုဖို့ မသင့်တော့ဘူး ဆိုပြီးတော့ မသင့်တော်ဘူးဆိုတဲ့ စကားလုံးကို မပါဘူး။ မှန်တယ်။ သေချာ နားထောင်တဲ့အခါမှာ သူက ဒီသီချင်းဟာ အစွန်းရောက်တဲ့သီချင်း ဖြစ်နေတယ်။ ကျောင်းသားတွေအပေါ်မှာ ဘယ်လိုဆိုတဲ့ ဝေဖန်မှု သေချာပေါက်ပဲ။ ဘယ်သူ နားထောင် နားထောင် အဲဒီအတိုင်းပဲ ကြားရမှာ။ ကျွန်တော်လည်း အဲဒီတစ်ပိုင်းတစ်စကိုပဲ နားထောင်ရတာ။ အသံဖိုင် အစအဆုံးဆိုပြီး ပါတယ်ဆိုတဲ့ဟာက နောက်တစ်ရက် ကျွန်တော်ဖြစ်ပြီး နောက်တစ်ရက် နေ့ခင်းလောက်ကျမှ စည်ပင်သာယာ Page မှာ တက်လာတယ်။ ဒါ အသံဖိုင် အစအဆုံးပါ ဆိုပြီးတော့။

တချို့ မီဒီယာတွေ ဆိုလို့ရှိရင် ဝန်ကြီးချုပ်က ဒါနဲ့ပတ်သက်ပြီး ဖြေဆိုဖို့တောင် ငြင်းဆို ထားတာတွေ ရှိတယ်။ တချို့ မီဒီယာတွေတော့ သူဖြေဆိုထားတာ ရှိတယ်။ သူတောင်မှ ဟုတ်တယ် မဟုတ်ဘူး၊ ငြင်းဆိုပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် ရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့လည်း ဒီအပေါ်မှာ နားထောင်ပြီးတော့ ကျွန်တော့် ခံစားချက်အတိုင်း တင်ခဲ့တဲ့ဥစ္စာ၊ ကျွန်တော် မှားတယ် မှန်တယ် ဆိုတဲ့ဟာ ပြင်ဆင်ခွင့် မရှိဘူးလား။

Voice : “ခင်ဗျားသမီး နှစ်ယောက်ရှိရင် တစ်ယောက်ကို တရုတ်နဲ့ တစ်ယောက်ကို အိန္ဒိယနဲ့ ပေးစားလိုက်၊ ဒါဆို ဇာတိမာန်သီချင်း မဆိုတော့ဘူး။ အဲဒါ ကမ္ဘာပြုတာပဲ သိလား။ ပင်နီဝတ် ဝန်ကြီးချုပ် ဇော်မြင့်မောင်ရေ”ဆိုပြီး အစ်ကို ဝေဖန် ရေးသားခဲ့တာ ဘယ်လို ခံစားချက်နဲ့ ရေးခဲ့တာလဲ။
KSM : အဲဒါရေးတုန်းက ဝန်ကြီးချုပ်မှာ သမီး နှစ်ယောက်နဲ့ သား တစ်ယောက် ရှိမှန်းလည်း တကယ် မသိခဲ့ဘူး။ နောက်မှ အဲဒါ ရေးပြီးနောက်မှ သိရတာ။ ကျွန်တော် ဆိုလိုတာက ကမ္ဘာပြုချင်ရင် အဲဒီလို လုပ်လို့ ပြောတာ။ သူ့သမီး နှစ်ယောက်ကို ပေးစားတာလည်း မဟုတ်ဘူး။ ကိုယ် ပေးစားလို့လည်း ရတာမှ မဟုတ်တာ။ နောက်ပြီး ကျွန်တော် ရေးခဲ့တာက သမီး နှစ်ယောက် ရှိရင်လို့ ရေးခဲ့တာ။ သမီး နှစ်ယောက်ကိုလို့ မဟုတ်ဘူး။

Voice : အလုပ် ဖြုတ်လိုက်တယ်လို့ ဘယ်လို အသိ ပေးခံရတာလဲ။
KSM : ကျွန်တော် ည ၉ နာရီ ၅၃ မိနစ်မှာ တင်လိုက်တယ်။ ၂၈ ရက်နေ့ ည။ နောက် မနက် ၈ နာရီ အိပ်ယာ နိုးတဲ့အချိန်မှာ ဖျက်လိုက်တယ်။ ဒါက အငြင်းပွားစရာ ဖြစ်နေတယ်။ ကိုယ်က ဝန်ထမ်း သတင်းထောက် တစ်ယောက်လည်း ဖြစ်တဲ့အတွက် မသင့်တော်ပါဘူးဆိုပြီး ကိုယ့်ဖာသာကိုယ် စိစစ်ပြီး ဖျက်လိုက်တယ်။ ဖျက်လိုက်တဲ့ နောက်ပိုင်းမှာ ကျွန်တော့်ဆီ ဖုန်းတွေ ဝင်လာပြီးတော့ ကျွန်တော့်ကို ဌာနမှူးတို့ ဘာတို့က ခေါ်ပြီးတော့ တွဲမှူး ရုံးခန်း တက်ရမယ်။  ဒီဟာနဲ့ပတ် သက်ပြီး မင်းဖြေရှင်းချက် ပေးရမယ်ဆိုပြီး ကျွန်တော့်ကို ခေါ်တယ်။ သွားတယ်။ အကျိုးအကြောင်း၊ ကျွန်တော် ဘာ့ကြောင့် ဒီလို လုပ်တယ်ဆိုတာ အကျိုးအကြောင်း ရှင်းပြခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းရှင်း ပြောရရင် နိုင်ငံခြား ရောက်နေတဲ့ မြို့တော်ဝန်ကြီးကတောင် ဒီလိုတော့ မဖြစ်သင့်ဘူး။ ဝန်ကြီးချုပ်ကြီးက တအား စိတ်ဆိုးနေတယ် ဆိုတဲ့အသံတွေ ကျွန်တော် ကြားတယ်။ နောက် တစ်ချက် ဝန်ကြီးချုပ်ကနေပြီးတော့ ဥပဒေချုပ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်လို့ရတယ် ဆိုတဲ့ အကြံဉာဏ် တောင်းတာတွေ ဘာတွေကို နီးစပ်သူတွေဆီကနေ ပြန်ကြားရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုတော့ Action တစ်ခုခု ယူမှဖြစ်မယ်။ မင်းက ပရိုဖိုင် အစစ်နဲ့ သွားလုပ်တာကိုး ဆိုတော့ တခြား ပရိုဖိုင် အစစ်တွေနဲ့ပဲ ပြောဆိုနေတာတွေ အများကြီး ရှိပါတယ်။ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီဌာနရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်နေတဲ့အတွက် ကျွန်တော် ခုလို အရေးယူခံရတာ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ သတင်းထောက် သက်တမ်းတစ်လျှောက်၊ Facebook သုံးတဲ့ သက်တမ်း တစ်လျှောက်လုံးမှာလည်း ဒီလိုမျိုး ရေးသားခြင်း၊ ရှယ်ခြင်း ကျွန်တော် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ အခု တစ်ခါပဲ၊ ဇာတိမာန်သီချင်းနဲ့ ပတ်သက်ပြီး စိတ်ခံစားပြီးတော့ ရေးလိုက်တဲ့ဥစ္စာ၊ အခု ကျွန်တော့်ကို ရှေ့မှာ ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ အကုန်လုံးက တစ်ခါတည်းပဲ ပြီးသွားတာပါ။

စွဲချက် နှစ်ခုနဲ့ ဆင့်ဆိုတယ်။ စွဲချက် တစ်ကတော့ ဝန်ကြီးချုပ်ကို ကျွန်တော်က ပုဂ္ဂိုလ်ရေးဆန်ဆန် ဝေဖန် ရေးသားခဲ့တယ်ဆိုတာ မှန်သလား၊ ဘာကြောင့် ရေးသားသလဲဆိုတာ ဖြေရှင်းချက် တောင်းတာပေါ့။ စွဲချက် နှစ်ကတော့ ကျွန်တော်က ဝန်ထမ်း စည်းကမ်း စည်းမျဉ်းကို ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ပေါ့။  စွဲချက်တစ်ကိုတော့ ခုနက ပြောခဲ့တဲ့ အတိုင်းပဲ။ ဘာကြောင့် ဒီအသံဖိုင် တစ်ပိုင်းတစ်စကို နားထောင်တယ်။ မှတ်ချက်ရေး လိုက်ပြီး ရှယ်တယ်။ မနက်ကျတော့ ဒါက တခြား သတင်းတွေမှာလည်း အမျိုးမျိုး ဖြစ်နေတာပေါ့။ ဟုတ်တယ် မဟုတ်ဘူး ဝိရောဓိ ဖြစ်နေတာရယ်၊ ကိုယ်က ဝန်ထမ်း သတင်းထောက် တစ်ယောက် ဖြစ်နေတာကြောင့် ဖျက်လိုက်တာ၊ ဒါပေမဲ့လို့ ကျွန်တော့် အကောင့်ထဲမှာ ရှိနေတဲ့ မိတ်ဆွေလို့ ယူဆရတဲ့ သူတွေက Screen Shoot ရိုက်ပြီးတော့ လုပ်တယ်။

အဲဒီနေ့ မနက်မှာပဲ ကျွန်တော့်ရဲ့ နာမည်အရင်းက၊ ရွှေမန်းရဲ့ နာမည်အရင်းက ဘယ်သူလဲ ဆိုပြီးတော့ ကျွန်တော့်တိုက်က သတင်းထောက်ချုပ်ဆီကို စုံစမ်းတဲ့ ဖုန်းတွေ ဝင်တာတွေ ရှိတယ်။ အဲဒီ စုံစမ်းတဲ့သူတွေကပဲ ဝန်ကြီးချုပ်ကို တင်ပြလို့ ဝန်ကြီးချုပ် စိတ်ဆိုးပြီး ဒီလိုဖြစ်တာ ဖြစ်တယ်။ ကျွန်တော် ဝန်ကြီးချုပ်ကို ချစ်ခြင်း၊ မုန်းခြင်း မရှိဘူး။

Voice : ဝန်ကြီးချုပ်ကို ဝေဖန်လို့ အလုပ် ထုတ်ခံရတယ်ပေါ့။
KSM : အခုကတော့ အဲဒီလို ဖြစ်သွားတာပေါ့။။ ကျွန်တော့်ကို ထုတ်တဲ့ ထုတ်စာမှာတေ့ ကျွန်တော့်ကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းနဲ့ မကိုက်ညီဘူး။ သတင်းထောက် ကျင့်ဝတ်နဲ့ မကိုက်ညီဘူး ဆိုပြီး။ ကျွန်တော်တို့ သတင်းထောက် ဆိုတဲ့နေရာမှာ သတင်း Source (သတင်း အရင်းအမြစ်) ကို ဘာလုပ်မယ်။ သတင်းစာ မျက်နှာပေါ်မှာ ညီမျှအောင် ဖော်ပြမယ်။ ကိုယ့်ခံစားချက် ကြောင့် Facebook မှာ တင်တဲ့ကိစ္စ သတင်းထောက် ကျင့်ဝတ်နဲ့ ဆိုလို့ရှိရင် တစ်ခါတလေကျရင် မကျေနပ်လို့ ဆဲတဲ့ဟာတွေ၊ ဝေဖန်ချက်တွေ ရေးတဲ့ဟာတွေ အကုန်လုံးက သတင်းထောက် ကျင့်ဝတ်နဲ့ ညီရဲ့လားဆိုတာ ပြောစရာ ဖြစ်လာတာပေါ့နော်။ ကျွန်တော်က သတင်းထောက် ကျင့်ဝတ်ကို ဖောက်ဖျက်တာ တစ်ခုမှ မရှိသေးဘူး။ ကျွန်တော် ဒီကိစ္စကြီးကို အတည်ပြု လိုက်တာလည်း မဟုတ်ဘူး။ ကျွန်တော်ကစပြီး Post တင်ခဲ့တာလည်း မဟုတ်ဘူး။

Voice : ခုလို အရေး ယူခံရတဲ့အပေါ် ဘာပြောချင်မလဲ။
KSM : ဘာပြောချင်လဲ ဆိုတော့ ဌာနက ကျွန်တော့်ကို ဝန်ကြီးချုပ်ကို သွားပြီး တောင်းပန်ဖို့ အစီအစဉ် ရှိလားလို့ အကြံပြုတာတွေ ရှိတယ်။ ကျွန်တော် သွားတောင်းပန်ဖို့လည်း စီစဉ်တယ်။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးနဲ့ ပင်လုံ ညီလာခံတို့၊ ပုဂံ ငလျင်တို့ကြောင့် လူကြီး မရှိဘူးဆိုပြီး ကြန့်ကြာပြီးတော့ ကိုယ်ထိလက်ရောက် သွားပြီး မတောင်းပန်ဖြစ်ဘူး။ ဘာလို့ တောင်းပန်ချင်လဲ ဆိုရင် ကျွန်တော့် ရှယ်လိုက်တဲ့ ဥစ္စာ၊ ကျွန်တော် ရေးသားတာ မှားတဲ့အတွက်၊ နောက်ဆုံး ဇာတိမာန် သီချင်းကို ဝန်ကြီးချုပ် ပြောခဲ့သည်ဖြစ်စေ၊ မပြောခဲ့သည်ဖြစ်စေ ကျွန်တော် ဒီလို ဝေဖန်ချက်တွေထား၊ တိုင်းဒေသကြီးရဲ့ အုပ်ချုပ်သူ တစ်ယောက်ကို ဝန်ထမ်းအငယ် တစ်ယောက်က ဒီလို ဝေဖန်တယ်ဆိုတာ မှားယွင်းဝေဖန်တာမို့ သွားတောင်းပန်မလို့၊ တောင်းပန်ဖို့ အစီအစဉ် ရှိတယ်။ စီစဉ်ခဲ့တယ်။ စီစဉ်သူ တချို့ကြောင့် ကြန့်ကြာပြီးတော့ ဝန်ကြီးချုပ်ကို ကိုယ်တိုင် တောင်းပန်ခွင့် မရခဲ့ဘူး။

ဒီကြားထဲ ဒီအမိန့်စာ ထွက်လာတယ်။ လူကြီးတွေ ပြောသလို ကျွန်တော့်ကို တရားစွဲဆိုတာ မဟုတ်ဘဲနဲ့ ဌာနက ထုတ်ပယ်တာလောက်နဲ့ ပြီးသွားတာ တော်သေးတယ် ဆိုတဲ့ဟာ မှားပါတယ်။ ကျွန်တော် ပြောဆိုခဲ့တာတွေ၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းနဲ့ ဌာနအပေါ် ပြောဆိုခဲ့တာ မဟုတ်ဘူး။ ကျွန်တော့် သတင်းလုပ်ငန်းအပေါ် မှားယွင်းခဲ့တာ မရှိဘူး။ ဒီဗွီဒီယို ဖိုင်ကို ရှယ်လိုက်တာ မှားတယ်။ ဒါက ဘယ်လိုဖြစ်တယ် ဆိုပြီး ခေါ်ယူ သတိပေးလည်း ရပါတယ်။ တပည့် သား သမီးလို ဖြစ်တဲ့အတွက် ကျွန်တော့်ကို တခြားနည်းနဲ့ ဆုံးမစရာတွေ အများကြီး ရှိပါတယ်။ တခြားနည်းနဲ့ အပြစ်ပေးလို့ ရပါတယ်။

ဒါပေမဲ့ အခုကိစ္စက ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက စည်ပင်က သတင်းထောက် တစ်ယောက်က ဒီလို ဝေဖန်တာ ဘယ်လိုဖြစ်တယ်၊ ညာလို ဖြစ်တယ်ဆိုတဲ့ ကျွန်တော့်ဌာနက ဌာန အကြီးအမှူးတွေဆီကို ဖုန်းဆက်တာတို့၊ Message ပို့တာတို့၊ Chatbox ကနေ ပြောတာတို့ လုပ်တဲ့အတွက် ဌာနကအရာရှိ တွေကလည်း ကျွန်တော့်ကို အရေး မယူရက်ဘဲနဲ့ ယူခဲ့ရတာ ကျွန်တော် နားလည်တယ်။

ဒါပေမဲ့ ခုန ပြောသလို ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော့်ထွက်ဆိုချက် အတိအကျ ၃ဝ ရက်နေ့မှာ နှုတ်နဲ့ကော စာနဲ့ကော တင်ပြ ထွက်ဆိုထားတာ ရှိတယ်။ အဲဒီ တင်ပြ ထွက်ဆိုချက်ကို ဝန်ကြီးချုပ်ကြီး ဖတ်ချင်မှလည်း ဖတ်ရလိမ့်မယ်။ ဖတ်ပြီးတော့မှ သူမကျေနပ် လို့ပဲဖြစ်ဖြစ်၊ ကျေနပ်လို့ပဲဖြစ်ဖြစ် မင်းတို့ဌာန အစီအစဉ်နဲ့ပဲ အရေးယူ ဆောင်ရွက်ဆိုရင်ပဲ ကျွန်တော် ထင်တယ်။ ကျွန်တော်လည်း အဲဒီနေရာမှာဆို ဝန်ကြီးချုပ် အထင်အမြင် မလွဲမှားအောင်လို့ ဒီလိုပဲ လုပ်ရပါလိမ့်မယ်။ အခုလို ထုတ်ပယ်တဲ့အထိ အရေးယူမှုမျိုးတော့ ကျွန်တော် မမျှော်လင့်ခဲ့တာ အမှန်ပဲ။

မြတ်(ကလေး)

ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို တွေ့ဆုံမေးမြန်းရန် ခွင့်တောင်းရာတွင် မိမိကိုယ်တိုင် ဖြုတ်လိုက်ခြင်း မဟုတ်သည့်အတွက် မဖြေကြားလိုကြောင်း ပြန်လည် ပြောဆိုသည်။ ယင်းအပြင် မန္တလေး မြို့တော်စည်ပင် သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းထံ အင်တာဗျူးခွင့် တောင်းရာတွင်လည်း ဝန်ထမ်း ဖြစ်နေပြီး စည်းကမ်းနှင့် မညီသဖြင့် ထုတ်ပယ် လိုက်ခြင်း ဖြစ်သည့်အတွက် အခြား ပြောဆိုရန် မရှိကြောင်း ပြောဆိုခဲ့သည်။

  • VIA