News

POST TYPE

RELAX

အမေရိကန် Peace Corps နှင့် တွေ့ဆုံခြင်း
17-Sep-2016

ယခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်း အကူအညီများ စတင်မည့် အမေရိကန် အစိုးရအေဂျင်စီ တစ်ခုဖြစ်သော Peace Corps ၏ လုပ်ငန်းများအကြောင်း၊ ယင်းအဖွဲ့အစည်းအကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Ms. Maura Fulton နှင့် ဆက်သွယ်မေးမြန်း ထားသည်များကို ပြန်လည် ဖော်ပြပါသည်။


Voice : ပထမဆုံး မေးချင်တာတော့ Peace Corps ဆိုတာ ဘာလဲပေါ့။ ဒီနာမည်က မြန်မာတွေနဲ့ စိမ်းနေတော့ Peace Crops အကြောင်းကိုပဲ အရင် ရှင်းပြပေးပါ။

PC : Peace Corps ဆိုတာ နိုင်ငံရေး၊ ဘာသာရေး မဆက်နွှယ်တဲ့ အမေရိကန် အစိုးရ အေဂျင်စီ တစ်ခုပါ။ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့  ၁၉၆၁ ခုနှစ်မှာ အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Peace Corps က လုပ်ဆောင်မယ့် စေတနာ့ ဝန်ထမ်းလုပ်ငန်းတွေက အကူအညီ လိုနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့  တွေ့ဆုံပြီး လိုအပ်တဲ့ လေ့ကျင့် သင်ကြားမှု လုပ်ပေးတာမျိုးတွေ၊ နောက်ပြီး အမေရိကန်တွေ အကြောင်း မြန်မာတွေ ပိုမို သိရှိနားလည် လာဖို့နဲ့ မြန်မာတွေ အကြောင်းကိုလည်း အမေရိကန်တွေ အနေနဲ့ ပိုပြီး သိရှိ နားလည်လာဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ စီမံကိန်းတွေကနေတစ်ဆင့် Peace Corps ရဲ့ စေတနာ့ ဝန်ထမ်းတွေဟာ မြန်မာနဲ့ အမေရိကန် လူထုအကြား နားလည်မှု ချစ်ကြည်ရင်းနှီးမှုတွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ 

Peace Corps ဟာ အမေရိကန်တွေကို အမေရိကန် ပြည်ထောင်စုရဲ့ ကိုယ်စား ကမ္ဘာတစ်ဝန်းကို စေလွှတ်ပြီးတော့ ဖွံ့ဖြိုးရေး တခြားသော လိုအပ်ချက်များကို အကူအညီပေး လုပ်ဆောင်ပါတယ်။ စေတနာ့ဝန်ထမ်းတွေဟာ အခြေခံ လူထုတွေနဲ့ တွေ့ဆုံပြီးတော့ စိုက်ပျိုးရေး၊ အစုအဖွဲ့ စီးပွားရေး ဖွံ့ဖြိုးရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ လူငယ့်ရေးရာ ကိစ္စတွေမှာ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီလို ရေးရာတွေမှာ ကြုံရတဲ့ ပြဿနာတွေကို ရေရှည် ပြေလည်အောင် ဘယ်လို ရှင်းကြမလဲဆိုတာ အခြေခံ လူထုထဲက မိတ်ဖက်တွေနဲ့ပဲ တွဲပြီးတော့ အဖြေရှာကြဖို့ပါ။

ကျွန်မတို့ဆီက ပထမဦးဆုံး စေတနာ့ဝန်ထမ်း အဖွဲ့ဟာ ရက်ပိုင်းအတွင်း ရောက်လာပြီးတော့ အင်္ဂလိပ်စာ အရည်အသွေး မြှင့်ရေးကို စပြီး လုပ်ပါမယ်။


Voice : Peace Crops က ဘာကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ဖို့ စီစဉ်ရသလဲ ဆိုတာလည်း သိပါရစေ။

PC : မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက Peace Corps ဒီမှာ အလုပ် လာလုပ်ဖို့ ၂ဝ၁၃ ခုနှစ်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာမှာ သမ္မတ အိုဘားမား  မြန်မာနိုင်ငံကိုလာတော့ နှစ်နိုင်ငံ အစိုးရတွေအကြား Peace Corps လုပ်ငန်းတွေ မြန်မာမှာ စလုပ်ဖို့ ကိစ္စအပေါ် သဘောတူညီချက် လက်မှတ် ထိုးခဲ့ပါတယ်။ ဒီသဘော တူညီချက်အရ မြန်မာနိုင်ငံဟာ Peace Corps ရဲ့ လုပ်ငန်းတွေ လုပ်မယ့် ၁၄၁ နိုင်ငံမြောက်အဖြစ် မှတ်တမ်းဝင် သွားပါတယ်။ အမေရိကန် စေတနာ့ ဝန်ထမ်းတွေဟာ ဒေသခံတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ လုပ်ဖို့၊ အပြန်အလှန် ယဉ်ကျေးမှု ဖလှယ်ဖို့နဲ့ ရေရှည် တည်တံ့မယ့် ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ရေးအတွက် ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ- အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမို ခိုင်မာစေမှာ ဖြစ်ပါတယ်။


Voice : အပေါ်မှာတော့ Peace Corps က ဘာတွေ လုပ်မယ်ဆိုတာ ပြောထားတယ်ပေါ့နော်။ ဒါပေမဲ့  သေသေချာချာ ထပ်မေးရရင် Peace Crops က မြန်မာတွေအတွက် ဘာလုပ်နိုင်မှာလဲ ဆိုတာလည်း သိချင်ပါတယ်။

PC : မြန်မာတွေဟာ ပညာရေး အတွက်ရော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာပါ အသုံးချဖို့အတွက် အင်္ဂလိပ် ဘာသာစကားကို သင်ယူဖို့ စိတ်အားထက်သန် ကြပါတယ်။ ဒီနေရာမှာ Peace Corps က အကူအညီ ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အသိုက်အမြုံထဲကို ပိုပြီး တိုးဝင်လာတာနဲ့အမျှ အင်္ဂလိပ်စာ တတ်မြောက်မှုကလည်း ပိုပြီး လိုလာမှာပါ။ ပညာရေး ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေ၊ ပညာရေး အဆင့်မြှင့်တင်မယ့် လုပ်ငန်းတွေ၊ ဆရာတွေရဲ့ အရည်အချင်း မြှင့်တင်မှုပိုင်းတွေ၊ အင်္ဂလိပ်စာ သင်ရိုးပိုင်း အဆင့်မြှင့်တင်မှုတွေ စတာတွေမှာ Peace Corps က ဝန်ကြီးဌာနနဲ့ ပူးပေါင်း ကူညီမှုတွေ လုပ်သွားပါမယ်။ Peace Corps က စေတနာ့ ဝန်ထမ်းတွေဟာ အခြေခံ ပညာကျောင်းတွေမှာ ဆရာတွေ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး အင်္ဂလိပ်စာ ကျွမ်းကျင် တတ်မြောက်မှုနဲ့ သင်ကြားမှု အပိုင်းတွေ တိုးတက်လာဖို့  အကူအညီ ပေးသွားပါမယ်။


Voice : Peace Corps ဟာဆိုရင် ၁၉၆၁ ခုနှစ်မှာ တည်ထောင်ပြီးတော့ မြန်မာနိုင်ငံဟာ ၁၄၁ နိုင်ငံမြောက် လုပ်ငန်းတွေ စတဲ့နိုင်ငံဆိုတော့ အရင်တုန်းက ဘာလို့ မြန်မာကို မလာတာလဲ။ အခုမှ ဘာလို့ Peace Corps ဝင်လာဖို့ စီစဉ်သလဲ ဆိုတာလည်း သိချင်ပါတယ်။

PC : ကျွန်မတို့က Peace Corps ရဲ့ အစီအစဉ်တွေ  လာလုပ်ဖို့ ဖိတ်ကြား ခံရတဲ့အခါမှသာ ဖိတ်ကြားတဲ့ နိုင်ငံတွေဆီကို သွားလေ့ ရှိပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုပဲ ၂ဝ၁၃ မှာ ဖိတ်ကြားခံရတယ်၊ ၂ဝ၁၄ သမ္မတ အိုဘားမား ခရီးစဉ်မှာ နှစ်နိုင်ငံ သဘော တူညီခဲ့တယ်။ အရင်တုန်းက မလာဘဲ ခုမှလာရတယ် ဆိုတာ ဒါကြောင့်ပါ။


Voice : မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးတဲ့အခါ ဘတ်ဂျက် ဘယ်လောက် သုံးစွဲမယ်ဆိုတဲ့ တိတိကျကျ သတ်မှတ်ချက်မျိုးရော ရှိပါသလား။

PC : Peace Corps က လူတွေရဲ့ အရည်အသွေး မြှင့်တင်မှုပိုင်းတွေကို အဓိက အကူအညီ ပေးတာပါ။ ဒီနိုင်ငံမှာ စမယ့် အစီအစဉ်ကတော့ အောက်တိုဘာလ အတွင်းမှာ အမေရိကန် စေတနာ့ဝန်ထမ်း ခြောက်ယောက်ပါတဲ့ ရှေ့ပြေးအဖွဲ့ တစ်ဖွဲ့ဟာ ကျောင်းတွေမှာ စာသင်ဖို့ ဖြစ်ပါတယ်။ ပြီးရင်တော့ ၂ဝ၁၇ ခုနှစ် ဇွန်လမှာ စေတနာ့ ဝန်ထမ်း ၂ဝ ပါတဲ့ အဖွဲ့ တစ်ဖွဲ့ ထပ်လာပြီး ရန်ကုန်နဲ့ ပဲခူးမှာ အင်္ဂလိပ်စာ သင်ကြားပေးမယ့် အစီအစဉ်တွေ လာပါမယ်။ မြန်မာအစိုးရနဲ့ လုပ်ဖော် ကိုင်ဘက်တွေရဲ့ လိုလားမှုအပေါ် အခြေခံပြီး Peace Corps ရဲ့ လုပ်ငန်းတွေကို နှစ်အလိုက် တိုးချဲ့ဖို့ ဖြစ်ပါတယ်။


Voice : Peace Corps အကြောင်းနဲ့ မြန်မာနိုင်ငံမှာ လုပ်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဘာများဖြည့် ပြောချင်ပါသေးလဲ။

PC : ကျွန်မတို့ရဲ့ စေတနာ့ ဝန်ထမ်းတွေဟာ မတူညီတဲ့ နောက်ခံ အသိုင်းအဝိုင်းကနေ လာတဲ့ အသက် ၁၈ နှစ် အထက် အမေရိကန်တွေ ဖြစ်ပါတယ်။ သူတို့ဟာ စေတနာ့ ဝန်ထမ်း လုပ်ငန်းတွေကို စိတ်ဝင်စားပြီး ပြည်ပ တိုင်းပြည်တွေမှာ လူမှုလုပ်ငန်းတွေ လုပ်ဖို့ စိတ်အား ထက်သန်သူတွေ ဖြစ်ကြပါတယ်။ လောလောဆယ် အနေနဲ့ နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ တာဝန် ထမ်းဆောင်နေတဲ့ စေတနာ့ ဝန်ထမ်းပေါင်း ၇ဝဝဝ ကျော် ရှိပါတယ်။ ၆ဝ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပြီး ကျန်တာတော့ အမျိုးသားတွေပေါ့။ သူတို့ရဲ့ ပျမ်းမျှ အသက်က ၂၉ နှစ်ဖြစ်ပြီး ၈ ရာခိုင် နှုန်းလောက်ကတော့ အသက် ၅ဝ ကျော်တွေ ဖြစ်ပါတယ်။ မြန်မာကိုလာမယ့် သူတွေကတော့ မတူကွဲပြားတဲ့ အရည်အချင်း ပြည့်ဝတဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်မှာပါ။

စေတနာ့ ဝန်ထမ်းတွေဟာ အမေရိကန် နိုင်ငံသား ဘွဲ့ရ ဖြစ်ရပါမယ်။ သူတို့ဟာ စိစစ် ရွေးချယ်မှု အဆင့်ဆင့်ကို ဖြတ်ရပြီးတော့ နည်းပညာ ကျွမ်းဝင်မှု၊ ရင့်ကျက်မှုနဲ့ အဖွဲ့ရဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နိုင်မယ့် အရည်အသွေး ရှိရပါတယ်။ ဒီနိုင်ငံကို လာရောက်ပြီး အလုပ် လုပ်မယ့် စေတနာ့ ဝန်ထမ်းအဖြစ် ရွေးချယ်ခံရပြီ ဆိုတာနဲ့ ဒီမှာ လုပ်မယ့် လုပ်ငန်းရပ်တွေနဲ့ ပတ်သက်လို့ ကြိုတင်လေ့ကျင့် သင်ကြားမှုတွေ လုပ်ရသလို မြန်မာ ဘာသာစကားနဲ့ ယဉ်ကျေးမှု၊ ကျန်းမာအောင် လုံလုံခြုံခြုံ နေတတ်အောင် လေ့ကျင့် သင်ကြားမှုတွေ ခံယူရပါတယ်။ ဒီလို လေ့ကျင့် သင်ကြားပေးမှုတွေကို Peace Corps ဝန်ထမ်းတွေက လုပ်ပေးတာ ဖြစ်ပြီးတော့ မြန်မာအစိုးရက တစ်ပြားမှ အကုန်အကျခံစရာ မလိုပါဘူး။ 


The Voice


  • VIA