News

POST TYPE

RELAX

ဖိုးချစ်နဲ့ တွေ့ဆုံခြင်း
16-Sep-2016

နာမည်ကျော် ဇာတ်မင်းသား ဖိုးချစ်နဲ့ တွေ့ဆုံပြီး၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ်၊ နေပြည်တော်မှာ ငါသည် အောင်ဆန်းပြဇာတ်ကို ကပြခဲ့ရတဲ့အပေါ် ခံစားမှု၊ ဇာတ်တည်ထောင်သူတွေကို ချေးငွေ ထုတ်ပေးတဲ့ အကြောင်းရင်းနဲ့ ခေတ်သစ်ဧကရီ ဖျော်ဖြေပွဲကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ရတဲ့ အကြောင်းရင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့က နေပြည်တော်မှာရှိတဲ့ သဘင်ဆောင်မှာ ငါသည်အောင်ဆန်း ပြဇာတ်ကို ကခဲ့တယ်လို့ သိရပါ တယ်။ အဲ့ဒီအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
PC : ဒီပွဲကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လာကြည့်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆိုတော့ နိုင်ငံတကာက ဧည့်သည်တွေပါ လာကြည့်ခဲ့ကြပါတယ်။ ငါသည် အောင်ဆန်း ပြဇာတ်ကို ကခဲ့ရတဲ့အတွက် ရင်ထဲမှာ ကျေနပ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပြဇာတ်ကို ကပြပေးဖို့အတွက် ကျွန်တော်တို့ကို လိုလိုလားလား ဖိတ်ကြားတယ်။ ကပြ ဖျော်ဖြေခွင့် ရခဲ့တဲ့အတွက်လည်း အရမ်း ဝမ်းသာပါတယ်။ စိတ်ထဲမှာလည်း သာမန်ထက်စာရင် ခံစားမှုလေး တစ်မျိုး ပြောင်းပါတယ်။ အခက်အခဲ တစ်ခုကတော့ သဘင်ဆောင်က ပြဇာတ်ကဖို့အတွက် အရမ်းကြီး အဆင်မပြေဘူး။ ကျွန်တော့်ရဲ့ အလူမီနီယံ ဇာတ်ခုံကို အဲဒီမှာ တည်ပြီး ကလို့ ရအောင် စီစဉ် ရပါတယ်။ ဒီလိုမျိုး စိန်ခေါ်မှု အသစ်လေးတွေရှိတာ ပျော်စရာ ကောင်းပါတယ်။

Voice : တောင်ကြီးမြို့မှာရှိတဲ့ ကျောက်တိုင် အားကစားကွင်းမှာလည်း စက်တင်ဘာလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာ ငါသည်အောင်ဆန်း ပြဇာတ်ကို ကပြဖို့ စီစဉ်ထားတာလည်း တွေ့တယ်နော်။
PC : ကျွန်တော်က ဒီနှစ်အတွင်းမှာ ငါသည်အောင်ဆန်း ပြဇာတ်ကို နယ်မြို့တွေမှာပါ ရသလောက်ကဖို့ ပြင်ဆင်ထားတာလေ။ တချို့နေရာတွေမှာလည်း ကပြလို့ ရသလောက် ကခဲ့ပြီးပြီပေါ့။ ကျွန်တော်တို့က တောင်ကြီးမှာ ငါသည်အောင်ဆန်း ပြဇာတ်ကို နှစ်ရက် ကမယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ အနုပညာ ညီအစ်ကိုတွေနဲ့ ဘောလုံးပွဲလေး ကန်ကြမယ်ပေါ့။ တောင်ကြီးမှာလည်း ဘောလုံး ကန်တဲ့ မိတ်ဆွေတွေ ရှိကြတော့ ချစ်ကြည်ရေး ပွဲလေး ကန်ကြမှာပါ။ ငါသည် အောင်ဆန်း ပြဇာတ်ကို ကဖို့ စီစဉ်ပေးတဲ့ သူတွေကတော့ ပွဲကရတဲ့ အကျိုးအမြတ် တချို့ကို ပရဟိတအသင်းတွေကို လှူမယ်လို့ ပြောပါတယ်။

Voice : သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ကနေပြီး ဇာတ် တည်ထောင်သူတွေကို ချေးငွေတွေ ထုတ်ပေးတယ်လို့လည်း သိရပါတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
PC : ကျွန်တော်တို့ ဇာတ်သဘင်မှာက ငွေကြေး အဆင်မပြေဘဲနဲ့ ဒီလောကကို တိုးတက်အောင် လုပ်ဖို့ဆိုတာလည်း နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ လုပ်ချင်တိုင်း လုပ်လို့ မရဘူးပေါ့ဗျာ။ တချို့ဆိုရင် အပြင်ကနေ ငါးကျပ်တိုး၊ တစ်ဆယ်တိုး စသဖြင့် ယူပြီးတော့ လုပ်ရတဲ့ အခါမှာ ရတဲ့ အနုပညာကြေးလေးတွေက အတိုး ပေးရတာနဲ့ ကုန်ကုန်သွားတော့ အနုပညာ ဖန်တီးမှု အပိုင်းမှာ လုပ်ချင်တာ လုပ်လို့ မရတာလေးတွေ ရှိမှာပေါ့။ အဲ့ဒီတော့ ဇာတ် တည်ထောင်သူတွေအတွက် ငွေကြေးလေး တတ်နိုင်သလောက်လေး အဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားပေးတာပါ။ ပြီးရင်တော့ သဘင်စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်လို့လည်း ရသလောက် လိုက်ထိန်းပေးမှာပေါ့ဗျာ။

Voice : ဇာတ်တည်ထောင်သူတွေကို ငွေချေးတဲ့အခါမှာရော အတိုးနှုန်း ဘယ်လောက် ယူပြီး ချေးပေးတာလဲ။
PC : လောလောဆယ်တော့ ကျွန်တော်တို့က ဇာတ် တည်ထောင်သူတွေကို အရင် ငွေချေးပေးတာပေါ့နော်။ နောက်ပိုင်းမှာတော့ ဇာတ်သဘင် အနုပညာရှင်တွေကိုပါ ကူညီနိုင်အောင် ကြိုးစားသွားမှာပါ။ ဇာတ် တည်ထောင်သူတွေကို ငွေချေးတဲ့အခါမှာ သတ်မှတ်ထားတဲ့ အတိုးနှုန်းကတော့ နှစ်ကျပ်တိုးကို ဆယ်လ ဆပ်ပေါ့နော်။ ဇာတ်သဘင် တည်ထောင်ခွင့် ပြုလုပ်ထားပြီးသား သူတွေ ဖြစ်ရမယ်။ မြို့နယ်သဘင် အစည်းအရုံး၊ တိုင်းသဘင် အစည်းအရုံး ထောက်ခံချက် ပါရမယ့်ပေါ့။ ငွေချေးဖို့အတွက် အဲ့ဒီလိုတော့ စည်းမျဉ်း စည်းကမ်းလေးတွေ ထုတ်ထား ပါတယ်။

Voice : ခေတ်သစ်ဧကရီ ဖျော်ဖြေပွဲကို သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) က ရှုတ်ချကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်တာကို တွေ့ရပါတယ်။ ဘယ်လိုကြောင့် ကြေညာချက် ထုတ်ဖြစ်တာလဲ။
PC : ကျွန်တော်တို့တွေက ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ အမုန်းတွေ၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မပါပါဘူး။ လုပ်သင့် လုပ်ထိုက်တာတွေကို ကျွန်တော်တို့တွေက ဝိုင်းဝန်းပြီးတော့ ဆောင်ရွက် သွားကြရမှာလေ။ ကျွန်တော်တို့မှာက ဘယ်သူမို့၊ ဘယ်ဝှာမို့၊ ဘယ်အဖွဲ့အစည်းမို့ ဆိုပြီး မရှိပါဘူး။ မူဝါဒနဲ့ မကိုက်ဘူး၊ ရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းသင့်တဲ့ ပြောသင့်တဲ့ ကိစ္စတွေကိုတော့ အကုန်လုံးက အမုန်းခံပြီး ပြောကြရမှာပေါ့။ ကျွန်တော်တို့တွေ အကုန်လုံးက ပုဂ္ဂိုလ်ရေး အာဃာတ ကင်းကင်းနဲ့ ကောင်းစေချင်တဲ့ စိတ်နဲ့ ဆောင်ရွက်စရာ ရှိတာတွေကို ဆက်လက် ဆောင်ရွက်သွားမှာပါ။ ပြောရရင် သဘင်နဲ့ ပတ်သက်တဲ့ ဥပဒေတစ်ခု ထွက်ဖို့အထိ ပြင်ဆင်နေပါပြီ။ 

Voice : လတ်တလော ကိုဖိုးချစ်ရဲ့ အနုပညာ တင်ဆက်မှု အပိုင်းမှာရော ဘယ်လို ထူးခြားတဲ့ အစီအစဉ်တွေ လုပ်သွားဖို့ ရှိမလဲ။
PC : ကျွန်တော့် အနေနဲ့ကတော့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ပြဇာတ်ကဖို့အတွက် ဆရာ ဦးယဉ်အောင်က စီစဉ်ပေးနေပါတယ်။ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ဖို့လည်း ရှိတယ်။ ဒါပေမဲ့ ရက်တော့ ညှိရဦးမှာပေါ့။ အနုပညာနဲ့ ပတ်သက်တာတော့ ရွှေဘိုမြို့ ထောင့်စေတီ ဘုရားပွဲကစပြီး ပရိသတ်ကြည့်လို့ ရမယ့် ပွဲကြည့်စင်တွေပါ ကျွန်တော် စပြီး ထည့်ဖြစ်တယ်။ ဖျော်ဖြေ တင်ဆက်မှု အပိုင်းမှာလည်း ပုဂံကို အခြေပြုတဲ့ ဇာတ်လမ်းလေးတွေ ကဖို့ ရှိပါတယ်။ ဇာတ်ပွဲကတော့ တောက်လျှောက် ကဖြစ်နေတာပေါ့။ 

Voice : သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အနေနဲ့ရော ဇာတ်သဘင်လောက ဖွံ့ဖြိုးရေးအတွက် ဘာတွေ ဆက်လက် ဆောင်ရွက် သွားဖို့ ရှိမလဲ။
PC : သဘင်အစည်းအရုံး အနေနဲ့ကတော့ သဘင်နဲ့ ပတ်သက်တဲ့ ဇာတ်ရုံ ကိစ္စတွေ လုပ်ဖို့ရှိတယ်။ သဘင်ပညာနဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ချမှတ်သွားဖို့ ရှိပါတယ်။ သဘင်ပညာရှင်ကြီးများရဲ့ အတွေ့အကြုံတွေ၊ ဆန္ဒတွေ အကုန်လုံးကို သဘင့်စည်းမျဉ်း စည်းကမ်းအဖြစ် သတ်မှတ်ဖို့အတွက် မကြာခင်မှာ တွေ့ဆုံ ဆွေးနွေးပါတော့မယ်။ နောက်ပြီး ဇာတ်ရုံကိစ္စတွေ ဆောင်ရွက်မယ်ပေါ့။ 

သန့်ဇင်ဦး

  • VIA