News

POST TYPE

RELAX

သဘင်ပညာရှင်များ အစည်းအရုံးရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဆိုတဲ့ ပန်းသီး
15-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၅

ခေတ်သစ်ဧကရီ ဖျော်ဖြေပွဲကို သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) ကနေ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်အပြီးမှာ သဘင်အစည်းအရုံးရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း လူရွှင်တော် ပန်းသီးက The Voice ကို ပြောကြားပါတယ်။

“သဘင် အစည်းအရုံးကနေ နုတ်ထွက်ကြောင်း ကျွန်တော် တရားဝင် ပြောပါတယ်။ ကိုဖိုးချစ်ကိုတော့ အရမ်း ချစ်ပါတယ်။ လေးလည်း လေးစားတယ်။ သူနဲ့ ကျွန်တော်က စိတ်တူကိုယ်တူ ဖြစ်တယ်။ ညီအစ်ကိုတွေလိုလည်း နေနေကြတာပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အမြဲ ထောက်ခံခဲ့ပါတယ်”လို့ သဘင် အစည်းအရုံးရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်တဲ့အကြောင်းကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အခက်ခဲဆုံးအရာ တစ်ခုက အပေါ်ပိုင်းတွေ ပြောင်းပြီ၊ အောက်ခြေက မပြောင်းလဲသေးတဲ့ကာ လတစ်ခုလို့ ယူဆရကြောင်း၊ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဖိုးချစ်ကိုတော့ ဆက်လက် အားပေးသွားမှာ ဖြစ်ပြီး၊ သဘင် အစည်းအရုံး အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ရတာကလည်း ဖိုးချစ်နဲ့ သက်ဆိုင်မှု မရှိကြောင်း ဟာသလူရွှင်တော် ပန်းသီးက ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ စက်တင်ဘာလ ၉ ရက်နေ့က တင်ဆက်ခဲ့တဲ့ ခေတ်သစ်ဧကရီ အနုပညာ ကပွဲမှာ လူရွှင်တော်အဖြစ် ပါဝင်ကပြတဲ့ အမျိုးသမီး သရုပ်ဆောင် လေးဦးနဲ့ မင်းသားအဖြစ် ပါဝင်ကပြတဲ့ အမျိုးသား အနုပညာရှင် နှစ်ဦးရဲ့ ဖျော်ဖြေတင်ဆက်မှု ပုံစံတွေ၊ ပွဲမှာ ပြက်ခဲ့တဲ့ ပြက်လုံးတွေနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ကနေ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော် မေးချင်တာက အမျိုးသမီးတွေကရော လူရွှင်တော်လုပ်ခွင့် မရှိဘူးလား။ မလုပ်ရဘူးလား။ ဒါကို တရားဝင် သတ်မှတ် ပေးမှာလား။ ကိုနေတိုးတို့ နှင်းဆီအဖွဲ့၊ အမျိုးသမီးရေးရာတုန်းက ဂျင်းနီတို့ အဖွဲ့၊ ကျွန်တော်တို့ ခေတ်သစ်ဧကရီအဖွဲ့ ရှိတယ်။ အားလုံးထဲမှာမှ ခေတ်သစ်ဧကရီ ကျမှ ပြဿနာ ထတက်တယ် ဆိုတော့ ကျွန်တော့်ဘက်က နည်းနည်း မရှင်းဘူး ဖြစ်သွားတယ်ဗျ”လို့ လူရွှင်တော် ပန်းသီးက ပြောကြားပါတယ်။

ယင်းဖျော်ဖြေပွဲကို ခွင့်ပြုမိန့် ပေးမထားကြောင်း သဘင် အစည်းအရုံးက ထုတ်ပြန်သော်လည်း ၎င်းတို့ထံတွင် ရန်ကုန်တိုင်းသဘင် အစည်းအရုံးက ထောက်ခံပါသည်ဆိုတဲ့ စာရွက်က ရှိနေကြောင်း၊ ယင်းကိစ္စကို ရန်ကုန်တိုင်း သဘင်အစည်းအရုံးနဲ့ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) တို့ ဖြေရှင်းရမှာ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

  • VIA