News

POST TYPE

TIP

A Dog’s Purpose
07-Feb-2017

ဒီဇာတ်ကားကတော့ ခွေးလေးတစ်ကောင်က လေးဘဝပြောင်းပြီးတဲ့နောက်မှာ သူ့ကို ပထမဆုံး ကောက်ယူ မွေးစားခဲ့တဲ့ သခင်ဖြစ်သူနဲ့ ပြန်လည် ဆုံစည်းခွင့်ရတဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ စာရေးဆရာ W. Bruce.Cameron ရဲ့ ဝတ္ထုကို အခြေခံကာ ဒါရိုက်တာ Lasse Hallstrom က ရိုက်ကူးထားပြီး သရုပ်ဆောင် Dennis Quaid, Britt Robertson နဲ့ Josh Gad တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ လေးဘဝပြောင်းခဲ့ရတဲ့ Bailey ဆိုတဲ့ ခွေးလေးတစ်ကောင်ရဲ့ ဘဝဇာတ်ကြောင်းကို သူ မွေးဖွားလာရာကနေ သေဆုံးတဲ့ အချိန်အထိ ပုံဖော်ရိုက်ကူးပြထားတာပါ။ Bailey က ၁၉၅၀ ပြည့် နှစ်ကျော် ကာလကနေ ၂၀ဝ၀ ပြည့်နှစ်ကျော်ကာလအထိ လေးဘဝတိတိ ဖြတ်သန်းခဲ့ရပါတယ်။ ပထမဘဝမှာတော့ ခွေးပေါက်စလေး တစ်ကောင် ဖြစ်တဲ့ Bailey ကို Ethan ဆိုတဲ့လူငယ်လေးနဲ့ သူ့မိခင်တို့က ကောက်ယူမွေးစားခဲ့ကြပါတယ်။

Ethan တို့မိသားစုရဲ့ ပြုစုစောင့်ရှောက်ပေးမှုကြောင့် Bailey က အရွယ် ရောက်လာခဲ့ပါတယ်။ သူ့လိုပဲ သခင်ဖြစ်တဲ့ Ethan ကလည်း အထက်တန်း ကျောင်းသားအရွယ် ရောက်လာခဲ့ပါတယ်။ Ethan က ကျောင်းလက်ရွေးစင် ဘောလုံးသမား တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အတန်းဖော် Hannah ဆိုတဲ့ ကောင်မလေးနဲ့ မေတ္တာမျှနေတာပါ။ တစ်နေ့မှာတော့ Ethan ရဲ့ ဖခင်နဲ့ မိခင်တို့ စကားများ ရန်ဖြစ်ကြပါတယ်။ မိခင်ကို ကိုယ်ထိလက်ရောက် နှိပ်စက်တဲ့ ဖခင်ဖြစ်သူကို အိမ်ကနေ ထွက်သွားဖို့၊ ဘယ်တော့မှ သူတို့ဘဝထဲကို ပြန်မလာဖို့ Ethan က ပြောပါတယ်။

Ethan ကို ကျောင်းမှာ ချစ်တဲ့သူတွေရှိသလို၊ မုန်းတဲ့သူတွေလည်း ရှိပါတယ်။ သူ့အပေါ် ရန်ငြိုးထားနေတဲ့ ကျောင်းသားတစ်ယောက်က တစ်ရက်မှာတော့ Ethan တို့အိမ်ထဲကို မီးရှူးမီးပန်းတစ်ခု ပစ်ဖောက်ခဲ့မှုကြောင့် အိမ်မီးလောင်ခဲ့ပါတယ်။ အိပ်မောကျနေတဲ့ Ethan တို့ သားအမိကိုတော့ ခွေးလေး Bailey က နှိုးခဲ့တဲ့အတွက် အချိန်မီ နိုးခဲ့ပြီး ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးနိုင်ခဲ့ပါတယ်။ မီးလောင်ခံရမယ့် ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် Ethan ရဲ့ ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Ethan က ထူးချွန်တဲ့ အားကစားသမား ဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့ရပြီး စိုက်ပျိုးရေး တက္ကသိုလ်ကိုသာ ရွေးချယ် တက်ရောက်ခဲ့ရပါ တယ်။ ဘဝကံကြမ္မာဆိုးနဲ့ ကြုံခဲ့ရတဲ့အပေါ် နာကျင် ဝမ်းနည်းနေတဲ့ Ethan က ချစ်သူ Hannah နဲ့လည်း လမ်းခွဲခဲ့ရပါတယ်။

Ethan တို့ မိသားစု ပြောင်းရွှေ့သွားပြီး နောက်ပိုင်းမှာ အသက်အရွယ် အိုမင်းမစွမ်း ဖြစ်လာတဲ့ Bailey ကို တိရစ္ဆာန် ဆေးကုဆရာဝန်တစ်ယောက်က သတ်ပေးခဲ့ရပါတယ်။ Bailey က နောက်ထပ်ဘဝသုံးခုကို ဖြတ်သန်းရဦးမှာပါ။ ဘယ်ဘဝမှာ သူ့ရဲ့ သခင်ဟောင်း Ethan နဲ့ ပြန်လည် ဆုံစည်းရမှာလဲ။  သူချစ်ရတဲ့ သခင် Ethan ရဲ့ ဘဝကိုရော Bailey က ဘယ်လို ပြောင်းလဲပေးသွားမှာလဲဆိုတာ ဆက်လက် ရှုစားရမှာပါ။      


  • VIA