News

POST TYPE

TIP

အချစ်ရေးအတွက်နဲ့ မစွန့်လွှတ်သင့်တဲ့ အရာတွေ
31-Dec-2016
(၁) သူငယ်ချင်းတွေ

သင့်ချစ်သူက သင့်သူငယ်ချင်းတွေနဲ့ မပေါင်းဖို့ အမြဲတိုက်တွန်းနေတယ်ဆိုရင် သင့်အချစ်ရေးကို သေချာစဉ်းစားသင့်ပါပြီ။ သင်နဲ့ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာတဲ့ သူငယ်ချင်းတွေကို ခုမှသင့်ဘဝထဲကို ဝင်လာတဲ့သူတစ်ယောက် အတွက်နဲ့ စွန့်လွှတ်ဖို့ မလိုပါဘူး။ မိတ်ဆွေသူငယ်ချင်းကောင်း ဆိုတာဟာ ဘဝတစ်သက်စာ အားထားရမယ့် သူတွေပါ။ သူတို့မရှိတော့ဘူးဆိုရင် တကယ်လို့ သင့်ချစ်သူနဲ့ လမ်းခွဲဖို့ ကြုံလာတဲ့အခါ သင်တစ်ယောက်တည်း ဘယ်သူမှမရှိဘဲ အထီးကျန်နေရတော့မှာပါ။

(၂) အားလပ်ချိန်

သင့်အတွက် ကိုယ်ပိုင်အားလပ်ချိန် ရှိနေဖို့ လိုအပ်ပါတယ်။ ဒီအချိန်တွေဟာ သင့်ဘဝကို ပြန်လည်သုံးသပ်ဖို့၊ ဆုံးဖြတ်ချက်တွေချဖို့ နဲ့ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့ ဖြစ်သလို သင့်ဝါသနာပါရာ အလုပ်တွေ လုပ်နိုင်ဖို့လည်း ဖြစ်ပါတယ်။ သင့်ချစ်သူက သင့်တစ်ယောက်တည်းနေဖို့ ကိုယ်ပိုင်အားလပ်ချိန် မပေးဘူးဆိုရင် သူလိုချင်တာက သင်ကသူ့ကိုပဲ အမြဲမှီခိုနေပြီး သင်ဘဝကို သင့်စိတ်ကြိုက် စီမံတာကို မလိုလားဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ သင့်ချစ်သူက သင့်အတွက် ဘယ်လောက်ပဲ အရေးပါပါစေ အရာရာတိုင်းကို အတူလုပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို သင်သတိပြုဖို့ လိုပါတယ်။

(၃) စိတ်ကူးအိပ်မက်တွေ

သင်ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးအိပ်မက်တွေ မျှော်လင့်ချက်တွေဟာ ဘာအတွက်အကြောင့်နဲ့မှ မစွန့်လွှတ်သင့်တဲ့ အရာတွေပါ။ သင့်ချစ်သူက သင့်ရဲ့မျှော်မှန်းချက်တွေကို အားပေးတိုက်တွန်းမယ့်သူ စိတ်ဓာတ်ခွန်အားပေးမယ့်သူ ဖြစ်သင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ သူက သင့်စိတ်ကူးတွေကို မနှစ်သက်လို့ မလုပ်ဖြစ်အောင် ပြောနေမယ် တခြားတစ်ခုခုကို ပြောင်းလုပ်ခိုင်းနေမယ် ဆိုရင် ဒီအချစ်ရေးကို မြန်မြန်ပဲ အဆုံးသတ်လိုက်ပါတော့။

(၄) ကိုယ့်ကိုယ်ကိုယ် လေးစားမှု

သင့်ရဲ့တန်ဖိုးကို နားလည်မယ့်သူနဲ့ပဲ သင်အတူ ရှိသင့်ပါတယ်။ သင့်အပေါ် လေးစားမှု မရှိတဲ့သူ သင့်ကို ဖျော်ဖြေစရာ တစ်ခုလို သဘောထားတဲ့သူကို ချက်ချင်းပဲ လက်တွဲဖြုတ်လိုက်ပါတော့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူသင့်အပေါ် နားလည်လာမလားဆိုပြီး စောင့်နေလို့လည်း သင်စိတ်ပင်ပန်းရတာပဲ အဖတ်တင်ပါလိမ့်မယ်။

(၅) မိသားစု

သင့်အတွက် အရေးပါတဲ့သူ တစ်ယောက် ရှိလာပြီဆိုပြီး သင့်မိသားစု အပါအဝင် ကျန်တဲ့သူတွေ အားလုံးကို လျစ်လျူရှုဖို့ မသင့်ပါဘူး။ သင့်ဘဝမှာ စိတ်ဓာတ်ကျစရာတွေ ရှုံးနိမ့်မှုတွေ ကြုံရတဲ့အခါ အမြဲအသင့် ရှိနေမှာက သင့်မိသားစု ဆိုတာကို သတိပြုပါ။

(၆) လွတ်လပ်ခွင့်

သင့်ချစ်သူ ဖြစ်တာဟာ သင့်အတွက် ဘာမဆို လိုက်ဆုံးဖြတ်ပေးခွင့် ရှိတယ် သင့်ကိစ္စတွေကို အမြဲဝင်ရောက်စစ်ဆေးခွင့် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ သင့်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိတယ် ဆိုတာကို သူ့အနေနဲ့ သိထားဖို့ လိုပါတယ်။ သင့်ဖုန်းတွေ အီးမေးလ်တွေကို သူက အချိန်မရွေး ဝင်ကြည့်နေတာမျိုးအထိ ခွင့်မပြုပါနဲ့။ အဲဒီအစား အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ပါ။

(၇) အသက်မွေးဝမ်းကျောင်း

အရေးအကြီးဆုံးကတော့ သင့်ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ဖြစ်ပြီး အချစ်ရေးကြောင့် အထိအခိုက်တွေ ရှိမလာအောင် သတိပြုဖို့ လိုပါတယ်။ သင့်ဘဝတစ်ခုလုံး မူတည်နေတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို ဆုံးရှုံးလိုက်ရတဲ့အခါ သူလည်း သင့်အနားမှာ ရှိချင်မှ ရှိတော့မှာပါ။ သင့်အချစ်ရေးဟာ သင့်ရဲ့ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ဘယ်တော့မှ အနှောင့်အယှက် မဖြစ်ပါစေနဲ့။

Ref : likelovequotes.com