News

POST TYPE

TIP

War Dogs (ရုပ်ရှင်ခံစားမှု)
27-Dec-2016
ကမ္ဘာကြီး မငြိမ်းချမ်းသရွေ့ War dogs တွေအတွက်ကတော့ တွက်ချေကိုက်လေပါပဲ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသည့် စကားပုံတွေက သူတို့အတွက် သီးသန့် ရည်ရွယ်ထားပုံရသည်။ War dogs ဆိုတာ နာမ်နှိမ်ထားသည့် အမည်နာမ တစ်ခုအဖြစ် ယေဘုယျ သတ်မှတ်ထားလို့ ရသည်။ စစ်ပွဲကို အမှီပြု၍ လက်နက် ရောင်းချသော လူတန်းစားများအား ခေါ်ဆိုခြင်း ဖြစ်ပါသည်။

နိုင်ငံ အနှံ့အပြားက တီဗီစခရင်တွေ အပေါ်မှာ လက်နက်ပစ်ခတ်သံ။ ဗုံးတွေပေါက်ကွဲသံ။ ကစဉ့်ကလျား ထွက်ပြေးကြရသည့် အပြစ်မဲ့ ပြည်သူတွေ အော်ဟစ် ငိုကြွေးသံ စတဲ့ အနိဌာရုံတွေ မြင်ရတိုင်း လူသားအများစုမှာ ထိတ်လန့် ကြောက်ရွံ့ပြီး သနား ကရုဏာ သက်ကြမည် မှန်သော်လည်း War dogs တွေ အတွက်မှာမူ သူတို့၏ မျက်စိကနေ တွန်းပို့ တွက်ချက်လိုက်တဲ့ အတွေးအာရုံတွေထဲမှာ ဒီစစ်ပွဲအတွက် သုံးနေသည့် ခုလက်နက်က ဘာမော်ဒယ်။ ကျည်သုံးအားက ဘယ်လောက်။ ကျည်ဆန်ဈေးနှုန်းက ဘယ်ရွေ့ဘယ်မျှ ရှိမည်။ တိုက်ပွဲဖြစ်ပွားနေပုံ အခြေအနေအရ လက်နက်တွေ ကျည်ဆန်တွေ အတော်သုံးစွဲထားရတော့မည်။ သူတို့သာ အဲသည် ဈေးကွက်ထဲ ဝင်လိုက်လျှင် လက်နက်တွေ မည်မျှ ဖြန့်ချိလို့ ရနိုင်သည် စသဖြင့်သာ တွက်ချက် နေတတ်သည့် စစ်ပွဲ တစ်ပွဲအား စီးပွားရေး မြင်ကွင်းအဖြစ် ရှုမြင်အသုံးချသည့် လူတန်းစားတွေသာ ဖြစ်ပါသည်။

အချိန်ပိုင်း အနှိပ်သည် တစ်ယောက်အဖြစ်ရသည့် လုပ်အားခ ကလေးနှင့် ဘဝတစ်ခု ထူထောင်နေရသည်က ဒေးဗစ်အတွက် သိပ်တော့ မလွယ်လှပေ။ လူငယ်ပီပီ အောင်မြင်သောဘဝ တစ်ခုကို ထူထောင်ချင်သော်လည်း လက်တွေ့ဘဝတွင်မူ အခက်အခဲတွေချည်း။ ဒုက္ခထပ်ရောက်ချင်တော့ ချစ်သူနှင့်အတူ ရှိစုမဲ့စု စုဆောင်းထားသည့် ပိုက်ဆံကလေးတွေအား ရင်းနှီးပြီး ဝယ်ယူထားတဲ့ အိပ်ယာခင်း ဂွမ်းကပ်တွေကို လူအိုရုံတွေထံ လှည့်လည် ရောင်းချပါက စီးပွားဖြစ်လိမ့်မည်ဟု ယူဆမိခဲ့သည်။ ရောင်းချသော အခါတွင်မူ ဘယ်သူမ ှမဝယ်ယူခဲ့ချေ။ ဂွမ်းကပ်ပုံကြီး ပိုက်ပြီး ညည်းတွားနေရတော့သည်။ ထိုသို့ ဒုက္ခရောက်နေတဲ့ ကာလမှာ ကျောင်းနေဘက် ဘော်ဒါကြီး အက်ဖရင်ကို ပြန်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူ့မှာတော့လည်း ဘယ်လိုကံ အကျိုးပေးတွေ ကောင်းမွန်လို့လဲ မသိ။ ကားအလန်းစားနှင့် သူ့ကိုလည်း စီးပွားရေး အခြေအနေတွေအကြောင်း။ ငယ်ကျိုးငယ်နာတွေကို အာပေါင် အာရင်းသန်သန် ရင်ဖွင့်လေတော့သည်။

အက်ဖရင် ဆိုတဲ့ကောင်က ဘာသတ္တိမှ မရှိပေမယ့် ကလိန်စေ့ ဉာဏ်ဆင်ရတဲ့ ပြသာနာတွေမှာ သူမတူအောင် ကျွမ်းကျင်သလို ပိုက်ဆံမက်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိ။ စကားလုံးတွေကလည်း တော်ရုံလူဆို ထိုင်ရှစ်ခိုးချင်လောက်အောင် ကြွယ်တော့ ဂွမ်းကပ်ပုံကြီး ခွပြီး မျောက်မီးခဲ ကိုင်ထားရသည့် ဘဝရောက်နေရှာရတဲ့ ဒေးဗစ်ခမျာ သူ့အပြောတွေကြား မျောသွားတော့သည်။

အက်ဖရင်၏ အလုပ်က လက်နက်ကုန်သည် အလုပ်ဟု ပြောလို့ရသည်။ စစ်မက်ဖြစ်ပွားရာ အရပ်၌ လိုအပ်နေသော လက်နက်အမျိုးမျိုးအား အမေရိကရှိ အွန်လိုင်း ဈေးကွက်ကို ကြည့်ရှုကာ တင်သွင်းရောင်းချခြင်း ဖြစ်လေသည်။ ဒေးဗစ်အနေဖြင့် စစ်ကိုမုန်းတီးသူ တစ်ယောက်ဖြစ်သော်လည်း လက်တွေ့ဘဝ အခြေအနေသည် စိတ်ပျက်ဖွယ်ရာ။ ချစ်သူသာ သားသမီးတွေ ရှိလာလျှင် လက်ရှိ ဝင်ငွေကလေးနှင့် ရှေ့ဆက်ဖို့ရာ မလွယ်ကူချေ။

ထို့နောက်မှာတော့ ချစ်သူအား ဂွမ်းကပ်ကုန်သည်ဟု လိမ်လည် ပြောဆိုကာ War Dogs တို့၏ နယ်မြေအတွင်းဆီကို သက်ဆင်းခဲ့တော့သည်။ တကယ် လက်တွေ့ ရောက်ရှိသွားချိန်မှာတော့ ထင်သလောက် မရိုးရှင်းလှချေ။ အီရတ်လို နိုင်ငံမျိုးထဲမှာလည်း စစ်ပွဲကို ကာကွယ်ပေးသယောင်နှင့် တစ်ဖက်လှည့်ကာ လက်နက် ရောင်းချနေသော အမေရိကန် စစ်ဗိုလ်တွေကိုလည်း ကြုံခဲ့ရသည်။ တင်သွင်းခွင့် မရသည့် လက်နက်တွေအားလည်း သက်စွန့်ဆံဖျား ပေးပို့ခဲ့ရပြီး။ နောက်ထပ် အချီကြီးထောမည့် စီမံကိန်း တစ်ခုကို ကြုံလိုက်ရချိန်မှာ။

War Dogs လူတန်းစားများသည် နာမည်နှင့် လိုက်ဖက်အောင်ပင် ဆိုးညစ်စုတ်ပြတ်သော လူတန်းစားတွေ ဖြစ်တယ်ဆိုတာကို သိရှိချိန်မှာမူ ဒေးဗစ်၏ အခြေအနေသည် ရှေ့တိုးထမ်းပိုး။ နောက်ဆုတ် လှည်းထုပ်ဆိုသည့် အခြေအနေအတွင်းကို သက်ဆင်းရလေပြီ။

2016 ခုနှစ်ထုတ် ဟောလိဝုဒ် ရုပ်ရှင်ကားများထဲတွင် ယခု ရုပ်ရှင်ကားသည် ဖျော်ဖြေမှု အပေးနိုင်ဆုံးနှင့် လူသားများ၏ စရိုက် အဖုံဖုံအား အထူး ဖော်ပြပေးနိုင်သော ဇာတ်ကားကောင်းတွေထဲမှာ တစ်ကား အပါအဝင် ဖြစ်သည်ဟု ဆိုချင်ပါသည်။

ပြင်ပ လောကတွင် ဖြစ်ပျက်နေသော စစ်၏ သရုပ်သကန်နှင့် စစ်ကို အသုံးချ၍ ချမ်းသာကြွယ်ဝနေသည့် ရွံရှာမုန်းတီးဖွယ် လူတန်းစားများအား တွေ့ရှိရမည်ဖြစ်သလို လက်နက်ကုန်သည်အဖြစ် သရုပ်ဆောင်သွားတဲ့ ဂျိုနတ်ဟေးလ်၏ အမူအယာတွေမှာ ရယ်လည်း ရယ်ရသလို။ မိမိငွေကြေးနှင့် ပတ်သက်လာလျှင် မည်သူ့ကိုဖြစ်စေ ကလိန်ကကျစ် ကျနိုင်ပြီး အားမနာတမ်း လုပ်ဆောင်မည့် ကိုယ်ကျိုးရှာ စီးပွားရေးသမား တစ်ဦးအဖြစ် အကောင်းဆုံး တွေ့မြင်ရမည်ဖြစ်ကာ ရုပ်ရှင်ချစ်မိတ်ဆွေများ အနေဖြင့် လက်မလွတ်တမ်း ကြည့်ရှုသင့်သည့် ဇာတ်ကား တစ်ကားဟု ပြောရင်းဖြင့်သာ ...

ညီလင်းအိမ်


  • VIA