News

POST TYPE

TIP

Midnight In Paris (ရုပ်ရှင်ခံစားမှု)
20-Dec-2016
စာရေးဆရာ ဂေးလ်အတွက်တော့ လက်ရှိ ရောက်ရှိနေသော ပဲရစ်မြို့၏ ဖြစ်တည်မှုတွေသည် ရင်ဘတ်ထဲက စိတ်ကူးတွေနှင့် ထပ်တူ အကျဆုံးနေရာ တစ်ခုဟု သတ်မှတ်၍ ရနိုင်ပေသည်။

ပဲရစ်ဆိုတာက သိတယ် မဟုတ်လား။ ကမ္ဘာပေါ်က နေရာ အနှံ့အပြားမှာ ပြန့်ကျဲနေတဲ့ အနုပညာ ရတနာမျိုးစုံတွေကို တစ်နေရာတည်း စုတွေ့ရသလိုမျိုး စာပေ ဂီတ ပန်းချီ ရုပ်ရှင်စတဲ့ လူသားတွေရဲ့ နှလုံးသားကို မွမ်းမံ ကုသပေးတဲ့ အမြုတေ ရတနာတွေကို အားပါးတရ ခံစားသိမ်းပိုက်လို့ ရနိုင်တဲ့မြို့ပဲလေ။ အနုပညာသမား တစ်ဦးပီပီ ဂေလ်းမှာလည်း အဲသည် အတွေးတွေနှင့် ပဲရစ်၏ အနုပညာ ကောင်းကင်ပြာအောက်မှာ ခိုလှုံ ခစားချင်သည်။ ပဲရစ် အနုပညာဝဠာပြင်ကြီး၏ လင်းပွင့် မျက်နှာစာထဲက အမျိုးမျိုး အဖုံဖုံ ဖြစ်တည်နေသည့် အလှတရားတွေကို ခံစားခွင့်သာ ရရှိနေလျှင် လက်ရှိ ရေးနေသော ဝတ္ထု စာမျက်နှာများထက်က စကားလုံးများသည် ဒါ့ထက်ပို၍ အနုပညာ မြောက်ပြီး လှပတင့်တယ်လိမ့်မည်ဟု ယုံကြည်ထားသည်။

မကြာတော့မည့် ကာလ အတောအတွင်းမှာ လက်ထပ်ကြတော့မယ့် လက်တွဲဖော် ဇနီးလောင်းကမူ သူ၏ အနုပညာတရားတွေအား ငွေ၊ အောင်မြင်ကျော်ကြားမှုတွေဖြင့်သာ ချိန်ထိုးလိုသူ ဖြစ်သည်။ အပေါ်ယံ အဆင်တန်ဆာတွေကိုသာ မက်မောသူ။ လူ့ဘုံအတွင်းမှာ ဝင်ဆန့်ထင်ပေါ်လိုသူကိုသာ နှစ်သက် သဘောကျတတ်သည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။ မည်သို့ပင် ဖြစ်ပါစေ။ လက်တွေ့ကာလမှာတော့ ပေါင်းဖက်နိုင်မည်ဟု ယုံကြည်ထားကြသည်။ ဂေးလ်၏ ရည်မှန်းချက်က ကနဦး ဆန္ဒအတိုင်းပင် ပဲရစ်မှာပဲ ရာသက်ပန်နေမည်။ ဝတ္ထုတွေ ရေးမည်။ချစ်သူကမူ ဟောလိဝုဒ်က ဝင်ငွေကောင်းသော အလုပ်ဖြစ်သည့် ဇာတ်ညွှန်းရေးဆရာ အလုပ်ကိုပဲ ပြန်လုပ်စေချင်သည်။သူမ၏မိဘ နှစ်ပါးကလည်း ရှေးရိုးစွဲသမားတွေ ပီသစွာ သမီးဖြစ်သူ၏ ခင်ပွန်းလောင်းအပေါ် နှာခေါင်းရှုံ့နေလေသည်။

ဂေးလ်ကတော့ ပဲရစ်မြို့ထဲက အနုပညာ ရတနာတွေကို ငေးမောနေချင်တုန်းပင်။ အထူးသဖြင့် သူ ရေးသားနေသည့် ဝတ္ထု အကြောင်းအရာတွေကို အဆင်သင့် မသင့် သိရှိလိုစိတ်တွေရော ရှိနေသည်။ ရင်ထဲမှာပဲ သိမ်းဆည်းထားသိုထားရသည်။ဇနီးလောင်းကလည်း သူ့ခံစားချက်တွေအား ဂရုမပြုပေ။ ထုံးစံအတိုင်း သူမနှင့် အစပ်အဟပ် တည့်သည့် မိတ်ဆွေဟောင်း စုံတွဲတွေနှင့်သာ လိုက်ဖက်ညီနေလေသည်။

တစ်ညချမ်းမှာတော့ ချစ်သူသွားလိုရာဆီ မလိုက်တော့ပဲ ပဲရစ်မြို့ထဲက လမ်းမထက်ပေါ် လမ်းလျှောက်ထွက်ခဲ့တော့သည်။ တည်းခိုရာ နေရာကို မမှတ်မိတော့၍ မေးမြန်းရင်း ပဲရစ်၏ သန်းခေါင်ယံ ညခင်းဆည်းဆာသည် ဗန်ဂိုး၏ ပဉ္စလက် ပန်းချီကား တစ်ချပ်အဖြစ် ပြောင်းလဲသွားပြီဆိုတာကို သူ မသိလိုက်။

သူ့အနားကို ၁၉၂၀ မော်ဒယ် ပူဂျီရော့ အမျိုးအစား ကားတစ်စီး ထိုးဆိုက်လာပြီး ပါတီပွဲ တစ်ခုဆီ ခေါ်သွားကြလေသည်။

ဂေးလ် တစ်ယောက် ပဲရစ်၏ အနုပညာ ရတနာအတွင်းထဲဆီကို ခုန်ဆင်းခွင့် ရလေပြီ။ ပါတီမှာတွေ့ရသည့် ပုဂ္ဂိုလ်တွေကလည်း သူ့၏ဘဝ တစ်လျှောက်လုံး စိုးမိုးလွှမ်းခြုံထားသည့် အနုပညာရှင်တွေချည်း။ လူ့လောက အလယ်မှာ မရှိတော့ပြီဖြစ်သည့် ကိုးပေါ်လ်တာလို ဂီတပညာရှင်ကြီး၏ ဖျော်ဖြေနေမှုအား မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရသလို။ ဇယ်လ်ဒါတို့လို အမေရိကမှာ အောင်မြင်ကျော်ကြားသည့် စာရေးဆရာမအားလည်း တွေ့ဆုံလိုက်ရသကဲ့သို့ ထပ်မံ တွေ့ဆုံလိုက်ရသည့် နောက်တစ်ဦးကမူ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေးပင် ဖြစ်လေသည်။

ဟဲမင်းဝေး၏ ထုံးစံအတိုင်း သေခြင်းတရားနှင့် ကြောက်ရွံ့မှုတွေ ပါသည်။ လက်တွေ့ဆန်သော စကားလုံး ပြင်းရှရှတွေ ပါသည်။ ဂေးလ်မှာလည်း ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပင်။ သူ့ဝတ္ထုကြီးအား သုံးသပ် ဝေဖန်ပေးရန်အတွက် အခွင့်အခါကောင်းကို ရရှိခဲ့လေပြီ။

ပဲရစ်၏ သန်းခေါင်ယံသည် အနုပညာ ချစ်သော သူ့ထံကို အလှတရား ပေါင်းစုံအား ပေးပို့ ဖန်ဆင်းခဲ့လေပြီ။ အိပ်မက်ဆန်သော နှစ်ကာလ၌ ဝှက်သိုထားရသည့် အနုပညာချဉ်ခြင်း တရားတွေကိုလည်း ဖောက်ခွဲခွင့် ရလေပြီ။ ဟဲမင်းဝေးက သူ မဖတ်ဘဲ ခေတ်ပြိုင် စာရေးဆရာမ ဂတ်ထရုစတိန်းဆီ အပ်ပေးသည်။ အဲသည့် အခန်းထဲကို ရောက်ရှိသွားသောအခါ ဂေးလ်မှာ ပန်းချီကျော် ပီကာဆိုဖြစ်သူအား ဆုံတွေ့လိုက်ရသကဲ့သို့ နောက်ထပ် အနုပညာတရားထဲက အနုပညာတရားတွေကို ထပ်ဆင့် ဖြစ်ထွန်းပေးနိုင်စွမ်း ရှိမယ့် အမျိုးသမီး တစ်ယောက်ကိုလည်း ဆုံတွေ့လိုက်ရလေသည်။ အင်ဒရီယာနာလို့ အမည်ရသည့် မိန်းမလှလေး တစ်ယောက်။ အတိုင်းထက်အလွန် လှပလွန်းလှသည့် မိန်းမလှလေး တစ်ယောက်။အနုပညာသမားတွေရဲ့ ရင်ခွင်နန်းတော်ထက်တွေဆီကို လှည့်ပတ် သိမ်းပိုက်နေတဲ့ ဘုရင်မလေး တစ်ပါးပေါ့။

ဂေးလ် လက်တွေ့ဘဝကိုလည်း မေ့သွားပြီ။ ဇနီးလောင်းကလေး၏ ဖြစ်တည်လိုမှုတွေကိုလည်း သတိ မရတော့။ ပဲရစ်ည၏ သန်းခေါင်ယံကို ရောက်လိုလှပြီ။ ၁၉၂၀ ကာလဆီကို ခုန်ကူးသွားချင်လှပြီ။ အခုမှပဲ စိတ်ကူးထဲက ဘဝနှင့် တစ်ထပ်တည်း ကျသော ဘဝကို တွေ့ရှိသွားပြီ ဖြစ်လေသည်။

ပဲရစ်၏ ညပေါင်း များစွာထဲက လှပသောည တစ်ညပေါ့။ ခန့်ထည်နှစ်ချို့နေပြီဖြစ်သည့် ရှေးဟောင်း တိုက်မြင့်နံရံတွေထက်က မီးရောင်ဝါဝါတွေနှင့် အီဖယ်မျှော်စင်ဆီက မီးရောင်တွေက စိန့်မြစ်ပြင်ထက်မှာ အရောင် ချယ်နေကြသည်။ ဗင်းဆင့်၏ ပန်းချီကားထဲက မြင်ကွင်းလိုမျိုး ညသည် စိတ္တဇဆန်ဆန် အထီးကျန်သော အငွေ့အသက်တွေနှင့် လှပလျက် ရှိနေသည်။

ဂေးလ်၏ ပဲရစ်ညသန်းခေါင်ယံတွေကလည်း မည်မျှအထိ ကြယ်တာရာ အစုံနှင့် လင်းလက် တောက်ပနေမလဲ ဆိုတာကတော့ မသိနိုင်တော့ချေ။

၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့သည့် ယခုရုပ်ရှင်သည် အကောင်းဆုံး ဇာတ်ညွှန်း အော်စကာဆုကို ရရှိခဲ့ပြီး အခြားဆု သုံးဆုပါ ဆန်ကာတင်ခဲ့သလို အခြားသော ဆုနှင်းသဘင်တွေမှာလည်း ဆုတံဆိပ်တွေ ရရှိခဲ့သည့် ဇာတ်ကား တစ်ကားဖြစ်ပါသည်။ကြည့်ရှုမိသူတိုင်း ပဲရစ်၏ မှော်ဆန်လှပလွန်းလှသော ညများဆီကို ဇာတ်ကောင်များနှင့်အတူ ထပ်တူ ပါဝင်သွားမှာကတော့ ဧကန်မုချ ဖြစ်ပါသည်ဟု ပြောရင်းဖြင့်သာ။

ညီလင်းအိမ်


  • VIA