News

POST TYPE

TIP

အမေရိကကို ပြောင်းလဲသွားစေနိုင်သည့် ဒေါ်နယ်လ်ထရမ့်၏ မူဝါဒ ၇ ရပ်
10-Nov-2016

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ ရီပတ်ဗလစ်ကန်ပါတီက ဒေါ်နယ်လ်ထရမ့် အနိုင်ရပြီး ၄၅ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်လာပြီးတဲ့နောက်မှာ အမေရိကန်ပြည်ထောင်စုဟာ ပြည်တွင်းမှာရော ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရေးမှာပါ မူဝါဒပိုင်းအရ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ 

ဒေါ်နယ်လ်ထရမ့်ရဲ့လက်ထက်မှာ အိုဘားမားကျန်းမားရေး စောင့်ရှောက်မှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ မူဝါဒနဲ့ အီရန်နဲ့ နူကလီယား သဘောတူညီမှုတို့ အပါအဝင် သမ္မတ အိုဘားမားရဲ့ပြောင်မြောက်တဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေဟာ ပျက်စီးပျောက်ရှသွားနိုင်ချေ ရှိနေပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေဟာလည်း သိသိသာသာ ပြောင်းလဲသွားဖို့ ရှိနေပါသေးတယ်။

ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးစဉ် ပြောကြားတဲ့ ကတိစကားတွေနဲ့ အမှန်တကယ် တရားဝင် ချမှတ်တဲ့ မူဝါဒတွေကြားမှာ ကွာခြားမှုတွေ ရှိနေနိုင်တာကို သတိပြုရမှာ မှန်ပေမယ့် ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ အမေရိကအနေနဲ့ ပြောင်းလဲသွားလိမ့်မယ်လို့ ကြိုတင်မျှော်လင့်ထားရမှာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ ကုန်သွယ်မှု

ဒေါ်နယ်လ်ထရမ့်က ပစိဖိတ်သမုဒ္ဒရာ ထိစပ်နိုင်ငံ ၁၂ နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှု ဖြစ်တဲ့ Trans-Pacific သဘောတူညီမှုကို ဆန့်ကျင်ပြီး မက္ကဆီကို၊ ကနေဒါတို့နဲ့ Nafta သဘောတူညီမှုကိုလည်း အခြေခံကျကျ ပြောင်းလဲဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက တင်သွင်းတဲ့ ပစ္စည်းတွေအပေါ်မှာ ၄၅ ရာခိုင်နှုန်းထိ တိုးမြှင့်စည်းကြပ်မယ်လို့လည်း ကြုံးဝါးထားပါတယ်။ ဒီအချက်ဟာ ကုန်သွယ်ရေးစစ်ပွဲ တစ်ရပ်အသွင်ဆောင်သွားဖို့ စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။

၂။ နိုင်ငံခြားရေးမူဝါဒ

အီရန်နိုင်ငံကို နျူလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံ မဖြစ်လာစေဖို့ အိုဘားမား ရယူခဲ့တဲ့ အမေရိကန်နဲ့ အီရန်အကြား သဘောတူညီမှုကို ဖျက်သိမ်းတာ၊ ဒါမှမဟုတ် အနည်းဆုံး ပြန်လည်သုံးသပ်ပြင်ဆင်တာမျိုး လုပ်မယ်လို့ မစ္စတာထရမ့်က ပြောထားပါတယ်။ 

အိုဘားမားက နျူ ကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီး ဖြစ်ဖို့ ရှေ့ရှုလုပ်ဆောင်ခဲ့ပေမယ့် ထရမ့်ကတော့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို နျူလက်နက်ပိုင်ဆိုင်နိုင်စေဖို့ လမ်းဖွင့်ပေးသွားမယ်လို့ ဆိုထားပါတယ်။ ထရမ့်ဟာ အမေရိက နဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေအကြား သဘောတူညီမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ထားပြီး ယင်းနိုင်ငံတွေဟာ သဘောတူညီမှုအတိုင်း နေထိုင်ခြင်း မရှိဘဲ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရင်းနီးတဲ့ ဆက်ဆံရေးတွေ ရှိနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

၃။ ကျန်းမာရေး စောင့်ရှောက်မှု

ထရမ့်ဟာ အိုဘားမား လက်မှတ်ရေးထိုးခဲ့တဲ့ ObamaCare ကျန်းမာရေး စောင့်ရှောက်မှုကို ပယ်ဖျက်တာ၊ အစားထိုးတာ ပြုလုပ်မယ်ဆိုတဲ့ ရီပတ်ဗလစ်ကန် အာမခံချက်ကို ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။ ObamaCare နေရာမှာ ပိုမိုကောင်းမွန်တဲ့ အခြားကျန်းမာရေး စောင့်ရှောက်မှုတစ်ခုနဲ့ အစားထိုး သွားမယ်လို့ မစ္စတာထရမ့်က ပြောကြားထားခြင်း မရှိဘဲ မတူခြားနားတဲ့ ပြည်နယ်တွေမှာ ဈေးကွက်ပြိုင်ဆိုင်မှုကို အားပေးသွားမယ်လို့ ဆိုထားပါတယ်။

၄။ အခွန်မူဝါဒ

သမ္မတ ရော်နယ်လ်ရေဂင် နောက်ပိုင်း အကြီးမားဆုံး အခွန်ပြုပြင်ပြောင်းလဲမှုကြီးကို ပြုလုပ်သွားမယ်လို့ ထရမ့်က ကြေညာထားပါတယ်။ ဘယ်အမေရိကန် စီးပွားရေးလုပ်ငန်းမှ အမြတ်အပေါ်ကနေ ၁၅ ရာခိုင်နှုန်းထက်ကျော်ပြီး အခွန်မပေးဆောင်ရအောင် လုပ်ဆောင်သွားမယ်လို့ ထရမ့်က ဆိုထားပါတယ်။ လက်ရှိ အမြင့်ဆုံး အခွန်နှုန်းထားက ၃၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 

၅။ တရားရုံးချုပ်

အမေရိကန်ပြည်ထောင်စု တစ်ဝန်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အတွက်တော့ ဒီအချက်က ရွေးကောက်ပွဲရလဒ်ရဲ့ အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာအမေရိကန်တို့ရဲ့ နိုင်ငံတော် တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ် တရားသူကြီး ၄ ဦးနဲ့ ပိုပြီး လစ်ဘရစ်ဖြစ်တဲ့ တရားသူကြီး ၄ ဦး ကွဲလျက်ရှိရာမှာ ဟီလာရီကလင်တန်ကို ထောက်ခံသူတွေက ဒီမိုကရက်တစ် သမ္မတက ရွေးချယ်မယ့် နဝမမြောက် တရားသူကြီးက အင်အားချိန်ခွင်လျှာကို ပြောင်းလဲစေလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ လက်ရှိရလဒ်အရ ဒေါ်နယ်လ်ထရမ့်ရဲ့ရွေးချယ်မှုက သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာနိုင်တာ သေချာသလောက် ရှိနေပါတယ်။

၆။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု

ကမ္ဘာကြီး ပူနွေးလာမှုဆိုတာ အမေရိကန ်စီးပွားရေးလုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းအောင် တရုတ်နိုင်ငံက ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လို့ မစ္စတာထရမ့်က ဆိုထားပြီး အိုဘားမား လက်မှတ်ထိုးခဲ့တဲ့ ပဲရစ်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကိုလည်း ဖျက်သိမ်းပစ်မယ်လို့ ဆိုထားပါသေးတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ ကမ္ဘာကြီး ပူနွေးမှုဆိုင်ရာ အစီအမံတွေအတွက် အမေရိကက ပေးနေရတာ အားလုံးကိုလည်း ဆက်မပေးတော့ဘဲ ရပ်ဆိုင်းပစ်မယ်လို့ ထရမ့်က ဆိုထားပါသေးတယ်။

၇။ လူဝင်မှုကြီးကြပ်ရေး

ဒီအချက်ကတော့ မဲဆွယ်စည်းရုံးရေး ကာလတွေမှာ ထရမ့်ကို ထောက်ခံသူတွေ အကြိုက်အတွေ့ဆုံး ဖြစ်ခဲ့တဲ့ အချက်ပါပဲ။ အိုဘားမားရော၊ ဟီလာရီကလင်တန်ပါ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို နိုင်ငံသားအဖြစ် အပြည့်အဝ ခံယူခွင့် ရှိစေရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ မစ္စတာထရမ့်ကတော့ မဲဆွယ်စည်းရုံးစဉ်မှာ မက္ကဆီနဲ့ နယ်စပ်ကို တံတိုင်းကာရံသွားဖို့၊ မူစလင်တွေကို ပြည်ဝင်ခွင့်ပိတ်ပင်ဖို့နဲ့ ၁၁ သန်းခန့် ရှိတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တိုင်းပြည်ထဲက နှင်ထုတ်သွားဖို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ဟာ နောက်ပိုင်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား လုပ်ဆောင်မယ့် အစီအမံမျိုးတွေကနေ မရေမရာ ကြေညာချက်မျိုးတွေအဖြစ် လျှောချသွားခဲ့တာကိုလည်း တွေ့ထားရပါတယ်။

ဖြိုးမင်းသန့်
Ref : Financial Times


  • VIA