News

POST TYPE

TIP

တွံတေးတွင် မူးယစ်ဆေးဝါး ရောင်းချနေသူများကိုဖမ်းမိ
08-May-2019

ရန်ကုန်၊ မေ ၈

တွံတေးမြို့နယ် ရှမ်းစုကျေးရွာတွင် မေ ၇ ရက် ည ၁၁ နာရီခန့်က မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းရရှိထားသည့် နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိထားသည့် နေအိမ်တွင်နေထိုင်သူ အသက် ၃၃ နှစ် မသော်သော် (ခ) မသော်ခေအောင်နှင့်အတူ ယင်းနေအိမ်သို့ ရောက်ရှိနေသော ဒလမြို့နယ်တွင် နေထိုင်ကြသော အသက် ၂၅ နှစ် မနှင်းဝေလွင်နှင့် အသက် ၂၅ နှစ် ကျော်ကိုတို့ကိုတွေ့ရှိပြီးနောက် နေအိမ်အတွင်း ရှာဖွေစစ်ဆေးရာမှ ဒေသကာလပေါက်ဈေး ကျပ် ၃၆ သိန်းကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၁ ပြားကို သိမ်းဆည်းရမိခဲ့သည်။

ယင်းအပြင် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတစ်လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းမိသူသုံးဦးကို တွံတေးမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ၍ ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03