News

POST TYPE

TIP

ရုပ်ရှင်ခံစားမှု Snowpiercer
06-Nov-2016

လက်ချောင်းများပင် အတိုအရှည် ညီမျှမှုရှိအောင် ဖန်တီး မပေးထားပဲ အရာဝတ္ထု တစ်ခုအား ဆုပ်ကိုင်နိုင်အောင် ဖန်တီးထားသည့် သဘာဝ တရား၏ ဖြစ်တည်မှုအောက်မှာ လူသား ကမ္ဘာကြီး တစ်ခုလုံး၏ နေထိုင်ရှင်သန်မှု အချိုးအစား ကွာခြားမှုမှာလည်း ဘယ်သောအခါမှ တူညီမည် မဟုတ်တာ သေချာပါသည်။

အင်အားကြီးသူများသည် အင်အားကို အသုံးပြု၍ အနိုင်ယူကြသည်။ အားနည်းသူကို ခွစီး၍ မိမိတို့၏ အင်အားတွေ ဆတက်ထမ်းပိုး တိုးလာအောင် အားထုတ်ကြသည်။ မခံရပ်နိုင်သူတွေကလည်း တွန်းလှန်ကြသည်။ ထိုသို့ဖြင့် အသစ်တစ်ဖန် မွေးဖွားလိုက်။ ပျောက်ကွယ်လိုက်နှင့် လည်ပတ် နေကြလေသည်။

ကိုရီးယား ဒါရိုက်တာများအကြောင်းကို ပြောကြတော့မည် ဆိုလျှင် အထက်က ဆိုခဲ့သည့် သဘောတရားများအား အဓိက ဆုပ်ကိုင်၍ 2013 ခုနှစ်က ရိုက်ကူးထားသော “Snowpiercer” ဇာတ်ကား၏ ဒါရိုက်တာ Bong Joon-ho ကိုလည်း အမြဲတစ်စေ ချီးမွှမ်းခန်း ဖွင့်ကြရမှာ သေချာသည်။

သူဖန်တီးသော ဇာတ်ကား အများစုမှာ သမားရိုးကျ ဖြစ်မှုကို လုံးဝ ရှောင်ရှားသကဲ့သို့ ဇာတ်ကောင် တစ်ဦးစီ၏ စိတ်ခံစားချက်တို့အား ဖော်ပြ ရိုက်ကူးရာ၌ အထူးပင် ပါရမီ ပြည့်ဝလှသည်ကို သူ ရိုက်ကူးခဲ့တဲ့ Mother | The Host |Memories Of Murder ဇာတ်ကားတွေမှာ ကြည့်ဖူးသူတိုင်း တွေ့ရှိကြမည် ဖြစ်ပါသည်။

အထူးသဖြင့် ဇာတ်ကွက် တစ်ခုချင်းစီအလိုက် အမှတ်တမဲ့ လှုပ်ရှားမှုကလေးအစ ယင်းဇာတ်ကွက် ကလေးကနေ ဇာတ်အိမ် တစ်ခုလုံး၏ အဓိက သော့ချက်ဖြစ်နေသလိုမျိုး အခန်းတစ်ခုစီကအစ အကျအပေါက် မရှိအောင် ရိုက်ပြတတ်သည့် ဒါရိုက်တစ်ယောက် ဖြစ်ပါသည်။

ထိုသို့ ပါရမီ ပြည့်ဝလွန်းသည့် ဒါရိုက်တာ တစ်ယောက် ဖြစ်နေသောကြောင့်ပင် ဟောလိဝုဒ်က သရုပ်ဆောင် အကျော်အမော်များအား ဦးစီး၍ Snowpiercer ဆိုသည့် တန်းမြင့် ဇာတ်ကားကောင်း တစ်ကားအား ဖန်တီးပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဟောလိဝုဒ်နှင့် ချိတ်ဆက် ရိုက်ကူးထားသည့် ဇာတ်ကား တစ်ကားဖြစ်သော်လည်း သူ၏ ပင်ကို အမှတ်တံဆိပ်များဖြစ်သည့် ဇာတ်အိမ်ကို လွတ်လပ်စွာ ပြသခြင်း။ ဇာတ်ကောင် အားလုံးကို တစ်ခုချင်းအလိုက် မြင့်တင်ပေးခြင်းမျိုး မရှိပဲ ကျရောက်ရာ ဇာတ်ကောင်အလိုက် မိမိပိုင်နိုင်သော ဇာတ်ရုပ်အား လုပ်ဆောင်နိုင်မှု အပြည့်အဝ ပေးစွမ်းထားခြင်း။ သမားရိုးကျ ဇာတ်လမ်းသွားမှ ခွဲထွက်ထားခြင်း စသည့် ပြောင်မြောက်သော အနုပညာ ဖန်တီးမှုများအား တစ်နင့်တစ်ပိုး ခံစားခဲ့ရပါသည်။

လက်တံ မတူသော လူလောက ဘုံလွှာအား ခေတ်သစ် နိမိတ်ပုံ တစ်ခုအဖြစ် ကမ္ဘာကြီးအေးခဲ ပျက်သုဉ်းသွားရာကနေ စွမ်းအင်သစ်ဖြင့် သွားလာနေသည့် ရထားကြီး တစ်စင်းအား ပြဆိုထားသည်။ ယင်းရထားတွဲ တစ်ခုလုံးကို အင်အားကြီးသော လူတစ်စုက ပိုင်စိုးထားပြီး တွဲအလိုက် ကွာခြားသွားကြသည့် လူတန်းစားများအား တွေ့ရှိရမည်ဖြစ်ပါသည်။

အနှိမ်နင်းခံ ဆင်းရဲသား လူတန်းစားများသည် ရထားတွဲကြီး၏ နောက်ဆုံးပိုင်းတွင် နေထိုင်ကြရပြီး အင်အားကြီး လူတန်းစားများ၏ အနိုင်ကျင့် နှိပ်စက်ခြင်းကို ခံကြရသည်။

ကလေးများအား ဖမ်းဆီးသွားကြသည်။ စက်ယန္တရား လည်ပတ်မှုအတွက် အနိုင်ကျင့် ခိုင်းစေ ပစ်ကြသည်။ ညံ့ဖျင်းတဲ့ အစာရေစာများသာ စားသောက်ကြရသည်။ ထိုသို့ အနိုင်ကျင့်မှု များလာသည့်အခါတွင် သူတို့ အားလုံး တွန်းလှန်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြ၏။

အောင်မြင်မှုရဖို့ အဓိက ပန်းတိုင်က ရထားတွဲ၏ ထိပ်ဆုံးကို ရောက်အောင် သွားနိုင်မှ ရမည်။ သူတို့ထံတွင် ဘာလက်နက်မှ မရှိ။ နောက်တစ်ခုက ရထားတွဲတံခါးတွေကို ဖွင့်နိုင်ဖို့အတွက် ရထား၏ အစိတ်အပိုင်းများအား ကျွမ်းကျင် နားလည်သူရှိမှသာ ဖြစ်နိုင်ပေမည်။

ရထားတွဲတိုင်းမှာ လက်နက်ကိုင် အစောင့်တွေ ရှိသည်။ ထောင်ချောက်တွေ ပြည့်နေသည်။ အကယ်ရွေ့များ အောင်မြင်သွားခဲ့သည်ရှိသော် ကမ္ဘာပျက်ကြီးပေါ်မှာ ဆက်လက် ရှင်သန်ရမည့် အနာဂါတ်ကာလက အဘယ်သို့နည်း။

ကြည့်နေရင်းနှင့် ဒါရိုက်တာ၏ မောင်းနှင်မှုအောက်မှာ ထပ်တူ လိုက်ပါသွားမှာ သေချာပါသည်။ ကမ္ဘာပျက်ကြီးအောက်မှာ ယင်းကဲ့သို့သော ဖြစ်ရပ်မျိုးတွေနှင့်သာ ကူးခပ်ရှင်သန်ရရင် ရပ်တည်နိုင်ပါ့မလား ဆိုသည့် အတွေးများ ကြောက်ရွံ့မှုများနှင့်ပေါ့။

ညီလင်းအိမ်

  • VIA