News

POST TYPE

TIP

ဘတ်စ်ကားစီးမယ်ဆိုရင်
06-Nov-2016

ကိုယ်စီးမယ့် လိုင်းကားကို သေချာရွေးချယ်ပါ

မနက်ခင်း အိမ်ကအထွက်မှာ ကိုယ်စီးရမယ့် ဘတ်စ်ကားကို သေချာရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ အလုပ်သွား အလုပ်ပြန်၊ ကျောင်းသွား ကျောင်းပြန်အတွက် လိုင်းကားတိုးစီးခြင်းက နိစ္စဓူဝ အလုပ်ဆိုပေမယ့် တစ်နေ့တာလုံး စိတ်သက်သက်သာသာ အလုပ်လုပ်နိုင်ဖို့အတွက် အရေးပါပါတယ်။  ကိုယ်စီးတဲ့ကားက လူကျပ်နေမယ်ဆိုရင် စိတ်သက်သောင့်သက်သာ မဖြစ်စေဘဲ ကိုယ့်ရဲ့ တစ်နေ့တာကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်လို့ပါ။ အပြင်ထွက်ဖို့ လိုင်းကားစီးကြတဲ့အခါ အတတ်နိုင်ဆုံး ကားကျပ်ကျပ်တွေ မစီးမိဖို့ လိုအပ်ပါတယ်။ မဖြစ်မနေ စီးနင်းရတဲ့ အခါမှာလည်း သတိလေး ကပ်ထားဖို့ ဆိုချင်ပါတယ်။  (ဥပမာ- သင့်အနားကို လူတစ်ဦးက မူမမှန်တဲ့ အနေအထားနဲ့ တိုးကပ်လာတဲ့ အခြေအနေမျိုး၊ သင့်ကိုပဲ အာရုံစိုက် ကြည့်ခံနေရတဲ့ အခါမျိုးကို ဆိုလိုပါတယ်)
 
ကားစီးရင်း ဖုန်းကိုအာရုံစိုက်ခြင်းကို ရှောင်ပါ 

ကားတိုးစီးရင်း ဖုန်းပြောခြင်းနဲ့ Facebook သုံးခြင်းတို့ကို ဆင်ခြင်ပါ။ ကားပေါ်မှာ နေရာထိုင်ခုံ မရခဲ့ပါက လက်တစ်ဖက်လွှတ်ပြီး ဖုန်းပြောခြင်း Facebook အသုံးပြုခြင်း၊ ဂိမ်းကစားနေခြင်းက သင့်ကို ဒုက္ခလှလှပေးနိုင်ပါတယ်။ လူကျပ်နေရင်ဖြစ်ဖြစ်၊ လူချောင်နေရင်ဖြစ်ဖြစ် ကားဘရိတ်အုပ်တဲ့  အခါမျိုး၊ ဒါမှမဟုတ် အချင်းချင်း တိုးကြိတ်တာမျိုး အခြေအနေမှာ သင့်ကို ဟန်ချက်ပျက်ပြီး လဲပြိုစေနိုင်ပါတယ်။ ကားပေါ်မှာ နေရာမရဘူးဆိုရင် ဟန်းဖုန်း မသုံးဖို့ ထပ်အကြံပြုချင်ပါတယ်။
 
အတတ်နိုင်ဆုံး ငွေအကြွေဆောင်ထားပါ

ကားခပေးဖို့ အတွက်ပါ။ တကယ်လို့ သင့်မှာ အကြွေမပါခဲ့ရင် ယာဉ်အကူရဲ့ အပြောအဆို ခံရနိုင်ပြီး ကံမကောင်းရင် ကားကျပ်လွန်း၊ တိုးလွန်းနေလို့ ကားခပြန်တောင်းဖို့ မေ့သွားတဲ့အခါမျိုးမှာ ကိုယ့်ပိုက်ဆံပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ကားခမပေးဘဲ ပေးစီးတယ် ဆိုတာမျိုးက ကြုံတောင့်ကြုံခဲ ကံတရားပါ။
 
ခါးပိုက်နှိုက် သတိပြုပါ

လိုင်းကားတိုးစီးမယ် ဆိုရင်တော့ ခါးပိုက်နှိုက်ကို မဖြစ်မနေ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ လူကျပ်တဲ့ ကားပေါ်မှာ ခါးပိုက်နှိုက်ဟာ အမျိုးသား ဖြစ်နိုင်သလို သန့်သန့်ပြန်ပြန်နဲ့ အမျိုးသမီးငယ်လေးတွေလည်း ဖြစ်နိုင်ပါတယ်။ ခါးပိုက်နှိုက် အများဆုံး ကျင်လည်လေ့ ရှိတဲ့ နေရာတွေမှာလည်း အတက်အဆင်း ဂရုစိုက်ရပါမယ်။ ကိုယ့်အိတ်ကို နှိုက်နေတာကိုတွေ့ရင် လက်တို့သတိပေးမယ့်သူတွေ ရှိသလို လူတိုင်းကလည်း လက်တို့သတိပေးမှာ မဟုတ်ပါဘူး။ 
ဘာလို့လဲဆိုတော့ ခုနောက်ပိုင်း သတင်းတွေမှာ ပါလေ့ရှိတတ်တဲ့ တချို့ခါးပိုက်နှိုက်တွေဟာ ကူညီသူကို အငြိုးနဲ့ ရန်ပြုလေ့ ရှိတာကြောင့်ပါ။ ဒီကိစ္စနဲ့ ထပ်တူမလိုအပ်ဘဲ ငွေအများကြီး ထည့်ယူလာတာ မျိုး၊ လက်ဝတ်လက်စားတွေ အလွန်အကျွံ ဝတ်ဆင်တာမျိုး ဆင်ခြင်သင့်ပါတယ်။ ကားပေါ်က လူတိုင်းကို သံသယထားဖို့ မဟုတ်ပေမယ့် သတိလက်လွတ် မနေဖို့ ဆိုချင်တာပါ။ ကားကျပ်သည်ဖြစ်စေ၊ ချောင်သည်ဖြစ်စေ ဘေးလွယ်အိတ်ကို ချိုင်းကြားမှာ ညှပ်လွယ်နေရာက အရှေ့ဘက်ကိုပစ်ပြီး ကိုယ်နဲ့ကာ လွယ်ထားသင့်ပါတယ်။ ဒါဟာ ကိုယ့်အိတ်ကို အလွယ်တကူ မနှိုက်နိုင်အောင် အလွယ်ကူဆုံး ကာကွယ်နည်းပါ။
 
အတက်အဆင်း ဂရုစိုက်ပါ

ကိုယ်ဆင်းမယ့် မှတ်တိုင်မရောက်ခင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ်ကသာ ထိုင်ခုံနေရာက ကြိုမထွက်ထားမိရင် မှတ်တိုင်ရောက်တဲ့အခါ အတက်အဆင်း လူတွေကို တိုးရတာနဲ့ ယာဉ်အကူရဲ့ စိတ်မရှည်ခြင်းတွေကို ခံရမှာဖြစ်ပြီး အတင်းတွန်းချ အတင်းတွန်းတင်တာမျိုးကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီအခြေအနေမျိုးတွေဟာ အမျိုးသားရော အမျိုးသမီးများပါ ကြုံတွေ့နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ (ယာဉ်အကူ အတော်များများက မှတ်တိုင်အဆင်း အတက်မှာ ဒီလိုအပြုအမူတွေ ရှိတတ်ပါတယ်။)

ကိုယ်ချင်းစာစိတ်ထားပါ

လိုင်းကားတိုးစီးရသူတွေဟာ အမျိုးသား၊ အမျိုးသမီးအရွယ်စုံ ဖြစ်တဲ့အတွက် တစ်ဦးချင်းစီက အသိတရားနဲ့ ကိုယ်ချင်းစာစိတ် ထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ မိန်းကလေးတွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကြုံတွေရလေ့ ရှိသလို အမျိုးသားတွေ အနေနဲ့လည်း ထင်ယောင်ထင်မှား အထင်ခံရတဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့လည်း လိုင်းကားတိုးစီးတဲ့အခါ ဆင်ခြင်ရမယ့် အရာတွေ ရှိပါတယ်။ မရည်ရွယ်ဘဲ  အမျိုးသမီးတွေနားကို ကားကျပ်လို့ တိုးကပ်မိတဲ့အခါ အိတ်ပါရင် အရှေ့ဘက်ကနေကာပြီး ထားစီးဖို့၊ ကိုယ့်ကို သံသယ မဝင်အောင် နေတတ်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် ခပ်စွာစွာ မိန်းကလေးတွေနဲ့ကြုံရင် အရှက်ရစေနိုင်သလို မိန်းကလေးတစ်ယောက် အမှန်တကယ် နှောင့်ယှက်ခံရပြီ ဆိုရင်လည်း အကူအညီပေးဖို့ ဝန်မလေးသင့်ပါဘူး။
 
စကားတိုးတိုး ပြောပါ 

သူငယ်ချင်းများ အုပ်စုလိုက် လိုင်းကားစီးတဲ့ အခါပဲဖြစ်ဖြစ်၊ ဖုန်းစကားပြောတဲ့အခါပဲ ဖြစ်ဖြစ် အဖော်ကြားနိုင်ရုံသာ ပြောသင့်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ကိုယ်တစ်ဦးတည်း၊ ကိုယ့်အပေါင်းအသင်းတွေ တစ်စုတည်း စီးနေတာမျိုး မဟုတ်ဘဲ အများနဲ့ ဝေမျှသွားရတယ် ဆိုတာမျိုး သတိထားပြီး အများကို အနှောင့်အယှက် ဖြစ်စေတဲ့ အသံကျယ်လောင်စွာ ပြောဆိုခြင်း၊ ရယ်မောခြင်းတွေကို ရှောင်သင့်ပါတယ်။

လိုင်းကားပေါ်ကို တက်လိုက်တာနဲ့ ကိုယ်မမြင်နိုင်တဲ့ အန္တရာယ်တွေက ကိုယ့်နားမှာ အမြဲရှိ နေပါတယ်။ ဥပမာ- ကိုယ့်ရှေ့ထိုင်ခုံက ညစ်ညမ်းဗီဒီယိုဖိုင်တွေ ဖွင့်ကြည့်နေတာမျိုး၊ ကိုယ့်ဘေးက လူက အလွန်အကျွံ အရက်မူးနေတာမျိုးကို ဆိုလိုပါတယ်။

ဘရိတ်ဆောင့်အုပ်တဲ့ အခါမျိုးမှာ ဟန်ချက်ညီဖို့ သေချာကိုင်ဖို့နဲ့ လူကြီးမိဘတွေ အသက်အရွယ်ကြီး ရင့်သူတွေနဲ့ မသန်စွမ်းသူတွေ သံဃာတော်တွေကို ယဉ်ကျေးမှုအရဖြစ်ဖြစ် ကိုယ်ချင်းစာစိတ်အရ ဖြစ်ဖြစ် ထိုင်ခုံနေရာဖယ်ပေးတဲ့  အမူအကျင့်လေးတွေကိုလည်း လုပ်သင့်ပါတယ်။ ဘယ်လောက်ပဲ ရိုင်းစိုင်းတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ ကြုံကြုံ ဖက်ပြိုင်အံတုဖို့ မကြိုးစားတာ အကောင်းဆုံးပါ။ 

ခိုင်ခိုင်