News

POST TYPE

TIP

လူအများ နှစ်သက် သဘောကျသူဖြစ်အောင် ဘယ်လိုလုပ်မလဲ
04-Nov-2016


မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ ဆိုတာ လူတိုင်း လိုလားတဲ့ ဆုတစ်ခုပဲ မဟုတ်လား။ သင့်ရဲ့ အသိ မိတ်ဆွေတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေက သင့်ကို နှစ်သက် သဘောကျမယ်ဆိုရင် သင့်ရဲ့ ပတ်ဝန်းကျင်က ပိုပြီး နေပျော်လာမှာ ဖြစ်သလို သင် အကူအညီ လိုတဲ့အခါမှာလည်း လိုလိုလားလား ပေးကြပါလိမ့်မယ်။ 

၁။ ပြုံးပါ 

လှိုက်လှိုက်လှဲလှဲ ပြုံးပါ။ ဟိုနားဒီနား လမ်းလျှောက်နေတုန်း နားကြပ်ကြီး တပ်ပြီး ဖုန်းကိုပဲ နှိပ်မနေပါနဲ့။ မော့ကြည့်ပြီး ကိုယ်နဲ့ မျက်မှန်း တန်းမိတဲ့သူတွေ မြင်တဲ့အခါ ပြုံးပြပါ။ “စားပြီးပြီလား” ၊ “ဘယ်သွားမလို့လဲ” စသဖြင့် နှုတ်ဆက်ပါ။ 

၂။ လူတွေကို ကြည့်ပါ 

ပြုံးပြီးတဲ့အခါ မျက်လုံးချင်း ဆုံကြည့်ပါ၊ ဒါပေမဲ့ စိုက်တော့ ကြည့်မနေပါနဲ့။ မျက်လုံးချင်း ဆုံတာဟာ လူတွေရဲ့ နှစ်သက် သဘောကျမှုကို ရဖို့ အဓိက သော့ချက်တွေထဲက တစ်ခုပါပဲ။ စကားပြောနေတဲ့ အခါမှာ တစ်ဖက်လူကို မကြည့်ပဲ တခြားဘက်ကို ကြည့်နေတာမျိုးကို ရှောင်ပါ။ 

၃။ စိတ်မဆတ်ပါနဲ့ 

နေ့တိုင်း ပျော်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ပြဿနာတွေကြောင့် ဖြစ်လာတဲ့ ခံစားချက်တွေကို တခြား သူတွေနဲ့ ပြောဆို ဆက်ဆံတဲ့ နေရာမှာ ပွင့်မထွက်လာအောင် ထိန်းချုပ်ပါ။ သင့်အသိ တစ်ယောက်နဲ့ ဒီနေ့ပဲ ရယ်ရယ်မောမော စကားပြောလိုက် နောက်တစ်နေ့ကျ ဘာအကြောင်းမှ မယ်မယ်ရရ မရှိဘဲ သူ့ကို ငေါက်ဆတ်ဆတ် ပြောလိုက်ဆိုရင် သင့်ကိုသူ ရှောင်သွားပါလိမ့်မယ်။ 

၄။ သင့်ကိုယ်သင် သတိပြုပါ 

ခင်မင်စရာ ကောင်းတယ် ဆိုတာဟာ များသောအားဖြင့် အလေ့အကျင့်က ဖြစ်လာတဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါပဲ။ သင့်ကိုယ်သင် သတိထား ဆင်ခြင်ပြီး အဲဒီ ကိုယ်ရည် ကိုယ်သွေးကို မွေးမြူနိုင်ပါတယ်။ သင့်ရဲ့ ဝတ်စား ဆင်ယင်ပုံ၊ ကိုယ်ဟန် အမူအရာ၊ စကားပြောပုံ၊ တွေးခေါ်ပုံ စတာတွေကို တစ်နေ့တစ်ခြား ပိုကောင်းလာအောင် သတိပြု ပျိုးထောင်ကြည့်ပါ။ 

၅။ သိပ်မဝေဖန်ပါနဲ့ 

တခြားသူတွေနဲ့ ပတ်သက်တဲ့ သင့်ရဲ့ ထင်မြင်ချက်တွေ အထူးသဖြင့် အပြုသဘော မဆောင်တဲ့ ထင်မြင်ချက်တွေကို သင့်စိတ်ထဲမှာပဲ ထားပါ။ သင့်အိမ်မှာဆိုရင် စိတ်လွတ်လက်လွတ် ပြောဆိုနိုင်ပေမယ့် အလုပ်ခွင်မှာဆိုရင် လူအမျိုးမျိုး ရှိမှာဖြစ်တဲ့အတွက် သင့်ရဲ့ ဝေဖန် အကဲဖြတ်ချင်တဲ့ ဆန္ဒတွေကို ထိန်းချုပ်ပါ။ 

၆။ ထင်ပေါ် လိုစိတ်ကို လျှော့ပါ 

သင့်ရဲ့ အဖွဲ့အစည်း အတွင်း ဌာနအတွင်း စသဖြင့် အများနဲ့ စုပေါင်း လုပ်ရတဲ့ နေရာတွေမှာ အမြဲတမ်း ရှေ့ဆုံးကနေလိုမယ် ထင်ထင်ရှားရှား ဖြစ်လိုမယ်ဆိုရင် လူတွေက သင့်ကို အမြင်မကြည် ဖြစ်လာပါလိမ့်မယ်။ အဖွဲ့အစည်း တစ်ခုမှာ လူတိုင်းက သူ့အခန်း ကဏ္ဍနဲ့သူ အရေးပါတယ် ဆိုတာကို သတိပြုမိပြီး အခြားသူတွေကို ကြိုးစား အားထုတ်မှုကို အသိအမှတ် ပြုမိပါစေ။ 

၇။ တောင်းပန်တတ်အောင် လေ့ကျင့်ပါ 

လူတွေ သင့်ကို ခင်မင်ဖို့ အကောင်း မြင်လာဖို့ အကောင်းဆုံး နည်းတွေထဲက တစ်နည်းကတော့ တောင်းပန်တာပါပဲ။ အလုပ်ခွင်ထဲမှာ တစ်ခါတလေ သင်က ဘာလုပ်မိမှန်း မသိဘဲ တစ်ဖက်လူက စိတ်ဆိုးနေတာမျိုး ကြုံဖူးပါလိမ့်မယ်။ အဲဒီအခါ သင့်ဘက်က ချက်ချင်း တောင်းပန်လိုက်ပါ။ ဘယ်သူ့အမှား ပိုများလဲ ဆိုတာကို တွက်တာဟာလည်း မုန်းစကို ရှည်စေပါတယ်။ 

Ref : success.com



  • VIA