News

POST TYPE

TIP

သင်နဲ့ ပတ်သက်ပြီး သင့်ကလေးစိတ်မှာ အမှတ်တရ ဖြစ်နေမယ့်အရာတွေ
03-Nov-2016

(၁) သင့်ကြောင့် လုံခြုံတယ်လို့ ခံစားရချိန်

ငယ်ရွယ် နုနယ်တဲ့ ကလေးတွေအဖို့ စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားနေရဖို့ လိုအပ်ပါတယ်။ သူတို့ တစ်ခုခုကို ကြောက်လန့်နေချိန်မှာ သင်က သူတို့အနားမှာ ရှိနေပေးမယ် ဒါမှမဟုတ် သူတို့ကို ထွေးပွေးထားမယ် ဆိုရင် အဲဒီ အခိုက်အတန့်လေးကို သူတို့ မှတ်မှတ်ရရ သတိရနေမှာ ဖြစ်သလို တကယ်လို့ သင်က သူတို့ကို ဒေါသတကြီး တုံ့ပြန်လိုက်တယ် ဆိုရင်လည်း သူတို့စိတ်ထဲမှာ မဖျောက်နိုင်ဘဲ ရှိနေပါလိမ့်မယ်။

(၂) သင့်ရဲ့ ဂရုစိုက်မှုကို ရရှိချိန်

ကလေးတွေဟာ သင် သူတို့ကို ဘယ်လောက် အချိန်ပေးသလဲ ဆိုတာကို ကြည့်ပြီး သင့်ရဲ့အချစ်ကို တိုင်းတာ တတ်ကြပါတယ်။ သင်လုပ်နေတဲ့ အလုပ်တွေကို ရပ်ပြီး သူတို့နဲ့ ဆော့ကစား ပေးတဲ့အချိန် သူတို့ကို အပြင်လိုက်ပို့တဲ့အချိန် စတဲ့ အရာမျိုးတွေကို သူတို့က အမြဲ သတိရနေမှာ ဖြစ်ပါတယ်။ သင့်အတွက် ဘာမှမဟုတ်တဲ့ အပြုအမူလေးတွေဟာ ကလေးတွေရဲ့ စိတ်ထဲမှာတော့ အဖိုးတန်တဲ့ အရာတွေ ဖြစ်နေတတ်ပါတယ်။

(၃) အိမ်ထောင်ဖက်နဲ့ ပြောဆို ဆက်ဆံပုံ

ချစ်ခြင်း မေတ္တာပေါ် ကလေးတွေရဲ့ အမြင်ဟာ သူတို့ မိဘတွေရဲ့ ဆက်ဆံရေး အနေအထားပေါ် မူတည်ပြီး ဖြစ်ပေါ်လာတာပါ။ မိဘ နှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင် ကြင်နာတာကို မြင်တွေ့ရတဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ အိမ်ထောင်ရေးအပေါ် အပြုသဘော ဆောင်တဲ့ အမြင်တွေ ရှိလာကြပြီး ကိုယ့်ကိုယ်ကို လုံခြုံမှုကိုလည်း ခံစားကြရပါတယ်။

(၄) သင့်ရဲ့ စကားလုံး အသုံးအနှုန်း

ဖယောင်းရုပ်လို လိုရာပုံ သွင်းနိုင်တဲ့ ငယ်ရွယ်စဉ်က အသေးအဖွဲ ကိစ္စလေးတွေဟာ အချိန် ကြာလာတာနဲ့အမျှ ပြတ်သား မာကျောလာပါတယ်။ သူတို့နဲ့ စကားပြောချိန်မှာ သင့်ရဲ့ ပြောဟန်ဆိုဟန်နဲ့ စကားလုံး ရွေးချယ်မှု မှန်ကန်မယ်ဆိုရင် သူတို့ရဲ့ အနာဂတ် ဘဝ ရှေ့ရေးမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု၊ ယုံကြည်မှုနဲ့ အပြုသဘောဆောင်မှုတွေ ဖြစ်ပေါ်စေပါလိမ့်မယ်။ ဆိုဆုံးမမယ့် အချိန်မျိုးမှာတောင် သင့်ရဲ့ အမူအရာနဲ့ စကားလုံးတွေမှာ ချစ်ခြင်းမေတ္တာရဲ့ အရိပ်အယောင်တွေ ပါဝင်နေဖို့ အရေးကြီးပါတယ်။

(၅) မိသားစုလိုက် အလေ့အထ

ကလေးတွေဟာ တအံ့တသြ ဖြစ်ရတာကို နှစ်သက်ကြပေမယ့် သူတို့ ကြိုတင် မှန်းဆနိုင်မယ့် ကိစ္စတွေလည်း ရှိနေဖို့ လိုအပ်ပါတယ်။ အပတ်စဉ် မိသားစုလိုက် ရုပ်ရှင်သွားကြည့်ချိန် ဒါမှမဟုတ် ပန်းခြံ သွားချိန်စတဲ့ ပုံမှန် လုပ်နေကျ အလေ့အထတွေကို ကလေးတွေဟာ ကြီးပြင်း အရွယ်ရောက်ချိန်အထိ မှတ်မှတ်ရရ ရှိနေပါလိမ့်မယ်။ သူတို့တွေ မိဘနေရာကို ရောက်တဲ့အချိန်မှာလည်း သူတို့ရဲ့ သားသမီးတွေကို အဲဒီလို ပျော်စရာ အလေ့အထလေးတွေ လက်ဆင့်ကမ်းနိုင်လေ့ ရှိကြပါတယ်။


  • VIA