News

POST TYPE

TIP

တက်တူး ထိုးမယ်ဆို စဉ်းစားရမယ့် အချက် ၆ ချက်
29-Oct-2016

သင့်အတွက် ပထမဆုံး တက်တူးပဲဖြစ်ဖြစ် ထပ်ထိုးမှာပဲဖြစ်ဖြစ် တက်တူး ထိုးတော့မယ်ဆိုရင် ဒီအချက် (၆) ချက်ကို အရင် စဉ်းစားထားဖို့ လိုပါလိမ့်မယ်။

(၁) ဆိုင်ရွေးချယ်မှု
ဆိုင်ရွေးချယ်မှုက အဓိက ကျတဲ့အချက် တစ်ချက်ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်နဲ့ အင်တာနက်ပေါ်မှာ လူကြိုက်များတဲ့ ဆိုင်တွေနဲ့ နာမည်ကောင်း ရထားတဲ့ဆိုင်တွေကို လိုက်ရှာကြည့်ပါ။ ထိုးဖူးတဲ့ အသိမိတ်ဆွေတွေဆီမှာလည်း ဘယ်ဆိုင်ကောင်းလဲ ဆိုတာ မေးမြန်း စုံစမ်းကြည့်ပါ။

(၂) တက်တူးပညာရှင်
တက်တူးပညာရှင် တစ်ဦးချင်းမှာ သီးခြားလက်ရာနဲ့ ဟန်တွေ ရှိကြတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး အမြင် ကွဲပြား ခြားနားပါတယ်။ ထွက်လာမယ့် ပုံရဲ့ အနေအထားကို သင် ကြိုက် မကြိုက် ကြိုသိနိုင်ဖို့ တခြားသူတွေကို ထိုးထားတဲ့ တက်တူး နမူနာ ဓာတ်ပုံတွေကို လေ့လာကြည့်ပါ။

(၃) ဆရာဝန် ထောက်ခံချက်
တက်တူးထိုးတဲ့အခါ တချို့ အသားအရေတွေမှာ အရေပြားဓာတ် မတည့်တာ ပိုးဝင်တာစတဲ့ ပြဿနာတွေ ဖြစ်တတ်တဲ့အတွက် သင့်အသားအရေရဲ့ ခံနိုင်ရည်ကို သိနိုင်ဖို့ အရေပြား အထူးကု ဆရာဝန် ဒါမှမဟုတ် အသားအရေ ထိန်းသိမ်းရေး ပညာရှင် တစ်ယောက်ယောက်ဆီမှာ စစ်ဆေးကြည့်ပါ။

(၄) ကိုယ့်ကိုယ်ကိုယ် မေးစရာ
သင်ထိုးမယ့်ပုံကို သင် တစ်သက်လုံး နှစ်သက် သဘောကျနေမှာလား ဆိုတာကို အလေးပေး စဉ်းစားဖို့ လိုပါတယ်။ အခုချိန်မှာ တက်တူးတွေကို ဖျက်လို့ ရနေပြီ ဆိုပေမယ့် အချိန် ကုန်သလို ငွေကုန် ကြေးကျလည်း များပါတယ်။ ဒါ့အပြင် တချို့ဆေးတွေဟာ လုံးဝ ပျက်အောင် ဖျက်လို့မရဘဲ ရှိတတ်ပါတယ်။

(၅) ခန္ဓာကိုယ် အစိတ်အပိုင်း
တက်တူး ပညာရှင်ဆီက ထိုးမယ့်ရက်ချိန်း ရသွားပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ထိုးမလဲဆိုတာ ဆုံးဖြတ် ရပါတော့မယ်။ ဒါနဲ့ ပတ်သက်လို့ သင့်ရဲ့ တက်တူး ပညာရှင်က သင့်ကို ဝမ်းမြောက်ဝမ်းသာ အကြံပေးပါလိမ့်မယ်။

(၆) ထိုးပြီး နောက်ပိုင်းကိစ္စ
တက်တူး ထိုးတာက ထိုးပြီး ဆိုင်ကထွက်တာနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ သိကြမှာပါ။ ကျန်ခဲ့တဲ့ အနာအတွက် ဆေးလိမ်းရတာတွေ ဂရုစိုက် ထိန်းသိမ်းရတာတွေ ရှိပြီး သင့်တော် မှန်ကန်မှုရှိဖို့ အရေးကြီးပါတယ်။ Mayo Clinic က အကြံပေးထားတာကတော့ ထိုးပြီး ၂၄ နာရီကြာတဲ့အခါ ပတ်တီးကို ခွာပြီး ပိုးသတ်ဆေး အဆီလိမ်းပါ။ ရိုးရိုး ဆပ်ပြာနဲ့ ရေသန့်သန့်နဲ့ ဆေးပြီး ပုဝါနဲ့ ခပ်ဖွဖွ သုတ်ပါ။ နှစ်ပတ်ကြာတဲ့အထိ အဲဒီနေရာကို လုံးဝ မကုတ်ခြစ်ပါနဲ့။ အဝတ်နဲ့ထိမနေအောင် ဂရုစိုက်ပါ။

Ref : rd.com



  • VIA