News

POST TYPE

TIP

ကြောက်ရွံ့တာက လူမှုဘဝနဲ့ ကျန်းမာရေးကို ကောင်းမွန်စေ
27-Oct-2016

မိတ်ဆွေမှာ ကြောက်စရာ တစ်ခုခု ရှိနေတယ်ဆိုရင် ဝမ်းသာစရာသတင်း ရှိပါတယ်။ စိတ်ရောဂါကု ဆရာဝန် စာရေးဆရာ ဒေါက်တာ စတိဗ်အော်မာရဲ့ အဆိုအရ ကြောက်ရွံ့တာဟာ ကျန်းမာရေးအတွက် အထောက်အကူပြု ပါသတဲ့။ ကြောက်ရွံ့တဲ့အခါ အောက်ပါ အကျိုးကျေးဇူး (၅) မျိုးကို ရရှိတယ်လို့ ဒေါက်တာက ပြောပြပါတယ်။

(၁) နိုးနိုးကြားကြား ရှိစေခြင်း

လူတွေ ကြောက်ရွံ့တဲ့အခါ သတိ အနေအထားနဲ့ ရှိနေတတ်ကြတယ် ဆိုတာကတော့ သိသာတဲ့အချက် တစ်ချက်ပါ။ ကြောက်ရွံ့တာဟာ အန္တရာယ်ကို သတိပြုမိကြောင်း အချက်ပြလိုက်တာပါပဲ။ ကြောက်ရွံ့ စိတ်ဖြစ်တဲ့အခါ လူဟာ ပိုမို လျင်မြန်သန်စွမ်း လာတဲ့အတွက် အန္တရာယ်ကို ခုခံနိုင်ပြီး ထွက်ပြေးလွတ်မြောက် နိုင်ပါတယ်။

(၂) ဘဝ၏အရသာကို အပြည့်အဝ ရရှိခြင်း

တစ်ခုခုကို ကြောက်တဲ့အခါ အဲဒီကြောက်ရွံ့မှုကို အညံ့ခံလိုက်မလား ဒါမှမဟုတ် ရင်ဆိုင် ကျော်ဖြတ်မလားဆိုပြီး ရွေးစရာ နှစ်ခု ရှိလာပါတယ်။ မိတ်ဆွေက တစ်စုံတစ်ယောက်ကို ချစ်နေပြီး သူနဲ့ ရင်ဆိုင်ရမှာ ကြောက်နေတယ် ဆိုပါစို့။ နောက်ဆုံးမှာ အဲဒီ့ အကြောက်တရားကို ကျော်ဖြတ် လိုက်နိုင်တဲ့အခါ မိတ်ဆွေရဲ့ အချစ်ဇာတ်လမ်းက ပိုရင်ခုန်စရာ ကောင်းနေမှာ ဖြစ်ပါတယ်။

(၃) အလုပ်ကို အထောက်အကူပြုခြင်း

ကြောက်ရွံ့တာဟာ လူကို မလှုပ်မယှက် ဖြစ်သွားစေနိုင်သလို ပိုပြီးတော့လည်း လှုပ်လှုပ်ရှားရှား ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အလုပ်နဲ့ ပတ်သက်တဲ့အခါ လှုပ်ရှား တက်ကြွဖို့ ပိုဖြစ်နိုင်ပါတယ်။ တင်စရာရှိတဲ့ စာရွက်စာတမ်းတွေ အချိန်ကပ်လာတဲ့အခါ ကြောက်စိတ်ကြောင့် ပိုတွန်းတွန်းတိုက်တိုက် လုပ်ဖြစ်ပြီး အလုပ်လည်း ပိုတွင်တတ်ပါတယ်။

(၄) ပျော်စရာကောင်းခြင်း

ရင်ခုန်စိတ် လှုပ်ရှားမှုကိုရဖို့ ကိုယ့်ကိုယ်ကို တမင်သက်သက်တောင် ကြောက်အောင် လုပ်ကြပါသေးတယ်။ ဥပမာ ဟော်လိုဝင်း ပွဲတော်လို့ခေါ်တဲ့ တစ္ဆေကြီးများ ပွဲတော်မှာဆိုရင် ကြောက်ရွံ့မှုရဲ့ အရသာကို ပျော်ရွှင် ခံစားကြသလို သရဲ တစ္ဆေနဲ့ ကြောက်စရာ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လူအများစု ကြည့်ဖူး တတ်ကြပါတယ်။ နောက်ပြီး သည်းထိတ်ရင်ဖို ဖြစ်စေဖို့ ရိုလာကိုစတာ စီးတာတို့ ချားရဟတ် စီးတာတို့လည်း စီးတတ်ကြပါသေးတယ်။

(၅) လူမှုဆက်ဆံရေးကို ပိုကောင်းစေခြင်း

ကြောက်ရွံ့မှုကြောင့် မလုံခြုံသလို ခံစားရတဲ့အခါ တခြားလူတွေနဲ့ ပိုရောရောနှောနှော နေဖြစ် စကားတွေ ပြောဖြစ်တတ်ကြပါတယ်။ ဥပမာ သရဲကားကြည့်တဲ့အခါ လူစုပြီး ကြည့်လေ့ ရှိသလို ကြောက်စိတ်ဖြစ်စေတဲ့ တစ်နေရာရာကို သွားတဲ့အခါမှာလည်း အဖော်တွေနဲ့စုပြီး သွားလေ့ ရှိကြပါတယ်။ အဲဒီ့အတွက် မိတ်ဆွေတွေ သူငယ်ချင်းတွေကြားမှာ ရင်နှီးမှု တိုးမြှင့်ရရှိစေပါတယ်။

Ref : rd.com

  • VIA