News

POST TYPE

TIP

ဟောင်းဝပ် ရှုဇ်
24-Oct-2016
“ကျွန်တော်က မှန်ကန်တဲ့၊ ရိုးသားတဲ့၊ ပွင့်လင်းတဲ့ သူတွေကိုပဲ လိုချင်တယ်”

ဟောင်းဝပ် ရှုဇ်သည် နာမည်ကျော် Starbucks ကုမ္ပဏီကြီး၏ CEO ကြီး တစ်ယောက်ဖြစ်နေပြီ။ သူ့ကော်ဖီဆိုင်နှင့် Starbucks တံဆိပ်အကြောင်း ကမ္ဘာပေါ်တွင် မသိသူ မရှိသလောက် ဖြစ်သည်။ ၁၉၈၂ ခုနှစ်ကတည်းက သူသည် အမေရိကန် ပြည်ထောင်စုတွင် Starbucks ကော်ဖီဆိုင်ပေါင်း ၁ဝဝ ဖွင့်နိုင်ရမည်ဟု စိတ်ထဲတွင် ခိုင်မာစွာ ဆုံးဖြတ်ချက်ချကာ လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ သူက လုပ်ငန်း စတင်စဉ်က အကြောင်းကို ပြောပြရာတွင် -

“ကျွန်တော့်အနေနဲ့ အများပိုင် ရှယ်ယာတွေနဲ့ လုပ်ငန်း တစ်ခု ထူထောင်ရတော့မယ် ဆိုတော့ အတော်လေး အခက်အခဲတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်။ စပြီးတော့ ပြောထားတာ ဆိုင် ၁ဝဝ ဒါပေမဲ့ တကယ် ဖွင့်နိုင်တာက ၇၅ ဆိုင်။ ဝန်ထမ်းတွေကိုလည်း ၂၂၄ ယောက်လောက် လျှော့ချ ပစ်လိုက်ရတယ်။ ပြဿနာတွေ အများကြီးပေါ့”ဟု ဆိုသည်။

လုပ်ငန်းတစ်ခု လုပ်သည်ဆိုရာတွင် ဆုံးဖြတ်ချက်က အလွန် အရေးကြီးသည် မနိုင်ဝန်ထမ်းပြီး ဆက်လုပ်မည်လော၊ နိုင်သလောက်နှင့် အကောင်းဆုံး စတင် လုပ်ဆောင်မည်လော ဆိုသည့် ဆုံးဖြတ်ချက်ကို လုပ်ငန်းများ စတင် လုပ်ဆောင်သူတိုင်း တွက်ဆကြရမည်မှာ သေချာသည်။

“ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ထားတာ တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့မှာ စိတ်ဓာတ် ရှိတယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဆန္ဒတွေ ရှိနေကြတယ်။ ကျွန်တော်တို့ နေရာတစ်ခု လိုတယ်။ အဲဒီ နေရာဆိုတာ အိမ်နဲ့ အလုပ်ကြားမှာ ရှိနေရမယ့် နေရာ။ ကျွန်တော်တို့မှာ လုပ်ငန်းအတွက် ကြော်ငြာဖို့ ပိုက်ဆံလည်း မရှိဘူး။ တစ်ကမ္ဘာလုံး သိအောင်လည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်။ လူသတင်း လူချင်းဆောင် ဆိုသလို တစ်ယောက်စကား တစ်ယောက်ပါးပြီး လူသိများအောင် လုပ်ဖို့ နည်းလမ်းပဲ ရှိတယ်။ ကျွန်တော့်လူတွေ၊ ကျွန်တော့်ဆိုင်မှာ စားသောက်သွားတဲ့ ဖောက်သည်တွေဟာ ကျွန်တော့်အတွက် တန်ဖိုး မဖြတ်နိုင်သူ သံတမန်တွေပဲ ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ပါတယ်”

နယူးယောက်မြို့တွင် မွေးဖွားသည့် ရှုဇ်တစ်ယောက် ယခုဆိုလျှင် ၆ဝ ကျော်ပြီ။ သူသည် ဘရွတ်ကလင်းရှိ  အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်းများကြားတွင် ကြီးပြင်းလာရသည်။ မြောက်ပိုင်း မစ်ချီဂန် တက္ကသိုလ်တွင် ပညာ သင်ကြားခဲ့ဖူးသည်။ နောက်တန်း ဘောလုံးသမားကောင်း တစ်ယောက် ဖြစ်ခဲ့သည်။ ဘွဲ့ရသည့်အခါတွင် Zerox ကုမ္ပဏီ၌ အလုပ် ဝင်လုပ်သည်။ ကုမ္ပဏီက ကော်ဖီဖျော်စက်များ ထုတ်လုပ်သည်။

၁၉၈၂ ခုနှစ်တွင် ဆီရက်တဲလ်ရှိ Starbucks Coffee Company သို့ ဝင်ရောက်ကာ ဈေးကွက် ဒါရိုက်တာ ရာထူးကို ရရှိခဲ့သည်။ ထိုကုမ္ပဏီတွင် ရှယ်ယာ ထည့်ဝင်ခြင်း မရှိဘဲ သူ့စွမ်းရည်ကြောင့် ကုမ္ပဏီ ထူထောင်သည့် လူကြီးများ စာရင်းဝင် တစ်ဦး ဖြစ်ခဲ့ရသည်။
 
ှStarbucks ကထွက်ပြီးနောက် ကိုယ်ပိုင်ကော်ဖီ ကုမ္ပဏီ တစ်ခု ထူထောင်သည်။ အမည်ကို Il Giornale ဟု အမည် ပေးထားသည်။  ၁၉၈၇ ခုနှစ်တွင် မူလ Starbucks ကုမ္ပဏီ ထူထောင်သူထံမှ အမည်နှင့် တံဆိပ်ကို ပြန်ဝယ်နိုင်ခဲ့ပြီး သူပိုင် Starbucks အဖြစ် ထူထောင်နိုင်ခဲ့သည်။

ယနေ့ဆိုလျှင် ဗြိတိန်နိုင်ငံမှာပင်လျှင် Starbucks ကော်ဖီဆိုင်ခွဲပေါင်း ၇ဝဝ အထိ ရှိနေပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် Starbucks ကော်ဖီဆိုင်ပေါင်း ၁၆ဝဝဝ ကျော် ရှိသည်။ သူ၏ ကြိုးစားခဲ့ရပုံနှင့် ပတ်သက်ပြီး ရှုဇ်က -

“ကျွန်တော့်မှာ အခက်အခဲပေါင်း များစွာ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ အခက်အခဲဆိုတာ ကျွန်တော်တို့ အတွက်တော့ အဆန်း မဟုတ်တော့ပါဘူး။ ၁၉၈၆ လောက်ကဆိုရင် အခက်ခဲဆုံးပဲ။ ကျွန်တော့် မိန်းမက ကိုယ်ဝန်ကြီးနဲ့။ ကျွန်တော်တို့ရဲ့ ပထမဆုံး ကလေးကို ကိုယ်ဝန်ဆောင်ထားချိန်ပေါ့။ ကျွန်တော့်မှာလည်း ဝင်ငွေ တစ်ပြားမှ မရှိဘူး။ ဈေးဖိုးတောင် မပေးနိုင်လောက်အောင် ဖြစ်နေတယ်။ တစ်နေ့တော့ ကျွန်တော့် ယောက္ခမက အိမ်ကို ရောက်လာတယ်။ ကျွန်တော့်ဘေးနား လာထိုင်ပြီးတော့ မင်းအလုပ်ကို စွန့်ပြီးတော့ ဝင်ငွေရတဲ့ အလုပ်လေး ဘာလေးများ လုပ်ပါလားကွာ ဆိုပြီး ပြောတယ်”

ရှုဇ်သည် သူ့ယောက္ခမ၏ စကားကို လျစ်လျူ ရှုလိုက်ပါသည်။ သူ့တွင် လုပ်ငန်းကို ရှေ့ဆက်နိုင်မည့် အနေအထား မရှိ။ ကျွမ်းကျင်သည့် ပညာရှင်များကိုလည်း မငှားနိုင်ဟု ဆိုခဲ့သည်။ 

“ကျွန်တော့်ကို ကြည့်လိုက်ရင်တော့ စီအီးအိုကြီးပဲ။ ကျွန်တော့်မှာ အဆက်အသွယ်တွေ အများကြီး လိုတယ်။ ကျွန်တော် ခရီးတွေ အများကြီး သွားခဲ့ရတယ်။ ကျွန်တော့်မှာ မှန်ကန်တဲ့၊ ရိုးသားတဲ့၊ ပွင့်လင်းတဲ့သူတွေကိုပဲ လိုချင်တယ်။ ကျွန်တော့်မှာ ယောင်လည်လည် လုပ်နေဖို့ အချိန် မရှိဘူး။ လူတွေက ကျွန်တော်တော့ ဘာလုပ်ပေးနိုင်ပါတယ် ဆိုတဲ့ သူမျိုးတွေကိုပဲ ရှာရတော့တယ်”

“ကျွန်တော်က လုပ်ငန်းတွေ ချဲ့ရတာကို သိပ်ပျော်တယ်။ ကမ္ဘာအနှံ့ ကျွန်တော့်ဆိုင်တွေ ရှိနေတော့ အများကြီး သုံးသပ်လို့ ရတာပေါ့။ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ကျွန်တော့်ဆိုင်တွေ ရှိတယ်။ စိတ်ကူးလို့တောင် မရတဲ့ တရုတ်မှာတောင် ကျွန်တော် ဆိုင်ဖွင့်နိုင်ခဲ့တယ်။ အရှေ့အလယ်ပိုင်း ဂျပန်နဲ့ စင်ကာပူ နိုင်ငံတွေမှာလည်း ကျွန်တော့်ဆိုင်တွေ ဖွင့်ထားတယ်။ ဘူလ်ဂေးရီးယားမှာတောင် ဖွင့်ပြီးသွားပြီ။ အမေရိက တစ်တိုက်တည်းအတွက် မဟုတ်ဘူး။ တစ်ကမ္ဘာလုံးအတွက် ဆိုင်ဆိုပြီး ဖြစ်လာပြီ။ တစ်ကမ္ဘာလုံးက ကျွန်တော့်ကော်ဖီမှ ကော်ဖီ ဖြစ်လာကြပါပြီ”

ရုဇ်သည် ဘဝတစ်လျှောက်လုံး မိတ်ကောင်း၊ ဆွေကောင်းများကြောင့် သူရပ်တည်နိုင်ခဲ့ရခြင်း ဖြစ်ကြောင်း လက်ခံခဲ့သည်။ သူ့ဘဝတွင် အခက်အခဲပေါင်း များစွာ ရှိခဲ့သော်လည်း ကူညီသူ မိတ်ကောင်း ဆွေကောင်းများဖြင့် ခရီး ဆက်နိုင်ခဲ့ကြောင်း သူက ဆိုသည်။ ဘဝတိုးတက်ရာ တိုးတက်ကြောင်း သူ့အကြံပြုချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။

“ခင်ဗျားဟာ ပွင့်လင်းမှုရှိတဲ့ အရှိကို အရှိအတိုင်း အမှန်အတိုင်း ရှုမြင် သုံးသပ်တတ်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ လိုတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့်ဝန်ထမ်းတွေနဲ့ မကြာခဏ တွေ့ဆုံတယ်။ တွေ့ဆုံပွဲကို စတားဘတ်က ဆိုင်ပိုင်ရှင်ပေါင်း ၁ဝဝဝ လောက် တက်တယ်။ ကျွန်တော် ခရီးတွေလည်း အများကြီး သွားတယ်။ မီဒီယာနဲ့ ရှင်းလင်းပွဲတွေလည်း လုပ်တယ်။ ကျွန်တော့် ဝန်ထမ်းတွေဆီကို အီးမေးလ်တွေ ပို့တယ်။ အွန်လိုင်းကနေ လူချင်း တွေ့ပြီးတော့လည်း ပြောတယ်။ ကျွန်တော်က အပွင့်လင်းဆုံး အရိုးသားဆုံး လူတစ်ယောက် ဖြစ်အောင် အားထုတ်တယ်။ ကုမ္ပဏီ ဝန်ထမ်းတိုင်းကို ရှယ်ယာတွေ ဝင်ခိုင်းထားတာကြောင့် ဒီကုမ္ပဏီဟာ အားလုံးနဲ့ ဆိုင်တယ်။ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ သိထားစေတယ်။ ဒါကြောင့် လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူ အကောင်းဆုံး လုပ်ဆောင်ကြတယ်။ လူတိုင်းလူတိုင်း တာဝန်ရှိတယ်”


  • VIA