News

POST TYPE

TIP

ဖေ့စ်ဘွတ်ခ် အကောင့် သန်း ၅၀ နီးပါး ဖောက်ထွင်းခံရ၊ ဇက်ကာဘာ့ဂျ်အကောင့်ပါ လုံခြုံရေးအရ Log out လုပ်ခဲ့ရ
29-Sep-2018


ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တိုက်ခိုက်ခံရပြီး သုံးစွဲသူ သန်း ၅၀ နီးပါး၏ သတင်းအချက်အလက်များ ဖောက်ထွင်းခံခဲ့ရကြောင်း ကုမ္ပဏီက သောကြာနေ့တွင် ကြေညာခဲ့သည်။ တိုက်ခိုက် ဖောက်ထွင်းသူများသည် အဆိုပါ သုံးစွဲသူများ၏ အကောင့်များကို ဝင်ရောက်နိုင်ရုံမျှသာမက ဖေ့စ်ဘွတ်ခ်အကောင့်ဖြင့် ချိတ်ဆက်ဝင်ရောက်နိုင်သော အခြားဝက်ဘ်ဆိုက်များ၊ အက်ပလီကေးရှင်းများကို ပါ ဝင်ရောက်နိုင်ခဲ့ပြီး အချက်အလက်များ ရယူနိုင်ခဲ့သည်ဟု သိရသည်။

ဖောက်ထွင်းသူများသည် View as ဆိုသော သုံးစွဲသူများ မိမိအကောင့်ကို အခြားသူများဝင်ကြည့်ပါက မည်သည့် အချက်အလက်များ၊ ပို့စ်များ မြင်ရနိုင်သည်ဆိုခြင်းကို ပြန်ဝင်ကြည့်နိုင်သည့် ဝန်ဆောင်မှုမှ ချို့ယွင်းချက်ကိုအသုံးချပြီး ဖောက်ထွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီနှင့် ချိတ်ဆက်အသုံးပြုနေသော ခရက်ဒစ်ကတ်များ၏ အချက်အလက်များကိုမူ ရယူနိုင်ခဲ့ခြင်းမရှိဟု ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည်။

ဖောက်ထွင်းဝင်ရောက်သူများသည် မည်သူများဖြစ်သည်၊ မည်သည့်နိုင်ငံတွင် အခြေစိုက်သည်ဆိုခြင်းကို မသိရသေးဟု ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည်။ ယင်းပြဿနာကို ယခုအခါ ဖြေရှင်းပြီးဖြစ်သလို FBI နှင့် အခြား ဥပဒေစိုးမိုးရေးတဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့် သက်ဆိုင်ရာစည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများကို အသိပေးပြီးဖြစ်သည်ဟုလည်း ဖေ့စ်ဘွတ်ခ်က ကြေညာသည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် သောကြာနေ့တွင် အကောင့် သန်း ၉၀ ကျော်ကို ဖေ့စ်ဘွတ်ခ်က Log out လုပ်ပစ်ခဲ့သည်။ ထိုသို့ Log out လုပ်ခံရသည့် အကောင့်များထဲတွင် ဖေ့စ်ဘွတ်ခ် ထူထောင်သူနှင့် စီအီးအို မာ့ခ်ဇက်ကာဘာ့ဂျက်၊ စီအိုအို ရှာလီဆန်းဘာ့ဂျ်တို့၏ အကောင့်များလည်း ပါဝင်ခဲ့သည်။

သုံးစွဲသူများအနေဖြင့် ထပ်တိုးလုံခြုံရေး အစီအမံများ ဆောင်ရွက်ရန်မလိုသလို Password ပြောင်းရန်လည်း မလိုအပ်ဟု ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည်။ အကောင့်များ Log out အလုပ်ခံလိုက်ရသည့် သုံးစွဲသူများထံ ဖေ့စ်ဘွတ်ခ်က အကြောင်းကြားစာ ပေးပို့မည်ဖြစ်သော်လည်း ဖောက်ထွင်းခံရသည့် သန်း ၅၀ အတွင်း ပါဝင်သလား၊ ကြိုတင်ကာကွယ်သည့် အနေဖြင့် Log out အလုပ်ခံရသည့် သန်း ၄၀ အတွင်း ပါဝင်သလားဆိုသည်ကို အသိပေးသွားမည်ဖြစ်သည်။

ဖောက်ထွင်းသူများသည် ဖေ့စ်ဘွတ်ခ် Login ဖြင့် ဝင်ရသော ပြင်ပဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုက်များကိုပါ ဝင်ရောက်နိုင်စွမ်းရှိခဲ့ကြောင်း ဖေ့စ်ဘွတ်ခ် တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို အသိပေးခဲ့သော်လည်း မည်သို့လုပ်ဆောင်ခဲ့သည်ဆိုသည့် အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။

သက်ရောက်မှုရှိသည့် အကောင့်များ အလွဲသုံးခံရပြီလော၊ သုံးစွဲသူသတင်းအချက်အလက်များ အသုံးချခံရပြီလောဆိုသည့် မေးခွန်းများကို ဖေ့စ်ဘွတ်ခ်က အတိအကျမဖြေနိုင်ခဲ့ပေ။ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ယင်းအားနည်းချက်ရှိသော View As ဝန်ဆောင်မှုကို ပိတ်ထားသည်ဟုသာသိရသည်။ 

F-03


  • VIA