News

POST TYPE

TIP

မာယာနှင့်တဏှာကို အောင်နိုင်သူ
09-Oct-2016
“တောတို့သည် မွေ့လျော်ဖွယ် ကောင်းသည့် နေရာဒေသ ဖြစ်ကုန်သည်။ သို့သော် ကာမဘုံသား လူအပေါင်းတို့သည် ထိုတောများထဲတွင် မမွေ့လျော်ကုန်။ ရာဂကင်းသည့် ရဟန္တာတို့သည်သာလျှင် တောတွင် မွေ့လျော်ကြလေသည်။ ရဟန္တာတို့မည်သည် ကာမဂုဏ်ကို ရှာမှီးသူများ မဟုတ်ကြကုန်”

ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေစဉ်က ဖြစ်သည်။ ရဟန်း တစ်ပါးသည် ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ကာ နေတော်မူသည်။ မြင့်မြတ်သော အကျင့်သီလ စောင့်ထိန်းကာ ကျင့်ကြံတော်မူသော ထိုရဟန်းသည် တစ်နေ့တွင် ဘုရားရှင်ထံ၌ ကမ္မဋ္ဌာန်း တရားများကို နာကြားပြီးနောက် တရားကျင့်ကြံရန် ဥယျာဉ်ဟောင်း တစ်ခုကို ရောက်လာခဲ့သည်။

ဘုရားရှင် ဟောကြားတော်မူသည့် ကမ္မဋ္ဌာန်းအတိုင်း တစ်ပါးတည်း ပွားများအားထုတ် နေစဉ်တွင် ဥယျာဉ်အတွင်းသို့ မိန်းမ တစ်ယောက် ဝင်လာလေသည်။ ထိုမိန်းမသည် ပြည့်တန်ဆာမ တစ်ယောက်ဖြစ်သည်။ ယောက်ျား တစ်ဦးနှင့် ထိုဥယျာဉ်အတွင်း ပျော်ပါးရန် ချိန်းဆိုထားသဖြင့် ရောက်လာခြင်း ဖြစ်သည်။

အချိန် အတော်ကြာသည့်တိုင် ချိန်းဆိုထားသည့် ယောက်ျား ရောက်မလာသဖြင့် ထိုမိန်းမသည် ဥယျာဉ်အတွင်း လျှောက်သွားကာ ကြည့်ရှုလေသည်။ မထေရ်မြတ် တစ်ပါးသည် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်ကို တွေ့မြင်လိုက်ရသည့်အခါ ထိုမိန်းမသည် သေချာစွာ စူးစိုက်ကြည့်ရင်းက စိတ်ဖြင့် စတင် ပြစ်မှား မိတော့သည်။

“အလို တည်ငြိမ်ရင့်ကျက် လှပေသည်တကား၊ မြင့်မြတ်သော အဆင်း ရှိပါပေသည်တကား၊ ဤသို့သော ယောက်ျားမြတ်ကို မတွေ့ဖူးပါတကား”ဟု တိုးတိုးလေး ရွတ်ဆိုလိုက်ပြီးလျှင် ရဟန်းကို လှည့်ပတ်ကြည့်ရှု လေတော့သည်။

ကြည့်ရင်းက မိမိ တဏှာစိတ်ကို မထိန်းနိုင်ဖြစ်လာသဖြင့် ပြည့်တန်ဆာမသည် မိမိ ချိန်းဆိုထားသော ယောက်ျား မလာသည့်အတူ ဤရဟန်း၏စိတ်ကို တွေဝေအောင် ပြုပြီးနောက် ငါ့အလိုပါအောင် ဆွဲဆောင်တော့မည်ဟု ကြံလိုက်လေတော့သည်။

ပြည့်တန်ဆာမသည် ရဟန်းရှေ့တည့်တည့် သွားရပ်သည်။ လက်ခုပ်လက်ဝါး တီးကာ အော်ဟစ် ရယ်မောခြင်းကို ပြုသည်။ အဝတ်ထဘီတို့ကို ဖြေချွတ်ကာ အကြိမ်ကြိမ် ပြင်ဝတ်သည်။ ဆံပင်ကို ဖြေထုံးခြင်းအားလည်း ပြုလေတော့သည်။

မိန်းမဖြစ်သူသည် မိမိရှေ့တွင် အသွင် အမျိုးမျိုး၊ အသံ အမျိုးမျိုး ပြုသည့်အတွက် ရဟန်းသည် ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာတော့သည်။ ရဟန်း ရင်ဆိုင်နေရသော ပြဿနာနှင့် အမျိုးသမီး၏ မဖွယ်မရာ ပြုလုပ်နေမှုကို ဘုရားရှင်သည် ဆင်ခြင်မိသည်။ ထို့ကြောင့် ဂန္ဓကုဋိတိုက်တွင် နေတော်မူရင်းက ဤတရားကို ဟောကြားတော်မူပြီး ဥယျာဉ်အတွင်းရှိ ရဟန်းကို ရောင်ခြည်တော် လွှတ်ကာ အသိပေးလေသည်။
 
“တောတို့သည် မွေ့လျော်ဖွယ်ကောင်းသည့် နေရာဒေသ ဖြစ်ကုန်သည်။ သို့သော် ကာမဘုံသား လူအပေါင်းတို့သည် ထိုတောများထဲတွင် မမွေ့လျော်ကုန်။ ရာဂကင်းသည့် ရဟန္တာတို့သည်သာလျှင် တောတွင် မွေ့လျော်ကြလေသည်။  ရဟန္တာတို့မည်သည် ကာမဂုဏ် ကို ရှာမှီးသူများ မဟုတ်ကြကုန်”

ရဟန်းလည်း ဘုရားရှင် ဟောကြားသည့် တရားကို ဆင်ခြင်မိလိုက်သည်။ ဆင်ခြင်မိသည့် ခဏတွင် အဖျက်အဆီးများသည်လည်းကောင်း၊ ဖြားယောင်း သွေးဆောင်မှုများသည်လည်းကောင်း၊ ထိတ်လန့် ကြောက်ရွံ့မှုများသည်လည်းကောင်း အားလုံး ပျောက်ကွယ်ကာ ရဟန္တာအဖြစ်ကို ရောက်လေသည်။ 

ရဟန္တာ ဖြစ်သွားသော မထေရ်၏ အချိန်မီ ထိန်းသိမ်း လိုက်နိုင်သည့် စိတ်ကြောင့် ပြည့်တန်ဆာမ၏ အလိုနောက်ကို ကောက်ကောက်ပါအောင် မလိုက်မိခြင်း ဖြစ်သည်။ စိတ်ထဲတွင် ဘုရားရှင်အား ပိုမို ကြည်ညို လေးစားကာ ပီတိများလည်း ဖြစ်လာမိတော့သည်။ အချိန်မီ ထိန်းသိမ်း လိုက်နိုင်သောကြောင့်သာ မိမိဆောက်တည် ကျင့်ကြံ နေထိုင်ခဲ့ရမှုများ အချည်းနှီး မဖြစ်ရသည်ကို ဆင်ခြင်မိသည်။ ကျေးဇူးကို အတိုင်းအဆ မရှိမြင်သဖြင့် ကောင်းကင်ခရီးဖြင့် ဘုရားရှင်ထံ ကြွလာကာ ခြေစုံကို ဦးခိုက်ပြီးနောက် ပြန်ကြွ သွားလေသည်။

“သတိရှိသော သူတို့သည် တရား အားထုတ်ကြကုန်၏။ ကာမဂုဏ် စည်းစိမ်တည်း ဟူသော အိမ်၌ မမွေ့လျော်ကြကုန်၊ ဟင်္သာတို့သည် ညွန်အိုင်ကို စွန့်သကဲ့သို့ ထိုသူတို့သည် တဏှာတည်း ဟူသော ရပ်နားရာ ဟူသမျှကို စွန့်ကြကုန်၏”(ဓမ္မပဒ၊ အရဟန္တဝဂ္ဂ)

လိစ္ဆဝီမင်းသား တစ်ဦးဖြစ်သည့် မဟာလီကလည်း တစ်နေ့တွင် -

အရှင်ဘုရား ယုတ်ညံ့သော (မကောင်းမှု) ကံကိုပြုရန်၊ ယုတ်ညံ့သော (မကောင်းမှု) ကံကို ဖြစ်စေသည့် အကြောင်းကား အဘယ်နည်း။ ထိုကံများကို ဖြစ်ပေါ်စေသော အထောက်အပံ့များကား အဘယ်နည်း”ဟု မေးမြန်း လျှောက်ထားလေသည်။ ထိုအခါ ဗုဒ္ဓက -

မဟာလီယုတ်ညံ့သော (မကောင်းမှု) ကံကိုပြုရန်၊ ယုတ်ညံ့သော (မကောင်းမှု) ကံကိုဖြစ်ရန် လောဘသည် အကြောင်းတည်း။ လောဘသည် အထောက်အပံ့တည်း။ ဒေါသ၊ မောဟ၊ မသင့်မတင့် နှလုံးသွင်းမှု၊ မှားယွင်းစွာ ထားအပ်သော စိတ်သည် အထောက်အပံ့တည်း”ဟု မိန့်တော်မူပါသည်။ (မဟာလီသုတ်၊ သံယုတ်)

လောကတွင် စိတ်သည် အရာရာကို ဦးဆောင်လျက် ရှိသည်။ ပတ်ဝန်းကျင် အခြေအနေတို့က မည်မျှပင် မကောင်းမှုပြုရန် တိုက်တွန်း ဆွဲဆောင်နေသည်ဆိုစေ မိမိစိတ်သည်သာ အရေးကြီးသည်။ တစ်ဦးတစ်ယောက်၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းတို့သည် မိမိ၏စိတ်တွင် အခြေခံနေသည်။ ထို့ကြောင့်လည်း ဗုဒ္ဓက -

စိတ်သည် လောကကို ဆောင်အပ်၏။ စိတ်သည် လောကကို ဆွဲငင်အပ်၏။ အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟု ဆိုအပ်သော တစ်ခုတည်းသော တရား၏အလိုသို့ အစဉ်လိုက်ရကုန်၏”ဟု ဟောတော်မူသည်။ (စိတ္တသုတ်၊ သံယုတ်)

(မှီငြမ်း - ဓမ္မပဒ၊ အရဟန္တဝဂ်)


  • VIA