News

POST TYPE

TIP

Facebook ကရှာသော ပြဿနာ
30-Aug-2018
မြန်မာနိုင်ငံရေး အခြေအနေ ပွင့်လင်းလာမှုနှင့်အတူ ဖုန်းဆင်းကတ်များပါ အလွယ်တကူ ဝယ်ယူရရှိလာနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း တစ်ခေတ်ဆန်းသစ်လာခဲ့သည်။ လူတိုင်းနီးပါး မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်လာနိုင်သော အခြေအနေတွင် အများစု အသုံးပြုလာကြသည်က နာမည်ကြီးလူမှုကွန်ရက်ဖြစ်သည့် Facebook Social Network ပင်ဖြစ်သည်။ နိုင်ငံတကာသုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့်အတွက် ၎င်းမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ရှိသော်လည်း ရွှေမြန်မာတို့၏ ထုံးစံအတိုင်း အပြည့်အဝ လိုက်နာကြလေ့မရှိပါ။ Facebook မှာ ပြဿနာရှာကြသည်။ ရန်ဖြစ်ကြသည်။ အမြင်မတူလျှင် အငြင်းအခုံပြုကြရာမှတစ်ဆင့် အပြန်အလှန် ထိုးနှက်တိုက်ခိုက်ကြသည်။ ဆဲရေးပုတ်ခတ်ကြသည်။ သို့ဖြင့် Facebook မှာ ပြဿနာကွင်းပြင်ကြီး ဖြစ်လာရသည်။

ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ Page အပါအဝင် အကောင့်အတော်များများကို Facebook က ပိတ်သိမ်းလိုက်သည်။ သည်တစ်ခါတော့ Facebook ကပြန်၍ ပြဿနာရှာလိုက်ခြင်းသာဖြစ်သည်။

အစိုးရ ၊ SMMT နှင့် တပ်မတော်

NLD အစိုးရလက်ထက်တွင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး အခြေအနေမှာ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်ကလောက် ကျေနပ်စရာ မကောင်းသေးသည်မှာ အမှန်ပင်ဖြစ်သည်။ အစိုးရနှင့် တပ်မတော်၏ အနေအထားမှာ တစ်ဖက်နှင့်တစ်ဖက် အလွတ်မပေးစတမ်း စောင့်ကြည့်နေကြသော အခြေအနေမျိုးဖြစ်နေသည်။ လူသိရှင်ကြား ပြဿနာကြီးငယ် မပေါ်ပေါက်သည့်တိုင် အစိုင်အခဲ အဖုအထစ်လေးများတော့ ရှိနေကြမည်ဟု ခန့်မှန်းရသည်။ သို့သော် ကြီးကြီးမားမား ပြဿနာမပေါ်ပေါက်အောင် ထိန်းသိမ်းနိုင်ခဲ့ကြသည်ကိုပင် နှစ်ဖက်လုံးကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ယင်းအခြေအနေတွင် Facebook လူမှုကွန်ရက်မှာ အမုန်းစကားတွေကို ထိန်းချုပ်ဖို့ ဟူသောအကြောင်းပြချက်ဖြင့် Social Media Mornitoring Team ကို အစိုးရက ကျပ်ငွေသန်းပေါင်းများစွာ အကုန်အကျခံပြီး ဖွဲ့စည်းခဲ့သည်။ လူမှုကွန်ရက် သုံးစွဲသူများအကြားတွင် အမုန်းစကားတွေလျော့ နည်းပပျောက်သွားစေဖို့၊ အမုန်းတရားလှုံ့ဆော်မှုတွေ လျော့နည်းသွားစေဖို့ ရည်ရွယ်သည်ဟု ဆိုပါသည်။ သို့နှင့်တိုင် ဤအဖွဲ့ဖွဲ့ပြီးကတည်းက အစိုးရနှင့်ဆန့်ကျင်ဘက် အမြင်သဘောထားရှိသူများ၊ အစိုးရကို ဝေဖန်ထိုးနှက်နေသူများ၏အကောင့်များ Page များသာ တစ်ခုပြီးတစ်ခု ပိတ်ပင်တားဆီးခြင်းခံခဲ့ကြရတာ တွေ့ရပါသည်။ သို့နှင့် SMMT ၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်တို့အပေါ် မေးခွန်းထုတ်မှုများစွာ ရှိလာခဲ့သည်။ အထူးသဖြင့် SMMT အနေနှင့် အမျိုးသားရေး လှုပ်ရှားသူတို့၏အကောင့်များ၊ တပ်မတော်ထောက်ခံသူတို့၏ အကောင့်များကိုရွေးချယ်ပြီး ပိတ်ဆို့ဟန့်တားခဲ့သည်ဟူသော စွပ်စွဲမှုများလည်း ရှိနေသည်။

ယခုလို အခြေအနေမျိုးမှာ တပ်မတော်ဘက်ကလည်း အစိုးရနှင့် SMMT အပေါ် သံသယတွေ ရှိကောင်းရှိပါလိမ့်မည်။ တပ်မတော်အနေဖြင့် ရခိုင်အရေးကိစ္စ ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ဝေဖန်မှုကို အပြင်းအထန် ခံနေရသောအချိန်မှာ ယခုကိစ္စက ထပ်မံပေါက်လာသည့်အတွက် အနည်းနှင့်အများဆိုသလို ထိခိုက်နိုင်ခြေရှိပါသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ တစ်စုံတစ်ရာ သဘောထားမှတ်ချက်ပေးမှုမျိုး (ယခုစာရေးနေချိန်ထိ) မရှိသေးပါ။ သို့သော် တပ်အနေနှင့် အစိုးရအပေါ် သံသယကင်းပါ့မလားဆိုတာ တွေးစရာဖြစ်သည်။ SMMT ၏လုပ်ရပ်များက “မပြေးသော်လည်း ကန်ရာရှိ”နေသည်။ ဒါကိုဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိသည်။
 
Facebook ပြဿနာနှင့် ရင်ကြားစေ့ရေး အကျပ်အတည်း

Facebook က ယခုပိတ်လိုက်သော အကောင့်များ၊ Page များမှာ တပ်မတော်နှင့် သက်ဆိုင်နေသော Page များ၊ တပ်မတော် အသိုင်းအဝိုင်းမှအကောင့်များနှင့် တပ်မတော် ထောက်ခံသူများကို အဓိကထားပြီး ပိတ်လိုက်ခြင်းဖြစ်သည်။ အကြောင်းပြချက်က Community Standard နှင့်မညီလို့ ဟူသောခေါင်းစဉ်ဖြင့် အကြောင်းပြပါသည်။ မြန်မာနိုင်ငံက လူမှုကွန်ရက် အသုံးပြုသူများထဲတွင် Community Standard နှင့်မညီသော အကောင့်တွေ၊ Page တွေ များစွာရှိနေပါသည်။ ထိုအထဲကမှ တပ်မတော် အသိုင်းအဝိုင်း အကောင့်များကို ရွေးချယ်ပိတ်ဆို့ခြင်းမှာ တရားမျှတမှု ရှိပါ့မလားဟု မေးစရာဖြစ်နေသည်။ သို့ဆိုလျှင် Facebook ၏ Community Standard ဆိုသည်ကပင် မညီမျှမှု များစွာရှိနေပြီဖြစ်သည်။ ဥပမာဆိုရလျှင် အစိုးရကိုဝေဖန်သော၊ ဆန့်ကျင်သောစာသား၊ ဓာတ်ပုံတင်ကြသည့် အကောင့်များကို သတိပေးခြင်း၊ ပိတ်ဆို့ခြင်းများ ပြုလုပ်နေသော်လည်း သီတဂူဆရာတော်ကြီးကဲ့သို့ အများစုက ကြည်ညိုလေးစားကြရသော သံဃာတော်ကြီးတစ်ပါး၏ပုံတော်ကို ညစ်ညမ်းရိုင်းပျစွာ ပြုပြင်ဖန်တီးထားသောပုံကို တင်သောသူအား မည်သို့မျှအရေးမယူခြင်း အစရှိသောကိစ္စများအတွက် Facebook ၏ Community Standard ဆိုသည်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး အခြေအနေ အေးစက်နေသော အချိန်အခါမျိုးတွင် စစ်ဘက်နှင့်အရပ်ဘက်ကို ရန်တိုက်ပေးသလိုဖြစ်နေသော အပြုအမူမျိုးကို FB Team အနေနှင့် သတိပြု ရှောင်ကြဉ်ပေးရန်လိုအပ်ပါသည်။ အဆိုးဆုံးက ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာကို ပိတ်လိုက်သောကိစ္စဖြစ်သည်။ အဆိုပါစာမျက်နှာသည် ကာကွယ်ရေးဦးစီးချုပ်၏ သွားလာလှုပ်ရှားလုပ်ကိုင်ဆောင်ရွက်မှုများကို အမြဲတင်ပြနေသော စာမျက်နှာတစ်ခုဖြစ်သည်။ အမုန်းစကားများ အပါအဝင် အခြားသော ပြဿနာဖြစ်စေနိုင်သည့် လှုံ့ဆော်တိုက်တွန်း ရေးသားချက်များကို မတွေ့ခဲ့ဖူးပါ။ သို့ပါလျက် Facebook ၏ Community Standard နှင့်မညီဟုဆိုပါလျှင် ဘယ်အရာတွေကြောင့်ဖြစ်ပါသနည်း။ သည်နေရာတွင် တိုင်းတာသောစံနှုန်းထက် Facebook ၏ ရည်ရွယ်ချက်က ပို၍အဓိကကျနေသည်မှာ ထင်ရှားလှပါသည်။

ဖြစ်ချင်တော့ သည်အချိန်မှာ အစိုးရက SMMT ကိုဖွဲ့စည်းပြီး “FB ကင်ပေတိုင်” လုပ်နေသောအချိန်နှင့် ကွက်တိကျနေပြန်သည်။ သည်လိုဖြင့် အစိုးရနှင့်တပ်မတော်ကို ပို၍ “ကွဲ”သွားအောင် ဖန်တီးလိုက်လေသလား စဉ်းစားစရာဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်မှာ အမျိုးသား ရင်ကြားစေ့ရေးနှင့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန် လာဖို့ပင်ဖြစ်သည်။ သည်နိုင်ငံမှာက အကွဲအပြဲတွေများလွန်းသည်။ အတိတ်က ဒဏ်ရာပြဿနာတွေ အကင်းမသေသေး။ အပြောင်းအလဲကို စတင်နိုင်ခဲ့သော်လည်း ယုံကြည်မှုတည်ဆောက်ရေးက ခက်ခဲနေဆဲ။ သည်လိုအခြေအနေမျိုးတွင် ပေါ်ပေါက်လာသော ပြဿနာတိုင်းကို လက်တွဲဖြေရှင်းနိုင်ကြဖို့လိုသည်။ ယခု Facebook ၏လုပ်ရပ်မှာ အကွဲကို ထပ်ပြီးခွဲလိုက်သလို ဖြစ်နေသည်။ Facebook အနေနှင့် ဘာခေါင်းစဉ်ကိုပဲ အကြောင်းပြသည်ဖြစ်စေ ၎င်းတို့လုပ်ရပ်၏ သက်ရောက်မှုကို ကြိုတင်မသိရှိဘဲနေမည်မဟုတ်။ သို့ဆိုလျှင် Facebook က ဘာဖြစ်ချင်နေသလဲဆိုတာ ဆဝါးလို့ရနိုင်ပါသည်။

မည်သည့်ပြဿနာပဲဖြစ်ပါစေ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအပေါ်မှာသာ အကျိုးသက်ရောက်မှုရှိနိုင်သည်ဆိုပါက အရေးမကြီးပါ။ ယခုပြဿနာသည် ပုဂ္ဂိုလ်၊ ပါတီ၊ နိုင်ငံရေးခေါင်းဆောင်အချို့နှင့် စစ်ဘက်ခေါင်းဆောင်အချို့ကိုသာ ထိခိုက်နိုင်ခြေရှိမည်ဆိုလျှင် စာရေးသူ အနေနှင့်လည်း ယခုစာစုကို ရေးစရာအကြောင်းမရှိပါ။ သို့သော် ယခုပြဿနာ၏ ဆင့်ကဲသက်ရောက်မှုမှာ ခက်ခဲနေသော အမျိုးသားရင်ကြားစေ့ရေးကိစ္စထိ သက်ရောက်မှုရှိနိုင်သောကြောင့် ထောက်ပြရခြင်းဖြစ်ပါသည်။ သာမန်ကြည့်လျှင် အကောင့်ပိတ်ခံရခြင်းသာဖြစ်သည်။ သို့သော် ယင်း၏နောက်ဆက်တွဲသက်ရောက်မှုက တိုင်းပြည်အတွက် အခက်အခဲ ဖြစ်စေနိုင်သည့် အခြေအနေမျိုးတွေ ကြုံလာရနိင်သည်။ သည်လောက်ထိ မဖြစ်ဘူးဘဲထား။ အစိုးရနှင့် တပ်မတော်အကြား အစိုင်အခဲအဖုအထစ်တွေက ပိုကြီးသွားမည်ကတော့ အသေအချာပင်ဖြစ်သည်။

အစိုးရဘက်ကတော့ ယခုပြဿနာမှာ ၎င်းတို့နှင့် SMMT ၏ ပယောဂ မပါဝင်ကြောင်း ငြင်းဆိုထားသည်။ Facebook ကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်ဖြစ်ရာ ယခုဖြစ်ရပ်၏ အဓိကသက်ဆိုင်သူမှာ Facebook Team သာဖြစ်ကြောင်း ထင်ရှားပါသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအကြား စိတ်ဝမ်းကွဲမှု မရှိကြစေလိုပါ။ Facebook ၏လုပ်ရပ်မှာ နောက်ကျောပေးပြီး ထိုင်နေသော လူနှစ်ယောက်အကြားဝင်ပြီး တုတ်ဖြင့်ရိုက်သွားသော လုပ်ရပ်မျိုး ဖြစ်ပါသည်။ အမှန်တကယ်ရိုက်သူကို မြင်အောင်မကြည့်နိုင်လျှင် အတူထိုင်နေသူ အချင်းချင်းသာ စကားများရန်ဖြစ်ကြရပါလိမ့်မည်။ သို့ဖြင့် Facebook ကရှာသော ပြဿနာအပေါ် အစိုးရနှင့် အတူတကွပူးပေါင်း၍ ဖြေရှင်းကြစေချင်ပါသည်။ Facebook Team အနေနှင့်လည်း ဝန်ဆောင်မှုပေးသော ကိစ္စရပ်များအပေါ်မှာသာ အာရုံစိုက်သင့်ပြီး အခြားနိုင်ငံတစ်ခု၏ နိုင်ငံရေး၊ ပြည်တွင်းရေးကိစ္စများကိုပါဝင်၍ ခလောက်ဆန်ရသည်ထိ ခြေတံလက်တံ မရှည်စေလိုပါ။ မြန်မာနိုင်ငံသည် ယခုမှ ပြဿနာများအကြားကနေ ရုန်းထနေရသော နိုင်ငံတစ်ခုဖြစ်ပါသည်။ စစ်ဘက်အသိုင်းအဝိုင်းကို ဝိုင်းဝန်းချိုးနှိမ် တိုက်ခိုက်နေရုံဖြင့် မြန်မာနိုင်ငံတိုးတက်ဖို့ အကြောင်းမမြင်ပါ။

လက်ရှိအနေအထားမှာ အရပ်ဘက်နှင့်စစ်ဘက် ပူးပေါင်းနိုင်မှသာ တိုင်းပြည်က တိုးတက်မှုမြန်ဆန်မှာဖြစ်ပါသည်။ သို့ပါ၍ Facebook ကရှာသော ပြဿနာအပေါ် စိတ်ဝမ်းမကွဲကြဘဲ အတူတကွ ပူးပေါင်းအဖြေရှာကြပါရန် တိုက်တွန်းအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ဝင်းကို (၂၈.၈.၂၀၁၈)