News

POST TYPE

TIP

အွန်လိုင်းမှာ ကျော်ကြားသူ တစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲ
04-Oct-2016

လူငယ်တချို့က အွန်လိုင်းမှာ ကျော်ကြားချင်ကြတယ်။ သူတို့စကားအရဆိုရင် Cele ဖြစ်ချင်တယ်ပေါ့။ ဒီလိုပါပဲ လူကြီး တချို့ကလည်း အွန်လိုင်းမှာ ကျော်ကြားချင်ကြပြန်ပါသေးတယ်။ ဒီတော့ လူငယ်တွေက ကျော်ကြားချင်ရင် အဖော်အချွတ်ပေါ့။ လူကြီးတွေက ကျော်ကြားချင်ရင် ဆဲရေးတိုင်းထွာပေါ့။ ဒီလိုတွေ လုပ်လာကြတာ မြင်ရတယ်။ အရင်အစိုးရကို ဆဲရေးတိုင်းထွာပြီး နာမည် ကျော်ကြားမှုကို ရှာဖွေခဲ့တဲ့သူတွေလည်း အများကြီး တွေ့နိုင်ပါတယ်။ ဒါတွေက ကောင်းသလားလို့ မေးလာရင် လုံးဝ မကောင်းဘူးလို့ပဲ ဖြေရမှာပါ။ ဒီလို မဟုတ်ဘဲ ဘယ်လိုနည်းတွေနဲ့ ကျော်ကြားသူ တစ်ယောက် ဖြစ်လာနိုင်ဦးမလဲ လေ့လာကြည့်ရအောင်။

ဘာတွေ သိချင်နေကြသလဲ

လူမှုကွန်ရက် ဖေ့ဘွတ် ဆိုပါတော့။ ဒီပေါ်မှာ ကိုယ့်သူငယ်ချင်းတွေထဲက လူတွေ ဘာတွေကို သိချင်နေကြသလဲ။ သူတို့ တကယ် သိချင်နေတဲ့ အကြောင်းအရာမျိုးကို ဖော်ပြပေးပါ။ သတင်းမီဒီယာတွေဆီကနေ ကူးယူ ဖော်ပြတာဆိုရင် Credit ပြန်ညွှန်းပေးဖို့ မမေ့ပါနဲ့။ ကိုယ်တိုင်ရေးတာ ဆိုရင်လည်း တာဝန်ခံမှု ရှိပါစေ။ ဒါဆိုရင် ကိုယ်က အခြား အသုံးပြုသူ သူငယ်ချင်းတွေ စောင့်ကြည့်ရတဲ့ သူတစ်ဦး ဖြစ်လာပြီပေါ့။

တုံ့ပြန်သံတွေကို နားထောင်ပါ

ကျော်ကြားသူတွေ ဖြစ်လေ့ ရှိပါတယ်။ ဘာလဲဆိုတော့ တုံ့ပြန်သံကို နားမထောင်တာပါ။ ကိုယ်ပြောချင်တာကို ပြောပြီးရင် ကိုယ့်ရဲ့ Follower တွေ ဘယ်လို တုံ့ပြန်သလဲ ဆိုတာကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ တချို့အချက်တွေကို သတိပြုမိမှာပါ။ မကျေလည်လို့ ပြန်ဆွေးနွေးမှုတွေ ရှိလာရင် ကိုယ့်ဘက်က ဖြေရှင်းရပါမယ်။ ဒါမှသာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သူတစ်ယောက် အနေနဲ့ အများက လေးစား အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ရေရှည် ကျော်ကြားဖို့ မဖြစ်နိုင်ပါဘူး။

အခြား ကျော်ကြားသူတွေနဲ့ ချိတ်ဆက်ပါ

ကိုယ်က ကျော်ကြားသူ တစ်ယောက် ဖြစ်ချင်တယ်၊ ဒါမှမဟုတ် ကျော်ကြားသူ တစ်ယောက် ဆိုပါစို့။ အခြား ကျော်ကြားသူတွေနဲ့လည်း ချိတ်ဆက်ပြီး လှုပ်ရှားမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ပရဟိတ လုပ်ငန်းတွေ ဖြစ်စေ၊ အခြား လှုပ်ရှားမှုတွေဖြစ်စေ လုပ်ဆောင်တဲ့ နေရာမှာ အစုအဖွဲ့လိုက် လှုပ်ရှားမှုတွေကို ပူးပေါင်း ပါဝင်သင့်ပါတယ်။

စာရေးပါ

လူမှုကွန်ရက်မှာဖြစ်စေ၊ ကိုယ်ပိုင် ဘလော့ဂ်တွေမှာဖြစ်စေ စာရေးတာက အွန်လိုင်းမှာ ကျော်ကြားသူ တစ်ယောက် ဖြစ်လာဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ အွန်လိုင်း အသုံးပြုသူတွေ ဘာတွေ ဖတ်ချင်နေသလဲ လေ့လာပါ။ ကိုယ့်ရဲ့ ပစ်မှတ်ကို ရှာဖွေပါ။ ဒီအထဲက ကိုယ်ရွေးချယ်တဲ့ ကဏ္ဍအလိုက် စာတွေကို အရည်အသွေး ရှိရှိ၊ တန်ဖိုးရှိရှိ ဖြစ်အောင် ဖန်တီး ရေးသားခြင်းကနေ ကိုယ့်ရဲ့ ကျော်ကြားမှုကို ရှာဖွေ နိုင်ပါတယ်။ ဒီနေရာမှာ သူတစ်ပါး ရေးထားတာတွေကို တိုက်ရိုက် ကူးယူတာ၊ မှီငြမ်းတာရှိရင် Credit ပေးဖို့ လိုအပ်ပါတယ်။ ဒါမဖြစ်မနေ လုပ်ရမယ့် အလုပ်ပါ။

အထက်ပါ အချက်တွေက အွန်လိုင်းမှာ ကျော်ကြားတဲ့သူ တစ်ယောက် ဖြစ်လာဖို့အတွက် အထောက်အပံ့ ဖြစ်စေမယ့် အချက်တွေပါ။ အစိုးရကို တိုက်ခိုက် အပုပ်ချတာနဲ့ အဖော်အချွတ် ဓာတ်ပုံတွေနဲ့ အောင်မြင်မှု ရှာတာထက်တော့ ပိုပြီး ရိုးသားတဲ့ ကြိုးပမ်းမှု ဖြစ်တဲ့အတွက် လက်ခံသင့်ပါတယ်။

ဒီနေရာမှာ တစ်ခု ပြောစရာ ရှိတာက စာရေးမယ် ဆိုရင်တော့ ကိုယ်တိုင်လည်း စာတွေ ဖတ်ဖို့ လိုအပ်ပါတယ်။ လေ့လာဖို့ လိုအပ်ပါတယ်။ ကိုယ်ပေးတဲ့ အချက်အလက် အမှားက ကိုယ့်စာကို ဖတ်နေတဲ့သူတွေ အမှန် ထင်သွားရင် ကိုယ့်မှာပဲ တာဝန်ရှိတယ် ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

အွန်လိုင်းမှာ ကျော်ကြားလိုသူတွေအတွက် အထောက်အပံ့ ဖြစ်စေမယ့် အချက်တွေ ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြလိုက်ပါတယ်။

  • VIA