News

POST TYPE

TIP

ကွန်ဖြူးရှပ်ဝါဒ အာရှကိုပျံ့နှံ့ခြင်း
11-Aug-2018 tagged as



ဂျပန်နိုင်ငံတွင်လည်း ကွန်ဖြူးရှပ်အတွေးအမြင်များပျံ့နှံ့ခဲ့သော်လည်း တရုတ်နှင့်ကိုရီးယားတို့တွင် ခံယူကျင့်သုံးပုံမျိုးနှင့် ကွဲပြားကြောင်း တွေ့ရသည်။ တရုတ်နှင့်ကိုရီးယား ရိုးရာယဉ်ကျေးမှုများတွင် ကွန်ဖြူးရှပ်ဝါဒသည် ကိုယ်ကျင့်တရားစံအဖြစ် လက်တွေ့ကျကျ ခံယူကျင့်သုံးကြသည်။ ဂျပန်နိုင်ငံတွင် ကွန်ဖြူးရှပ်ဝါဒသည် အဓိကလွှမ်းမိုးကျင့်သုံးနေကြသည့် အတွေးအမြင် ခံယူချက်မျိုးမဆောင်ပေ။ တရုတ်နှင့်ကိုရီးယားတို့တွင် ကွန်ဖြူးရှပ်အတွေးအမြင်များသည် လူ့သဘာဝ၊ လူ့ဘဝ၊ လူ့ပျော်ရွှင်မှုသုခနှင့်လောကတစ်ခုအနေနှင့် ကြီးမြတ်စွာ ကိုးကွယ်ယုံကြည်နေကြသည်။ တရုတ်နှင့် ကိုရီးယားတို့တွင် ဘာလုပ်လုပ် ကွန်ဖြူးရှပ်၏အတွေးအမြင်တွေက လွှမ်းမိုးထားသည်။ ဂျပန်နိုင်ငံတွင် ဘာလုပ်လုပ် တစ်ဦးကိုတစ်ဦး ရိုသေလေးစားခြင်း၊ သူ့ဘက်ကိုယ့်ဘက် မျှတစွာ ထည့်စဉ်းစားပေးခြင်းသည် အဓိကဖြစ်နေသည်။ မည်သို့ဆိုစေ ထိုသဘောတရားများကလည်း ကွန်ဖြူးရှပ်ဝါဒကို အခြေခံသည်ဟုဆိုနိုင်သည်။

ကွန်ဖြူးရှပ်ဝါဒသည် အရှေ့အာရှဆီသို့လည်း ပျံ့နှံ့ကူးစက်ခဲ့သည်။ ကိုရီးယားတွင် ဂျိုဆွန်မင်းဆက်ကတည်းက လက်ခံကျင့်သုံးခဲ့သည်ဆိုသောကြောင့် ၁၄ ရာစုမှ ၂၀ ရာစုတိုင်အောင်ပင်ဟု ဆိုနိုင်သည်။ ကွန်ဖြူးရှပ်၏ သားတပည့်များသည် ကိုရီးယားသို့ရောက်လာပြီး တရုတ်နိုင်ငံငယ်လေးတစ်ခုဟူ၍ တင်စားခေါ်ဝေါ်ရလောက်အောင်ပင် တရုတ်အတွေးအခေါ်၊ ယဉ်ကျေးမှုဓလေ့များကို ပျံ့နှံ့စေခဲ့သည်။ 

တောင်ကိုရီးယားနိုင်ငံမှ ကိုရီးယားလှိုင်းဟု ဆိုရလောက်အောင် သမိုင်းရုပ်ရှင်များကို ရုပ်သံများကတစ်ဆင့် ပျံ့နှံ့အောင်လုပ်နေသည်။ ထိုဇာတ်လမ်းများကို အာရှတစ်ခွင်လုံး စွဲမက်စွာကြည့်ရှုအားပေးနေကြသည်။ တရုတ်နိုင်ငံတွင်ပင် ကိုရီးယားခရေဇီတွေ ပေါများလာသည်။ တရုတ်ပရိသတ်ရပြီဆိုလျှင် အောင်မြင်ပြီဟုဆိုရမည်။ တရုတ်တွေက ကိုရီးယားသမိုင်းရုပ်ရှင်တွေကို အဘယ်ကြောင့် သဘောကျနေကြသနည်း ကွန်ဖြူးရှပ်၏အတွေးအမြင်များကို သွပ်သွင်းထားသောကြောင့် သူတို့သဘာဝများနှင့်လည်း နီးစပ်နေသောကြောင့်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံမှ ရိုက်ကူးသည့် Dae Jang Geum ဆိုသော ရုပ်ရှင်ဇာတ်လမ်းတွဲကို အားပေးနေသည့် တရုတ်ပရိသတ်က ၂၇ ရာခိုင်နှုန်းရှိသည်။ ထိုကားထဲတွင် ဖော်ထုတ်တင်ပြနေသော အကြောင်းအရာများသည့် ကွန်ဖြူးရှပ်အတွေးအခေါ်များ ဖြစ်နေသောကြောင့်ပင်။ ထိုဓလေ့များကို ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေနှင့် တင်ဆက်နေသောကြောင့်လည်း အောင်မြင်နေရခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ အာဏာစိုးမိုးမှု လွန်ကဲနေစဉ်ကာလတွင်ကွန်ဖြူးရှပ်၏ အတွေးအခေါ်များကို ပျောက်ပျက်စေရန် ကြိုးစားအားထုတ်ခဲ့မှုများရှိခဲ့သော်လည်း အောင်မြင်မှုများ မရခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တရုတ်တို့တွင် မည်မျှစွဲလမ်းရလောက်အောင်ဖြစ်ခဲ့ကြောင်း အကဲခတ်နိုင်ပါသည်။ တရုတ်တို့ကို ကွန်ဖြူးရှပ်အတွေးအမြင်များအား လက်မခံရဟူ၍ ပြုလုပ်ခြင်းမှာ သူတို့ကို ရိုးရာဖျောက်ရမည်ဟု အဓမ္မပိတ်ပင်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ ကွန်မြူနစ်တွေ နှစ်ပေါင်းများစွာ အာဏာရစိုးမိုးခဲ့သော တရုတ်မှာပင် ကွန်ဖြူးရှပ်အပေါ် ယုံကြည်ကိုးကွယ်မှုများအား အမြစ်လှန်နိုင်ခြင်း မရှိခဲ့ပါ။

မော်စီတုံးအတွေးအခေါ်များကို ကွန်မြူနစ်များကို တစ်နိုင်ငံလုံးလွှမ်းမိုးစေရန် ကြိုးစားအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ယခုအခါ ကျောင်းများတွင်ပါ ကွန်ဖြူးရှပ်၏အတွေးအမြင်များကို သင်ခန်းစာများထဲတွင် ထည့်သွင်းသင်ကြားလာနေပြီဖြစ်သည်။ ကွန်ဖြူးရှပ်ကျောင်းများကို တရုတ်နိုင်ငံတွင် ဖွင့်ခွင့်ပြုလာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအထိ နိုင်ငံပေါင်း ၉၆ နိုင်ငံတွင် ကွန်ဖြူးရှပ်တက္ကသိုလ်ကောလိပ်ပေါင်း ၃၃၂ ကျောင်းအထိ တိုးတက်မြင့်မားလာခဲ့သည်။ ကျောင်းအနေနှင့် ဖွင့်လှစ်ထားသည့် ကွန်ဖြူးရှပ်သဘောတရား သင်ကျောင်း ၃၆၈ ကျောင်းရှိသည်။ 

တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့၏ စီးပွားရေးအောင်မြင်မှုများကို ဆန်းစစ်ကြည့်လျှင် ကွန်ဖြူးရှပ်၏ စီးပွားရေးဆိုင်ရာ အတွေးအမြင်များအပေါ်တွင် အခြေခံထားကြောင်းတွေ့ရသည်။ ကွန်ဖြူးရှပ်က နိုင်ငံတစ်နိုင်ငံတွင် ကုန်ထုတ်လုပ်မှုသည် အရေးကြီးသည်။ သဘာဝရင်းမြစ်များကို ကောင်းစွာအသုံးချနိုင်သည့်နိုင်ငံသည် တိုးတက်မည်ဟုမြင်သည်။ သယံဇာတရင်းမြစ်၊ လူသားရင်းမြစ်တို့ကို ကောင်းစွာ စီမံခန့်ခွဲနိုင်လျှင် တိုးတက်အောင်မြင်မည်ဟုဆိုသည်။ ဂျပန်၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့သည် သဘာဝသယံဇာတပစ္စည်းများ ထွက်ရှိမှု အားနည်းသော်လည်း သူတို့လူမျိုးများကို ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမှာ စိတ်ဓာတ်နှင့် ခံယူချက်များဖြစ်သည်။ တရုတ်သည် သဘာဝရင်းမြစ်၊ လူသားရင်းမြစ်တို့ကို နှစ်မျိုးစလုံး ထိန်းသိမ်းနိုင်သောကြောင့် အားလုံးကို ကျော်ဖြတ်ပြီး အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ဦးတည်နေသည်။

ထုတ်ကုန်တိုးမြှင့်ရမည်။ ရောင်းအားကောင်းအောင် ဈေးကွက်ရှာရမည်။ ရောင်းလိုအားနှင့် ဝယ်လိုအားကောင်းလာလျှင် ငွေအင်အားလည်း တိုးလာမည်။ ကြွယ်ဝလာလျှင် အလုပ်လုပ်သောသူများအတွက် လုပ်ခလစာကိုလည်း တိုးပေးနိုင်မည်။ ယင်းအခြေခံသဘောတရားများသည် ကွန်ဖြူးရှပ်အတွေးအမြင်များထဲတွင် ပါဝင်ပြီးသားဖြစ်သည်။ ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်အောင် ကြိုးစားခြင်း၊ ကျွမ်းကျင်သော လုပ်သားများ မွေးထုတ်ခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားကြားတွင် မျှတသောစိတ်ထားများဖြင့် ဆက်ဆံခြင်း၊ လုပ်ငန်းအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းတို့မှာလည်း စီးပွားရေးလုပ်ငန်း အောင်မြင်ခြင်း၏ အခြေခံသဘောတရား များအဖြစ် အာရှသားတို့က လက်ခံလိုက်နာကျင့်သုံးခဲ့ကြပြီးဖြစ်သည်။ ထိုသဘောတရားများ အားလုံးသည်လည်း ကွန်ဖြူးရှပ်၏ သင်ကြားမှုတိုင်းလိုလိုတွင် တွေ့မြင်ရသည်။

စီးပွားရေးလုပ်ငန်းတစ်ခုကို ရေရှည်ရပ်တည်ပြီး အောင်မြင်လိုလျှင် စီးပွားရေးစနစ်ကို တစ်ဦးတည်း တစ်ယောက်တည်းက ချုပ်ကိုင်ထားခြင်းထက် ပြိုင်ဆိုင်သော ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမည်။ ထို့ပြင် မိမိတို့ နိုင်ငံရှိ ရင်းမြစ်များ အားလုံးကိုလည်း စနစ်တကျ စီမံခန့်ခွဲနိုင်စေရန်လည်း လုပ်ဆောင်ပေးရမည်။ ထိုသဘောတရားများသည်လည်း ကွန်ဖြူးရှပ်အတွေးအမြင်များတွင် အခြေခံထားပြီးဖြစ်သည်။ 

အလုပ်သမားများကို ထိန်းသိမ်းပျိုးထောင်နိုင်ခြင်းသည် လုပ်အားရင်းမြစ်ကို ထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။ လုပ်အားရင်းမြစ်ကို ထိန်းသိမ်းနိုင်ရန် အလုပ်ရှင်သည် အလုပ်သမားများကို ပညာပေးရမည်။ မိမိရှာဖွေရသမျှ အမြတ်အစွန်းများထဲမှ အလုပ်သမားများအတွက် ပညာသင်ပေးရန် ပြန်လည်ကြိုးပမ်းခြင်းသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း ကွန်ဖြူးရှပ်က သွန်သင်ထားပြီးဖြစ်သည်။ ပြည်သူတွေကို ပညာတတ်အောင်သင်ပေးမှ ကောင်းစွာစီမံခန့်ခွဲနိုင်သလို၊ ကောင်းစွာအုပ်ချုပ်နိုင်ပြီး ကောင်းစွာ ထုတ်လုပ်နိုင်မည်ဆိုခြင်းကို နားလည်သဘောပေါက်ထားသည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မည်သာဖြစ်သည်။

  • TAGS