News

POST TYPE

TIP

ဝန်တိုလောဘ ဒေါသကင်းသူ
02-Oct-2016


စစ်သူကြီးသီဟ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ တစ်မြို့လုံး ဗုဒ္ဓအကြောင်းကို ပြောမဆုံးအောင် ဖြစ်နေကြသည်။ ထိုစဉ်က ဗုဒ္ဓသည် ဝေသာလီပြည်သို့ ကြွလာပြီး မဟာဝုန်တော၊ ကူဋာဂါရ ကျောင်းတွင် သီတင်း သုံးနေသည်။ နန်းတွင်းထဲ၌လည်း လိစ္ဆဝီ မင်းသားတို့သည် ဗုဒ္ဓ၏ ဂုဏ်တော်များကို ချီးကျူး ပူဇော် နေကြသည်။

သီဟသည် ဗုဒ္ဓ၏တပည့် မဟုတ်။ သူ ဆရာ တင်ထားသူများမှာ နိကဏ္ဌ ဆရာကြီးများ ဖြစ်သည်။ နန်းထဲ အရပ်ထဲတွင် ဗုဒ္ဓအကြောင်း အပြော များလာသည့်အခါတွင် သီဟသည် ကူဋာဂါရကျောင်းကို ကိုယ်တိုင် သွားပြီး ဗုဒ္ဓကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူ၏ဆရာကြီး ဖြစ်သော နိကဏ္ဌ နာဋပုတ္တထံသွားကာ -

“ဆရာတို့ ကျွန်ုပ်သည် ဗုဒ္ဓကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံမှ ဖြစ်တော့မည်”

“သီဟ မိုက်လှချည်လား။ သင်သည် ကိရိယဝါဒီ တစ်ယောက် ဖြစ်ပါလျက်၊ အဘယ်ကြောင့် အကိရိယ ဝါဒီဖြစ်တဲ့ ဗုဒ္ဓကို သွားရောက် တွေ့ဆုံချင်ရသလဲ” ဟုတားမြစ်လိုက်လေသည်။
 
စစ်သူကြီး သီဟသည် ဝေသာလီပြည်တွင် အလွန်အရေးပါသူတစ်ဦးဖြစ်သည်။ လွှတ်တော်ထဲတွင် အားလုံးသော လိစ္ဆဝီမင်းတို့သည် ဗုဒ္ဓအကြောင်း ပြောဆိုဆွေးနွေး ကြကုန်သည်။

“ဗုဒ္ဓဆိုသည်ကား အကျင့်သီလ သိက္ခာ စင်ကြယ်သော သူတည်း။ ထူးမြတ်သော တရားလမ်းစဉ်ဖြင့် ငါတို့ကို ဟောပြော ဆုံးမ နိုင်သူတည်း။ ငါတို့၏ မှားယွင်းသော အမြင်များကို လမ်းမှန် ရောက်စေရန် ညွှန်ပြနိုင်သူတည်း”ဟု သာဓုအကြိမ်ကြိမ်ခေါ်ကာ ချီးမွမ်းသံများ ညံနေချိန်တွင် သီဟသည် ဗိုလ်ပုံ အလယ်တွင် ညှိုးငယ်စွာ ဝပ်စင်းနေရ သကဲ့သို့ ဖြစ်နေရသည်။

သီဟသည် နိကဏ္ဌ ဆရာကြီးထံ တစ်ခေါက် ထပ်သွားပြီး ဗုဒ္ဓထံ သွားမည်ဟု ပြောပြန်သည်။ ဆရာကြီးကလည်း

“သီဟ ငါတို့က သင့်ကို မည်သည့် အရာမဆို ပြုထိုက်သည် (ကိရိယဝါဒ) ဟု သွန်သင်ခဲ့သည်။ မည်သည့် အရာမဆို မပြုထိုက် (အကိရိယဝါဒ) ဖြင့် ပိတ်ပင်နေသော ဂေါတမထံ သင်အဘယ်ကြောင့်သွားမည်နည်း”ဟု ထပ်ပြောကာ တားပြန်သည်။
 
နေ့စဉ် ဗုဒ္ဓထံ သွားချင်ပါလျက် မသွားရခြင်းမှာ မိမိစိတ်တို့ကို နှိပ်စက်လျက် ရှိသည်။ မိမိကိုးကွယ်နေသော နိကဏ္ဌ ဆရာကြီးတွေက မှန်သလော၊ ဗုဒ္ဓကမှန်သလော ရှင်းလင်းစွာ သိနိုင်စေရန် ဗုဒ္ဓ၏အသံကို နာခံခြင်းမှတစ်ပါး အခြားမရှိဟု ဆုံးဖြတ်ပြီး တတိယအကြိမ်တွင် ဆရာကြီးများကို မပြောတော့ဘဲ ဗုဒ္ဓရှိရာ မဟာဝုန်တောသို့ ရောက်လာခဲ့တော့သည်။ 

စစ်သူကြီးသီဟသည် ကျောင်းတော်ကို ရောက်လျှင် ဗုဒ္ဓထံ ချဉ်းကပ်ပြီးနောက် သူ့စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည့် အစိုင်အခဲကြီး တစ်ခုကို ရိုသေစွာ မေးလျှောက် လိုက်တော့သည်။

“အရှင်ဘုရား ကိုယ်တိုင်က မပြုအပ်ဆိုသည့် တရားများကို ဟောကြားနေပြီး တပည့်များကိုလည်း မပြုအပ်ကြောင်း တရားများ ဟောကြားနေသည်ဆိုခြင်းမှာ ဟုတ်ပါသလား”

“မှန်တယ် သီဟ”

“တပည့်တော်ကို ရှင်းပြတော်မူပါ”

ဗုဒ္ဓသည် စစ်သူကြီး သီဟအား အောက်ပါ ရှစ်ချက်ဖြင့် ဖြေရှင်းပြလေသည်။

(၁) ငါသည် ဒုစရိုက် သုံးပါးနှင့်တကွ များစွာသော အကုသိုလ်တို့ကို မပြုရန် ဟောကြား၏။
(၂) ငါသည် သုစရိုက် သုံးပါးနှင့်တကွ များစွာသော ကုသိုလ်တို့ကို ပြုရန်ဟောကြား၏။
(၃) ငါသည် ရာဂ၊ ဒေါသ၊ မောဟနှင့်တကွ များစွာသော အကုသိုလ်တို့ကို ပြတ်တောက်စေရန် ဖြတ်တောက်ရမည်ဟု ဟောကြား၏။
(၄) ငါသည် ဒုစရိုက်သုံးပါးနှင့်တကွ များစွာသော အကုသိုလ်တို့ကို စက်ဆုပ်တော်မူ၏။
(၅) ငါသည် ရာဂ၊ ဒေါသ၊ မောဟတို့နှင့်တကွ များစွာသော အကုသိုလ်တရားတို့ကို ဖျောက်ဖျက်ရန် ဟော၏။
(၆) ငါသည် ဒုစရိုက်သုံးပါးနှင့် အကုသိုလ်တရားတို့ကို ပူပန်စေသော တရားများဟု ဟော၏။
(၇) ငါသည် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသူကို ပဋိသန္ဓေ နေခြင်းမှ ကင်းသူဟု ဟော၏။
(၈) ငါသည် မြတ်သော (မဂ်ဖိုလ်) ဟူသော သက်သာမှုကို ရှာနိုင်၊ ရနိုင်ကြောင်း ဟော၏။

ဗုဒ္ဓ၏ ဟောပြော ဆုံးမမှုများကို ကြားနာလိုက်ရသည်နှင့် စစ်သူကြီး သီဟသည် ဉာဏ်ပညာကြီးသူ ဖြစ်သောကြောင့် ချက်ချင်းပင် မိမိအား ဥပါသကာအဖြစ် အသိအမှတ်ပြုပါရန် လျှောက်ထား လိုက်တော့သည်။ 

ဗုဒ္ဓသည် တည်ငြိမ် ရင့်ကျက်စွာဖြင့် နေတော်မူသည်။ သီဟက အလွန် အံ့အားသင့် သွားသည်။ မိမိလို စစ်သူကြီး တစ်ယောက်ကို နိကဏ္ဌ ဆရာတို့က တပည့် အဖြစ်ရစဉ်က ဝေသာလီ တစ်ပြည်လုံး လှည့်လည်ကာ အောင်လံ စိုက်ပြခဲ့ကြသည်။ ဗုဒ္ဓ၏ အသွင်တော်ကား တည်ငြိမ် အေးချမ်းလှပါဘိ။ ကြည်ညိုစရာ ကောင်းလွန်းလှပါဘိဟု ဆရာကောင်း တစ်ဦး၊ ကိုးကွယ်ရာကောင်း တစ်ခုကို ရလိုက်ပြီဆိုကာ ပီတိ ဖြစ်နေမိသည်။ ထိုစဉ် ဗုဒ္ဓက -

“ချစ်သား သီဟ သင်၏အိမ်သည် နိကဏ္ဌတို့အတွက် အချိန်ကာလ ကြာမြင့်စွာ ကတည်းက ရေတွင်းကြီးသဖွယ် ဖြစ်ခဲ့သည်။ ထို့ကြောင့် သင်သည် နိကဏ္ဌတို့ကိုလည်း ဆွမ်းအလှူများ ပေးခြင်းကို မမေ့လျော့ပါနှင့်။ သူတို့ကို အလှူဒါန ဆက်ပြုပါလော့”ဟု ဆုံးမစကား ပြောလိုက်လေသည်။

နိကဏ္ဌတို့သာ ဆိုလျှင် ဗုဒ္ဓကဲ့သို့ စကားဆိုမည်လော။ သူတစ်ပါး၏ ဆုတ်ယုတ်မှုအတွက်၊ သူတစ်ပါးကို မကြည်ညိုမိစေရန်အတွက် လိုက်လံ ပိတ်ပင် တတ်သူများအပေါ် ဗုဒ္ဓသည် ဝန်တိုခြင်း မရှိ။ ဒေါသမရှိ၊ လောဘမရှိ၊ မောဟမရှိ၊ မာန်မာနမရှိ ကြည်ညိုစရာ ကောင်းလှပါဘိဟု စိတ်တွင် ကြည်ညိုပြီးရင်း ကြည်ညိုကာ စစ်သူကြီး သီဟသည် ဦးချ ပြန်ခဲ့တော့သည်။ 

(အဂုင်္တ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ မဂ္ဂဝဂ်၊ သီဟသုတ်ကို မှီငြမ်းပါသည်)

  • VIA