POST TYPE

TIP

ကွန်ဖြူးရှပ်၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးအမြင်
14-Jul-2018



၁၉၈၈ ခုနှစ်က နိုဘယ်လ်ဆုရသူ ၇၄ ဦးသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တွေ့ဆုံကြပြီး ၂၁ ရာစု ကမ္ဘာကြီးအား ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝစေကြောင်း ဆန္ဒပြုကြသည်။ ထိုသို့ ဆန္ဒပြုရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က ကွန်ဖြူးရှပ်၏ အတွေးအမြင်များကို ကိုးကားထောက်ပြကြကြောင်း တွေ့ရသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာပေါ်၌ ပြောင်းလဲမှုကြီးတွေ ဖြစ်ကုန်သည်။ ဘာလင်တံတိုင်း ပြိုပျက်သွားသည်။ စစ်အေးခေတ်ပြီးဆုံးသွားသည်။ နောက်ပိုင်းတွင် ကမ္ဘာကြီး၌ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည့် သဘောတရားတွေ ခေတ်စားလာသည်။ ကမ္ဘာလောကကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆင်းရဲချမ်းသာအားလုံး ရယူခံစားခွင့်ရှိနိုင်သည့် အနေအထားတစ်ခုကို ဖန်တီးပေးခြင်းသာဖြစ်ကြောင်း သိလာကြသည်။ ယင်းသည်ပင် ကွန်ဖြူးရှပ်၏ အတွေးအခေါ်တွင် အခြေခံနေကြောင်းတွေ့သည်။ 

“သွားနေတာ ဘယ်လောက်နှေးနှေး ကိစ္စမရှိဘူး။ ဘယ်လောက်ဝေးဝေး ဆက်သွားနေဖို့ပဲအရေးကြီးတယ်”ဟု ကွန်ဖြူးရှပ်က ဆိုခဲ့သည်။ သူ၏ စီးပွားရေးအမြင်တစ်ခုဟူ၍လည်း ယူဆနိုင်သည်။ ဇွဲဖြင့်ဆက်လုပ်ခြင်းကသာ အောင်မြင်မှုတစ်ခုခုကို ဆုပ်ကိုင်နိုင်မည်ဟု သူကဆိုလိုသည်။ ကမ္ဘာ့စီးပွားပျက်ကပ်တွေကို ရင်ဆိုင်ခဲ့ကြရသည်။ သို့သော် စိတ်မပျက်သူတွေကြောင့်သာ စီးပွားရေးက ပြန်လည်ထောင်မတ်လာနိုင်ခဲ့သည်။

လူ့ဘောင်လောကတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် လူသားတို့၏ ရှင်သန်မှုနှင့်ဆက်စပ်နေသည်။ ထုတ်လုပ်မှုသည် ဉာဏ်အမြော်အမြင် တွေးခေါ်တတ်မှုနှင့်လည်းပတ်သက်နေသည်။ ကွန်ဖြူးရှပ်သည် အပြောသမားသက်သက်မဟုတ်။ သူသည် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် သူ၏ သွန်သင်ချက်များကိုကြည့်လျှင် လူမှုရေးစံများလည်း မကင်းကြောင်းတွေ့ရသည်။ 

တရုတ်သမိုင်း၏ ဘီစီ ၇၇၁-၄၇၅ တွင် ပြုပြင်ပြောင်းလဲမှုများ တည်ဆောက်မှုအများဆုံးကာလများ ဖြစ်သည်။ အုပ်ချုပ်သူဘုရင်ကလည်း လူတို့၏ လုပ်အားကို အတင်းအဓမ္မရယူပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ခိုင်းစေခြင်းပြုသည်။ နန်းတော်၊ တံတိုင်း၊ လမ်းတွေ ဆောက်ကြရသည်။ စစ်ပွဲကို ပြင်ဆင်သည့်အနေနှင့် တပ်သားသစ်တွေ စုဆောင်းကြသည်။ ဘုရင်၏ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်သူတွေ ဆင်းရဲဒုက္ခဖြင့် ရင်ဆိုင်ကြရသည်။ 

ထိုအခြေအနေတွင် ကွန်ဖြူးရှပ်က ပြည်သူတို့အပေါ် သနားစိတ်များဖြစ်လာသည်။ သူက အုပ်ချုပ်သူဘုရင်ကို ပြည်သူများအား ကြင်နာသနားရန် ပြောဆိုသည်။ လူများကို အဓမ္မခေါ်ခိုင်းနေခြင်းများ မပြုရန် ပြောဆိုခဲ့သည်။ လူတွေကို တည်ဆောက်ရေး လုပ်ငန်းများတွင် ခေါ်ခိုင်းနေလျှင် စိုက်ပျိုးရေးလုပ်ငန်းများတွင် အားလျှော့သွားမည်။ စားစရာမရှိသူကို တိုက်ခိုင်းလျှင် နိုင်မည်မဟုတ်။ ဝမ်းစာလည်းဖြည့် စွမ်းအင်လည်းပြည့်မှ တိုင်းပြည်တိုးတက်မည်။ ဝမ်းစာမပြည့်လျှင် အုပ်ချုပ်သူ လူတန်းစားအတွင်း၌လည်း အာဏာအလွဲသုံးမှုများ၊ အကျင့်စာရိတ္တပျက်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပေါများလာလိမ့်မည်။ နိုင်ငံတစ်နိုင်ငံကျဆုံးခြင်းသည် ပြည်သူများကို အဓမ္မကျင့်ခြင်းနှင့်လည်း သက်ဆိုင်နေသည်။ လုပ်သင့်လုပ်ထိုက်သင့် အလုပ်များကို မလုပ်ဘဲ၊ မလုပ်သင့် မလုပ်ထိုက်သည်များကို မင်းတို့ကလုပ်နေလျှင် တိုင်းပြည်ဆုတ်ယုတ်မည်သာဖြစ်သည်။ 

တိုင်းပြည်အေးချမ်းသာယာပြီး တိုးတက်ဖွံ့ဖြိုးလိုလျှင် မည်သို့လုပ်ဆောင်မည်နည်း။

- မိမိနိုင်ငံနှင့် လူမျိုး၊ ရိုးရာယဉ်ကျေးမှုကို လေးစားရမည်

- တိုင်းရင်းသားလူမျိုးများစွာ နေထိုင်သည့် သဘာဝပတ်ဝန်းကျင်ကို လေးစားရမည်

- ပြည်သူကို လက်နက်အားကိုးဖြင့် မဖျက်ဆီးရ၊ အမြစ်ဖြုတ်သုတ်သင်မည်ဆိုသည့် စိတ်ဓာတ်မထားရ

- ပညာရေးကို အားပေးရမည်။ ပြည်သူများ၏ စီးပွားရေးကို အားပေးရမည်။ ကမ္ဘာကိုလှမ်းမြင်နိုင်အောင် ကြိုးစားရမည်

အထက်ပါသဘောတရားများသည် ကွန်ဖြူးရှပ်၏ အတွေးအမြင်များတွင် ပါဝင်ပတ်သက်နေပြီး လိုက်နာကျင့်သုံးစရာ နည်းလမ်းများအဖြစ် တရုတ်တို့က ယနေ့တိုင် ကျင့်သုံးလျက်ရှိကြသည်။ ကွန်ဖြူးရှပ်က -

“သင့်မှာ လက်နက်ကောင်းအရေအတွက် ပိုပြီးတိုးပွားဖို့ထက်၊ အရည်အချင်းပြည့်ဝသော လူကောင်းသူကောင်းများ တိုးပွားနေရန် လိုအပ်သည်။ တိုင်းပြည် စီးပွားရေးကောင်းစေရန် အုပ်ချုပ်မှုကောင်းရှိရန်လိုသည်” ဟု ဆိုခဲ့သည်။

ပြည်သူတွေကို ပညာကောင်းကောင်းတတ်အောင်လုပ်ပေးရမည်။ ချမ်းသာအောင်လုပ်ပေးရမည်။ အစားအစာလုံလောက်ပြည့်စုံအောင် ဖန်တီးပေးရမည်။ ပြည်သူငြိမ်းချမ်းမှ တိုင်းပြည်ငြိမ်းချမ်းသည်။ စစ်အင်အားကို တိုးချဲ့ပြီး စစ်သားတွေကို ရိက္ခာနှင့်လက်နက်များ ထောက်ပံ့နေခြင်းဖြင့် အချိန်ကုန်နေလျှင် တိုင်းပြည်မတိုးတက်။ 

ကွန်ဖြူးရှပ်က ချမ်းသာကြွယ်ဝသည့် နိုင်ငံတော်တစ်ခု ဖြစ်လာစေလိုလျှင် လူတွေကို ပညာတတ်အောင် သင်ပေးရမည်။ လူတွေပညာတတ်မှ အစိုးရ၏ သဘောကိုနားလည်ပြီး အစိုးရအပေါ်လည်း ယုံကြည်စိတ်ချလာနိုင်လိမ့်မည်။ လူဦးရေတိုးပွားလာလျှင် ဈေးကွက်က ကျယ်လာမည်။ တိုးပွားလာသည့် လူသားရင်းမြစ်ကို အသုံးပြုနိုင်မှ နိုင်ငံချမ်းသာကြွယ်ဝနိုင်သည်။ လူတွေဝင်ငွေရှိရမည်။ လူတွေ ကျွမ်းကျင်သည့် အတတ်ပညာများ တတ်မြောက်နိုင်ရမည်။ လူတို့ကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ နိုင်ငံတိုးတက်မည်။

ကွန်ဖြူးရှပ်အမြင်က ရိုးရိုးလေးဖြစ်သည်။ တစ်နေ့တွင် ကွန်ဖြူးရှပ်သည် ဝေနယ်သို့ ခရီးထွက်သည်။ သူ့တပည့်တစ်ဦးဖြစ်သူ ဝမ်ယုက သူ့ကို မြင်းလှည်းဖြင့် လိုက်ပို့သည်။ 

သူတို့ ဝေနယ်သို့ရောက်သည့်အခါ ပြည်သူတွေ အများကြီးကိုတွေ့ရပြီး ဝမ်ယုက -

“လူတွေ များလိုက်တာ ဒီလူတွေကို ဘာလုပ်ရမလဲ” ဟု ကွန်ဖြူးရှပ်ကို မေးသည်။

ကွန်ဖြူးရှပ်က “သူတို့ကို စားစရာရှိအောင်လုပ်ပေးရမယ်” ဟုပြောလိုက်သည်။ ဝမ်ယုက “စားစရာရှိလာရင်ရော ဆရာ” ဟုထပ်မေးသည်။ ကွန်ဖြူးရှပ်က “ပညာသင်ပေးရမယ်”ဟု ထပ်ဖြေသည်။ လူတွေကို စားစရာပေးပြီး ဗိုက်ဝလာလျှင် ပညာသင်ပေးရမည်ဆိုခြင်းကို ကွန်မြူနစ်တို့ကလည်း မော်စီတုံးခေတ်ကတည်းက ကောင်းစွာ အသုံးချခဲ့သည်။