News

POST TYPE

TIP

တရုတ်စီးပွားအမြင်အပေါ် ဗုဒ္ဓနှင့် ကွန်ဖြူးရှပ်၏လွှမ်းမိုးမှုများ
07-Jul-2018



တရုတ်တို့ စီးပွားရေးအမြင်များ၏ နောက်ခံအတွေးများကို လေ့လာဆန်းစစ်ကြည့်လျှင် ဗုဒ္ဓ၏အတွေးအမြင်များနှင့် ကွန်ဖြူးရှပ်၏အတွေးအခေါ်များ ပေါင်းစပ်နေကြောင်း တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအမြင် စီးပွားရေးဆိုင်ရာ ကိုယ်ကျင့်တရားများတွင်လည်း ဗုဒ္ဓနှင့်ကွန်ဖြူးရှပ်တို့၏ အတွေးအမြင်ပေါင်းများစွာ လွှမ်းမိုးထားကြောင်းတွေ့ရသည်။ ကွန်ဖြူးရှပ်က ကြွယ်ဝကြောင်း စီးပွားရှာနည်းများကို လမ်းပြသည်။ ဗုဒ္ဓက တရားသောနည်းဖြင့် စီးပွားရှာပြီး၊ ရရှိလာသောစီးပွားကို ထိန်းသိမ်းစောင့်ရှောက်နည်း၊ ပေးလှူနည်းများကို လမ်းညွှန်သည်။ တရုတ်တို့ ထိုနည်းအတိုင်း လိုက်နာကျင့်သုံးခဲ့ကြသည်။

တရုတ်တို့၏ ဗုဒ္ဓနှင့်ကွန်ဖြူးရှပ်တို့၏ ပေါင်းစပ်နည်းကို “ကွန်းရှိ” ဆိုသည့် တရုတ်အတွေးအမြင်တွင် များစွာတွေ့ရသည်။ စိတ်ရှည်သည်းခံခြင်း၊ မျှတစွာစဉ်းစားခြင်းစသည့်သဘောတရားများကို တရုတ်တို့သည် ဘာလုပ်လုပ် အလေးပေးတတ်သည်။ ထိုသဘောတရားများသည် သူတို့ရိုးရာအားဖြင့် ရင်းနှီးကျွမ်းဝင်လာသော ကွန်းရှိသဘောတရားပေါ်တွင် အခြေခံသဖြင့် ကွန်းရှိကို နားလည်ထားလျှင် တရုတ်တို့နှင့် စီးပွားရေးပေါင်းလုပ်၍ရပြီဟု ဆိုရမည်။ 

ဗုဒ္ဓနှင့် ကွန်ဖြူးရှပ်တို့၏အတွေးအမြင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်ကတည်းက တရုတ်တို့အပေါ်တွင် လွှမ်းမိုးခဲ့သည်။ သို့သော် ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ် ၁၀ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၌ ယဉ်ကျေးမှုတော်လှန်ရေးကို တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး ဆင်နွှဲခဲ့သည်။ ထိုကာလများတွင် ဗုဒ္ဓနှင့်ကွန်ဖြူးရှပ်အတွေးအခေါ်အယူအဆများကို ဖျောက်ဖျက်နှိမ်နင်းခြင်းခံရပြီး တရုတ်သည်လည်း တံခါးပိတ်ထားသည့်နိုင်ငံကြီး တစ်နိုင်ငံပမာဖြစ်ခဲ့ရသည်။ ယနေ့တွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုများနှင့်အတူ တရုတ်နိုင်ငံတွင် စီးပွားရေးက ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည်။

ဗုဒ္ဓနှင့် ကွန်ဖြူးရှပ်တို့၏ အတွေးအမြင် သွန်သင်ချက်များမှာ အတွင်းစိတ်ဓာတ်ငြိမ်းချမ်းမှုနှင့် ငြိမ်းချမ်းစွာ နေထိုင်တတ်စေရေးကို ဦးစားပေးထားသည်။ ဗုဒ္ဓ၏စီးပွားရှာနည်းကို “သိင်္ဂါလသုတ်” တွင် -

“ပျားသည် ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက်၊ ပျားလပို့ကို အားထုတ်ဆောက်လုပ်သကဲ့သို့ မိမိ သူတစ်ပါးနှစ်ဦးသားကို မညှဉ်းဆဲ၊ မထိခိုက်စေမူ၍ တရားသဖြင့် ဥစ္စာပစ္စည်းကို စုဆောင်းရှာမှီးသောသူ၏ ဥစ္စာစည်းစိမ်တို့သည် ခြတောင်ပို့ ကြီးပွားသကဲ့သို့ ကြီးပွားခြင်းသို့ ရောက်ကုန်၏” ဟု ဟောကြားသည့်အတိုင်း ကွန်ဖြူးရှပ်ကလည်း

“တောင်ကြီးကို ရွှေ့ချင်လျှင် ကျောက်တုံးတွေကို နည်းနည်းချင်း ရွှေ့သွားရမည်” ဟု ဆိုခဲ့ကြောင်းတွေ့ရသည်။

ကွန်ဖြူးရှပ်၏ အတွေးအမြင်များထဲတွင် မိသားစုနှင့် ညီညွတ်မျှတ သဟဇာတဖြစ်အောင် နေထိုင်ရေးကို အလေးပေးထားကြောင်းတွေ့ရသည်။ ထိုသို့နေထိုင်နိုင်မှသာ ကံကောင်းပြီး ဥစ္စာပစ္စည်း တိုးပွားနိုင်မည်ဟုဆိုသည်။ ကွန်းရှိသဘောတရားသည် အားလုံးညီညွတ်မျှတစွာနေထိုင်ခြင်း၊ စည်းလုံးခြင်းဖြင့် ပန်းတိုင်ကို အရောက်သွားနိုင်ခြင်းဖြစ်သည်။ 

တရုတ်ကွန်ဖြူးရှပ်အတွေးအခေါ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအမြင်များသည် အချက်ငါးချက်ပေါ်တွင် အခြေခံနေကြောင်းတွေ့ရသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ (ပြည်သူ) တို့ ဆက်ဆံရေး၊ ဖခင်နှင့်သား ဆက်ဆံရေး၊ ခင်ပွန်းနှင့်ဇနီး ဆက်ဆံရေး၊ အစ်ကိုကြီးနှင့် ညီလေး ဆက်ဆံရေး၊ မိတ်ဆွေအချင်းချင်း ဆက်ဆံရေးတို့အပေါ်တွင် အခြေခံပြီး ဟောပြောသွန်သင်ဆုံးမချက်များ ဖြစ်နေကြောင်းတွေ့ရသည်။ 

ကွန်းရှိသဘောတရားအရ မည်သည့်ဆက်ဆံရေးတွင်မဆို သွေးသားတော်စပ်မှု၊ ရပ်ဆွေရပ်မျိုး၊ အပေါင်းအသင်း၊ ဖခင်အသွင်ဆောင်သော အုပ်ချုပ်မှုမျိုးတို့ကို အလေးပေးသည်။ ကွန်ဖြူးရှပ်သဘောတရားအားလုံးတွင် ဆွေမျိုးအပေါင်းအသင်းဖြင့် အစုအစည်း၊ လုပ်ငန်း၊ နိုင်ငံထူထောင်ရေးကို အလေးပေးသည့် သဘောတရားများတွေ့ရသည်။ 

ကွန်ဖြူးရှပ်၏ ဟောပြောချက်များတွင် ကြိုးစားခြင်း၊ အမိန့်နာခံတတ်ခြင်းတို့ကိုလည်းတွေ့ရသည်။ အထက်အောက် ကြီးသူစကား ငယ်သူက နာခံတတ်မှ ကြီးပွားအောင်မြင်နိုင်ကြောင်း အမြဲဆုံးမသည်။ ထို့ကြောင့် တရုတ်တို့ကလည်း လူကြီးသူမများ၏ အဆုံးအမများ၊ နိုင်ငံခေါင်းဆောင်များ၏ ဆုံးမလမ်းညွှန်ချက်များကို အလေးထားပြီး လိုက်နာလုပ်ဆောင်ကြသည်က များကြောင်းတွေ့ရသည်။ ကွန်ဖြူးရှပ်က “ဆုံးမလို့ ဆုံးမနေမှန်းမသိရင် ဘာမှသိဖို့အကြောင်းမရှိ”ဟု ဆိုထားသည်။ 

ကွန်ဖြူးရှပ်သည် မိတ်ဆွေအပေါင်းအသင်းအပေါ် အလွန်အလေးထားသူဖြစ်သည်။ အပေါင်းအသင်းမိတ်ဆွေများဖြင့်သာ ကြီးပွားချမ်းသာရာရောက်နိုင်သလို၊ အပေါင်းအသင်းမိတ်ဆွေများကြောင့်လည်း ပျက်စီးနိုင်သည်။ မည်သို့ဆိုစေ ဉာဏ်ဖြင့် ဆင်ခြင်နိုင်ခြင်းက ပိုပြီးအရေးကြီးသည်။ ကွန်ဖြူးရှပ်က ထို့ကြောင့်လည်း -

“မိတ်ဆွေအပေါင်းအသင်းမရှိသူသည် ကိုယ့်ကိုယ်ကိုယ် နှိုင်းဆစရာမရှိ”ဟု ဆိုခဲ့သည်။ ဆိုလိုသည်မှာ မိတ်ဆွေအပေါင်းအသင်းနည်းလျှင် ငါနှင့်ငါသာ နှိုင်းစရာဖြစ်နေပြီး ကြီးပွားတိုးတက်ခြင်းမရှိနိုင်။ သူများနှင့် နှိုင်းယှဉ်ကြည့်မှ ငါ့တွင် ဘာတွေလိုအပ်သနည်းဆိုခြင်းကို ကောင်းစွာသိနိုင်မည်။ အလားတူပင် စီးပွားရှာရာတွင်လည်း ကိုယ့်အိမ်တွင်း ရပ်ကွက်တွင်းလောက် စီးပွားရှာနေလျှင် ကျဉ်းကျဉ်းလေးသိမည်။ ကမ္ဘာကို မြင်အောင်ကြည့်ပြီး ကမ္ဘာနှင့် ပေါင်းသင်းဆက်ဆံနိုင်မှ ကြီးပွားတိုးတက်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ 

ဗုဒ္ဓကလည်း မိတ်ဆွေအပေါင်းအသင်းများကို ပေါင်းသင်းရာတွင် မည်သို့သော မိတ်ဆွေမျိုးကို ပေါင်းသင်းရမည်ဆိုခြင်းကို သိင်္ဂါလသုတ်တွင် ဟောကြားတော်မူခဲ့သည်။ ဗုဒ္ဓက မိတ်ဆွေစစ်ဆိုသည်ကို ဤသို့ပြဆိုခဲ့သည်။

“အကြင်မိတ်ဆွေသည် ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်၊ မိတ်ဆွေ၏ အကျိုးစီးပွားဖြစ်ထွန်းခြင်းကို နှစ်သက်၏။ မိမိမိတ်ဆွေအား ကဲ့ရဲ့စကားပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။ မိမိမိတ်ဆွေအပေါ် ချီးမွမ်းစကားပြောကြားသူကို ထောက်ခံချီးမွမ်းတတ်၏။ ထိုမိတ်ဆွေကို မိတ်ဆွေစစ်ဟု သိရှိအပ်၏” ဟု ဟောကြားတော်မူခဲ့သည်။ 

ကွန်ဖြူးရှပ်အမြင်နှင့် ဗုဒ္ဓ၏လမ်းညွှန်ချက်များအတိုင်း ကြင့်ကြံနေထိုင်ခြင်းဖြင့် စီးပွားရေးကို ဆောက်တည်ရာ၌ မိတ်ဆွေအပေါင်းအသင်းမည်မျှအရေးကြီးကြောင်းကို သတိထားဆင်ခြင်အပ်လှပေသည်။