News

POST TYPE

TIP

၂၀၁၈ မှာ ရုံတင်မယ့် နောက်ဆက်တွဲ ဇာတ်ကားကောင်းများ - ၁ (ဇန်နဝါရီ မှ ဇွန်)
31-Dec-2017

မာဗယ်ရဲ့ အများမျှော်လင့်နေတဲ့ Avengers: Infinity War နဲ့ Deadpool 2 တို့ ရုံတင်မှာဖြစ်သလို ၂၀၀၈ တုန်းက နာမည်ကြီးခဲ့တဲ့ ဂီတဒရာမာ Mamma Mia! ရဲ့ နောက်ဆက်တွဲကားလည်း ရုံတင်မှာဖြစ်ပါတယ်။

Insidious: The Last Key (ဇန်နဝါရီ ၅)

Blumhouse Productions ရဲ့ Insidious ဇာတ်ကားကတော့ သရဲကားကြိုက်တဲ့ ပရိသတ်တွေကို နှစ်သစ်မှာ ဦးဆုံးစောင့်နေပါတယ်။ လင်းရှေးက စိတ်နယ်လွန်ပညာရှင် ဒေါက်တာ အဲလိစ်ရိန်းနီးယားအဖြစ် ဆက်သရုပ်ဆောင်ထားပြီး သူငယ်ငယ်တုန်းက နေခဲ့တဲ့အိမ်မှာ သဘာဝလွန် အနှောင့်အယှက်တွေဖြစ်နေတာကို သွားစုံစမ်းတဲ့အကြောင်းပေါ့။ 


Paddington 2 (ဇန်နဝါရီ ၁၂)

ဒါရိုက်တာပေါလ်ကင်းရဲ့ ၂၀၁၅ အန်နီမေးရှင်းရုပ်ရှင် Paddington ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ ဝက်ဝံကလေး ပက်ဒင်တန်ဟာ ဘရောင်းမိသားစုအိမ်မှာ ပျော်ရွှင်စွာနေထိုင်ရင်း ဇာတ်သိမ်းထားတဲ့ ဇာတ်လမ်းကို ပြန်ဆွဲဆန့်လိုက်တာပါ။ သူ့အဒေါ်ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်အခိုးခံလိုက်ရပြီး ဒီခိုးမှုအတွက် ပက်ဒင်တန်ကိုပဲ ပြန်စွပ်စွဲကြတဲ့အခါ နောက်ထပ် စွန့်စားခန်းခရီးတစ်ခုကို ထွက်ရပါတော့တယ်။ ဒီကားက ဗြိတိန်မှာ နိုဝင်ဘာကတည်းက ရုံတင်တာဖြစ်ပေမယ့် အမေရိကမှာ ဇန်နဝါရီမှ တင်မှာဖြစ်ပါတယ်။

Maze Runner: The Death Cure (ဇန်နဝါရီ ၂၆)

Maze Runner သုံးကားတွဲရဲ့ ဇာတ်သိမ်းပါ။ ၂၀၁၅ မှာ ရုံတင်ခဲ့တဲ့ ဒုတိယကား The Scorch Trails ရဲ့နောက်ဆက်အဖြစ် သောမတ်စ် (ဒိုင်လန်အိုဘရိုင်ယန်)ဟာ Gladers တွေနဲ့အတူ ဝင်္ကပါလိုရှုပ်ထွေးတဲ့ The Last City မှာ အန္တရာယ်အကြီးဆုံးမစ်ရှင်ကို ဖြတ်သန်းကြရတာဖြစ်ပါတယ်။


Fifty Shades Freed (ဖေဖော်ဝါရီ ၁၄)

ဒါကလည်း Fifty Shades သုံးကားတွဲထဲက ဇာတ်သိမ်းဖြစ်ပါတယ်။ ဒါရိုက်တာဂျိမ်းစ်ဖိုလေး ရိုက်ကူးတဲ့ ဒီကားမှာ အနက်စ်တာ ရှာစတီးလ် (ဒါကိုတာဂျွန်ဆင်)နဲ့ ခရစ်ရှန်ဂရေး (ဂျေမီဒေါ်နမ်) တို့ဟာ တရားဝင်လက်ထပ်လိုက်ကြပါပြီ။ ဒီမှာတင် ဇာတ်သိမ်းရမှာဖြစ်ပေမယ့် ရှေ့ကားမှာတုန်းက ဂရေးက ဖယ်ရှားပစ်ခဲ့တဲ့ စတီးလ်ရဲ့ သူဌေးဟောင်း (အီးရစ်ဂျွန်ဆင်)က ပြန်လက်စားချေဖို့ကြိုးစားလာသလို ဂရေးရဲ့ ရည်းစားဟောင်း (ကင်မ်ဘက်ဆင်ဂျာ)ကလည်း ပြန်ပါလာတဲ့အတွက် ဇာတ်လမ်းက ရှုပ်ထွေးလာပါတယ်။ Valentin's Day တွေမှာပဲ ရုံစတင်တဲ့ ဒီဇာတ်ကားဟာ ချစ်တင်းနှောတဲ့ အခန်းတွေကို ဦးစားပေးတာကြောင့် ဒီမှာတော့ ရုံကြီးမှာ ကြည့်ခွင့်ရမယ် မထင်ပါဘူး။


Pacific Rim Uprising (မတ် ၂၃)

၂၀၁၃ တုန်းက ရုံတင်ခဲ့တဲ့ Pacific Rim ရဲ့ နောက်ဆက်တွဲမှာတော့ ဂျွန်ဘိုယေဂါက အဓိက သရုပ်ဆောင်ဖြစ်လာပါတယ်။ Star Wars ဇာတ်ကားမှာ လူသိများလာတဲ့ လူငယ်သရုပ်ဆောင် ဘိုယေဂါဟာ ဒီကားမှာတော့ ဂျိတ်ပန်တီကို့စ်အဖြစ် သရုပ်ဆောင်ထားပြီး ပထမရုပ်ရှင်ထဲက စတက်ကာပန်တီကို့စ်ရဲ့ သားဖြစ်ပါတယ်။ ကိုင်ဂျူတွေရဲ့ရန်ကိုကာကွယ်ဖို့ မျိုးဆက်သစ် ယေဂါတွေကို ထိန်းချုပ်ရတဲ့ ပိုင်းလော့အုပ်စုကို ဦးဆောင်ရမှာဖြစ်ပါတယ်။ သတ္တဝါကြီးတွေနဲ့ လူထိန်းချုပ်တဲ့ စက်ရုပ်တွေရဲ့ တိုက်ပွဲမျိုးကိုမှ ကြိုက်တဲ့ ကလေးလူကြီး ပရိသတ်များ လက်မလွှတ်တမ်းကြည့်ရမယ့်ကားပါ။

Sharlock Gnomes (မတ် ၂၃)

၂၀၁၁ တုန်းက ဂျွန်စတီဗင်ဆင်ရိုက်တဲ့ Gnomeo & Juliet ရဲ့အဆက် အန်နီမေးရှင်းကားပါ။ စုံထောက် ရှားလော့စ်နွမ်းစ် (ဂျွန်နီဒက်ဖ်က နောက်ခံအသံနဲ့ ပါဝင်ထား)ကို နိုမီယို (ဂျိမ်းစ်မက်အဗွိုင်း)နဲ့ ဂျူးလီးယက် (အမ်မီလီဘရန့်)တို့က အကူအညီတောင်းပြီး ဥယျာဉ်ထဲက နွမ်းစ် (ဒဏ္ဍာရီလာ ဥစ္စာစောင့်လူပုလေး၊ နာနာဘာဝလေးတွေလို့ အဘိဓာန်မှာ Gnome ကို ဖွင့်ပါတယ်)တွေ ထူးဆန်းစွာ ပျောက်ဆုံးမှုကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ဇာတ်လမ်းပါ။

Super Troopers 2 (ဧပြီ ၂၀)

၂၀ဝ၁ တုန်းက ရုံတင်ခဲ့တဲ့ ရဲဟာသကားကို နောက်ဆက်တွဲ ထပ်ရိုက်တာဖြစ်ပါတယ်။ အဝေးပြေးလမ်းမမှ ကင်းစခန်းသစ်တစ်ခု ဖွင့်ဖို့လုပ်ကြရင်း ကြုံရတဲ့ ကမောက်ကမတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Avengers: Infinity War (မေ ၄)

ဒီတစ်ခါလည်း လူတွေက စုံလိုက်တာမှာ Avengers တစ်ဖွဲ့လုံးအပြင် အခြား မာဗယ်ဇာတ်ကောင်တွေလည်း တစ်အုပ်တစ်မကြီး ပါလာပါတယ်။ ရန်သူတော်သစ်ကြီး Thanos (ဂျို့ရှ်ဘရိုလင်) ကို နှိမ်နင်းဖို့ပါ။ ၂၀၁၅ မှာ ရုံတင်တဲ့ Age of Ultron ရဲ့အဆက်ဖြစ်ပြီး Iron Man (ရောဘတ်ဒေါင်းနီးဂျူနီယာ)၊ Thor (ခရစ္စဟမ်းစ်ဝေါ့)၊ Captain America (ခရစ္စအီဗန်)၊ Hulk (မာ့ခ်ရက်ဖဲလို)၊ Black Widow (စကားလက်ဂျိုဟန်ဆင်)၊ Hawkeye (ဂျရမီးရန်းနား)၊ Scarlet Witch (အဲလိဇဘက်အော်လ်ဆန်)၊ Falcon (အန်ထိုနီမက်ခီ)၊ Loki (တွမ်ဟစ်ဒယ်လ်တန်) တို့ အစုံပါတဲ့အပြင် Spider-Man (တွမ်ဟော်လန်)၊Doctor Strange (ဘီနီဒစ်ကမ်ဘာဘက်ချ်)၊ Black Panther (ချက်ဒဝစ်ဘို့စ်မန်း)၊ Star-Lord (ခရစ္စပရက်) တို့ ပါပါဝင်လာပြီး Guardians of the Galaxy ထဲက တခြားအဖွဲ့သားတွေနဲ့လည်း ဒီကားထဲမှာ တွေ့ရမှာပါ။ 


Deadpool 2(ဇွန် ၁) 

မာဗယ်လ်ရဲ့ antihero ဖြစ်တဲ့ Deadpool ဟာ ၂၀၁၆ မှာ လုံးဝ ထင်မထားအောင်ကို ပေါက်သွားတဲ့အတွက် ထပ်ရိုက်တာပါ။ ရိုင်ယန်ရေးနိုးလ်ပဲ ဆက်သရုပ်ဆောင်ထားတာဖြစ်ပေမယ့် ဒါရိုက်တာကတော့ ပြောင်းသွားပါတယ်။ တင်မ်မီလာက ဆက်မရိုက်တော့လို့ ဒေးဗစ်လေ့ချ်က ဆက်ရိုက်တာဖြစ်ပေမယ့် အရင်လူတွေ တော်တော်များများ ပြန်ပါပါတယ်။ အရင်လို အနည်းငယ်ညစ်ညမ်းတဲ့ သရော်မှုတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

The Incredibles 2 (ဇွန် ၁၅)

Pixar ရဲ့ မူလပထမ The Incredibles ကို ရုံတင်ပြီး ၁၄ နှစ်အကြာမှာ ဒါရိုက်တာ ဘရက်ဘာ့ဒ်က ဆူပါဟီးရိုးမိသားစုကို ပြန်လည်အသက်သွင်းလိုက်တာပါ။ ဟိုလီးဟန်းတား၊ ခရိတ်နယ်လ်ဆင်၊ ဆာရာဗာဝယ်လ်၊ ဆမ်မြူရယ်လ်အယ်လ်ဂျက်ဆင်တို့က နောက်ခံစကားပြောပေးထားတဲ့ ဒီအန်နီမေးရှင်းရုပ်ရှင်မှာ အချိန် Elastigirl ကတော့ ရာဇဝတ်မှုတွေကို နှိမ်နင်းနေချိန်မှာ မစ္စတာအင်ခရီးဒစ်ဘဲလ်ဟာ သားလေး ဂျက်ဂျက်ကို ထိန်းနေရင်း သားဖြစ်သူရဲ့ လျှို့ဝှက်ပါဝါကို သတိပြုမိရာကနေ ဇာတ်လမ်းစပါတယ်။

Jurassic World:Fallen Kingdom (ဇွန် ၂၂)

အိုဝင် (ခရစ္စပရက်) နဲ့ ကလာရီ (ဘရိုက်စ်ဒါးလက်စ်ဟိုးဝါ့ဒ်) တို့ဟာ ဧရာမမီးတောင်ပေါက်ကွဲမှုကြီး ဖြစ်ပြီးတဲ့နောက် အစ္စလာနူဘလာကျွန်းက ကျန်ရှိနေတဲ့ ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်မှာစိုးလို့ သွားကယ်ဖို့ ထွက်ခွာလာကြပါတယ်။ ၂၀၁၅ မှာရုံတင်တဲ့ Jurassic World ဇာတ်လမ်းအပြီး လေးနှစ်အကြာမှာ ကြုံရတဲ့ ဖြစ်ရပ်တွေအဖြစ် ဇာတ်အိမ်တည်ထားပါတယ်။

Sicario 2 : Soldado (ဇွန် ၂၉ )

အက်ဖ်ဘီအိုင်အေးဂျင့် မက်ဂရေဗာ (ဂျို့ရှ်ဘရိုလင်) နဲ့ လျှို့ဝှက်စုံထောက် အလီဂျန်ဒရို (ဘီနီစီယို ဒယ်လ်တော်ရို) တို့ မူးယစ်စစ်ပွဲကို နှိမ်နင်းဖို့ ပြန်ပေါင်းမိကြတဲ့ဇာတ်ပါ။ မူးယစ်ဂိုဏ်းတွေက အမေရိကန်နယ်စပ်တွေကနေ အကြမ်းဖက်သမားတွေကို ခိုးသွင်းဖို့ ကြံစည်နေတဲ့အထိ ဆိုးသွမ်းလာကြချိန်မှာ ဒီအခြေအနေကို ကိုင်တွယ်ဖို့ ဖြစ်လာတာပါ။ ၂၀၁၅ တုန်းက Sicario ရဲ့အဆက်ဖြစ်ပါတယ်။