News

POST TYPE

TIP

Jumanji 2၊ Greatest Showman၊ Pitch Perfect 3၊ Downsizing၊ Father Figures တို့နဲ့ ကားကောင်းစုံတဲ့ ခရစ္စမတ်ရုပ်ရှင် ရက်သတ္တတစ်ပတ်
24-Dec-2017


ဒီတစ်ပတ် အမေရိကရုပ်ရှင်ဈေးကွက်က ခရစ္စမတ်အားလပ်ရက်နဲ့အတူ ကျယ်ပြန့်ပြီး ဗုဒ္ဓဟူးကနေ တနင်္လာအထိ ခြောက်ရက်ဖြစ်ပါတယ်။  ဒီတစ်ပတ်ထဲမှာ ဆိုနီရဲ့ Jumanji: Welcome to the Jungle (Jumanji 2) နဲ့ အမေရိကဂန္ထဝင် ပီတီဘာနမ်ရဲ့ အတ္ထုပ္ပတ္တိဇာတ်ကား The Greatest Showman တို့ အပြိုင်ရုံတင်ကြတာ ဖြစ်ပါတယ်။ 

ဒီနှစ်ကားမှာ ဝင်ငွေအရတော့ Jumanji 2 က သိသိသာသာ အသာရနေပြီး ဗုဒ္ဓဟူး၊ ကြာသပတေးနှစ်ရက်မှာ ၁၆ ဒသမ ၆ သန်းရထားတဲ့အတွက် ခြောက်ရက်တာအတွင်း သန်း ၅၀ ကျော် ရမယ်မှန်းထားပါတယ်။ The Greatest Showman ကတော့ နှစ်ရက်အတွင်း ၄ သန်းကျော်ပဲ ရထားတဲ့အတွက် ၆ ရက်လုံးပေါင်းမှ သန်း ၂၀ ကျော်လို့ ခန့်မှန်းပါတယ်။ 

ယူနီဗာဆယ်ရဲ့ Pitch Perfect 3 ကလည်း ကြာသပတေးညမှ နောက်ကလိုက် ရုံဝင်ပြီး ဒေါ်လာ ၂ သန်းကျော် ရထားပါတယ်။ R - Rated ( ၁၇ နှစ်အောက် အုပ်ထိန်းသူမပါဘဲ မကြည့်ရ) သတ်မှတ်ခံရတဲ့ ဟာသဇာတ်မြူး Father Figures နဲ့ ခေတ်ကို သရော်လှောင်ပြောင်တဲ့ စိတ်ကူးယဉ် ဟာသဇာတ်ကား Downsizing လည်း ရုံတင်ပါတယ်။  ခရစ္စမတ်အားလပ်ရက်ကြောင့် ရုံဝင်ပရိသတ်များပေမယ့် ကားကောင်းတွေ ပြုံတိုးရတာကြောင့် ဈေးကွက်ကို ခွဲယူရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရုံတင်တဲ့ Star Wars:The Last Jedi က တောက်လျှောက် အောင်ပွဲဆက်ခံနေပြီး အခုတစ်ပတ်တင်တဲ့ကားတွေတောင် ယှဉ်မတိုးနိုင်ပါဘူး။ ဒီတစ်ပတ် ကြာသပတေးမှာတောင် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရခဲ့ပြီး ပြည်တွင်းမှာ ၇ ရက်အတွင်း ဒေါ်လာ သန်း ၃၀ဝ၀ နီးပါး ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်နဲ့ပေါင်းရင် ဒေါ်လာ သန်း ၆၀ဝ ကျော် ဝင်ငွေရထားပါပြီ။ 

မူလ Jumanji တုန်းက Board Game ကို အခြေခံတဲ့ စွန့်စားခန်းဖြစ်ပေမယ့် အခု ခေတ်သစ် Jumanji ကတော့ ဗီဒီယိုဂိမ်းထဲကို ရောက်သွားတဲ့ ဇာတ်လမ်းမျိုးပါ။ ဂျိတ်ခ်ကက်စ်ဒန် ရိုက်တဲ့ ဒီကားမှာ ဒွိန်းဂျွန်ဆင်၊ ဂျက်ဘလက်၊ ကီဗင်ဟာ့တ်၊ ကာရင်ဂီလန်၊ နစ်ဂျိုးနပ်စ်၊ ဘော်ဘီကာနာဗဲလ်တို့က အဓိကသရုပ်ဆောင်ထားပါတယ်။ ဗီဒီယိုဂိမ်းကမ္ဘာထဲမှာ ဇာတ်ကောင်တွေအဖြစ် ရောက်ရှိသွားတဲ့ ကလေးတွေအကြောင်း ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ရောဘင်ဝီလျံ သရုပ်ဆောင်တဲ့မူလ Jumanji လိုပဲ ရယ်မောပျော်ရွှင်ဖွယ် စွန့်စားခန်း ကားကောင်းတစ်ကားလို့ ဆိုရမှာပါ။ 

CinemaScore မှာလည်း A- ရထားတဲ့အတွက် ပရိသတ်ကြိုက်ကားလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရုံတင်နေတာဆိုတော့ ငယ်ဘဝက Jumanji ကြိုက်ခဲ့သူများ လက်မလွှတ်သင့်ပါဘူး။ CinemaScore ဆိုတာ ရုံထဲကထွက်လာတဲ့ ပရိသတ်ရဲ့အမြင်ကို စစ်တမ်းကောက်ယူမှုမှာ အခြေခံတာ ဖြစ်ပါတယ်။

“မိနစ်တိုင်းမှာ ငပိန်းတွေမွေးနေတယ်” ဆိုတဲ့ စကားနဲ့ အမေရိကမှာ မကြာခဏ ကိုးကားခံရလေ့ရှိတဲ့ ပွဲစီစဉ်သူ၊ ပြတိုက်မျိုးစုံ တည်ထောင်သူ၊ ဆပ်ကပ်ထူထောင်သူ၊ နိုင်ငံရေးသမား၊ နာမည်ကျော် လိမ်လည်မှုကြီးတွေကို ဟာသအဖြစ်တင်ဆက်သူ ပီတီဘာနမ်ရဲ့နေရာမှာ ဟုဂ်ျဂျက်မန်းက သရုပ်ဆောင်ထားပါတယ်။ (အမှန်တော့ ဒီစကားကို ဘာနမ်ပြောခဲ့တာ မဟုတ်ဘူးလို့လည်း ဆိုကြပါတယ်)။ 

ဂျက်မန်းနဲ့အတူ ဇက်အက်ဖရွန်၊ မီရှဲလ်ဝီလျံ၊ ရီဘက်ကာဖာဂူဆန်၊ ဇန်ဒါယာတို့ ဦးဆောင်ပါဝင်ထားပြီး မိုက်ကယ်ဂရေစီ ရိုက်ကူးထားတဲ့ The Greatest Showman ကတော့ CinemaScore A တောင်ရပါတယ်။ The Last Jedi လည်း A ပါပဲ။ ခရစ္စမတ်ကာလဟာ အမေရိကမှာတော့ ရုပ်ရှင်ပရိသတ် အားအကောင်းဆုံး ကာလပါ။ အဓိကကတော့ ကလေးတွေ ပိတ်ရက်ရှည်ရတာကြောင့် ကလေးကြိုက်တွေနဲ့ မိသားစုလိုက် ကြည့်လို့ကောင်းမယ့်ကားတွေ အဓိကထား တင်လေ့ရှိပါတယ်။

ကြားထဲမြုပ်နေပေမယ့် ကားကောင်းတစ်ကားဖြစ်တဲ့ Pitch Perfect 3 ကတော့ ဆယ်ကျော်သက် မိန်းကလေးပရိသတ်ကို ဦးတည်ထားပြီး သူကနောက်ကျမှ တာလွှတ်ပေမယ့် လေးရက်မှာ ဒေါ်လာ သန်း ၃၀ ကျော်လောက် ရမယ်မှန်းထားပါတယ်။ 1 နဲ့ 2 က သရုပ်ဆောင်တွေ အကုန်ပြန်ပါလာသလို အသစ်နှစ်ယောက် ထပ်အားဖြည့်ထားပါတယ်။ ဒီတစ်ခါတော့ Bellas တွေ ကောလိပ်ကဘွဲ့ရပြီး နောက်ပိုင်းကာလ အကြောင်းပါ။

ညီအစ်ကိုနှစ်ယောက် အဖေအရင်းကို လိုက်ရှာတဲ့ Father Figures ဇာတ်ကားကတော့ တကယ့်ငပြောင်ကားမျိုးပါ။ အိုဝင်ဝီလ်ဆင်၊ အက်ဒ်ဟဲလ်မ်၊ ဂျေကေဆိုင်မွန်၊ ကတ်ဝီလျံ၊တယ်ရီ ဘရက်ဒ်ရှော၊ ဗင်းရိမ်းစ်တို့ သရုပ်ဆောင်ထားပါတယ်။ ၄ ရက်အတွင်း ဒေါ်လာ ၇ သန်း နဲ့ ၁၄ သန်းကြား ရမယ်မှန်းပါတယ်။ ဒါရိုက်တာ အလက်ဇန္ဒားပိန်းရဲ့ Downsizing မှာတော့ မက်ဒေမန်၊ ဟောင်ချူ၊ ခရစ္စတန်ဝစ်ဂ်တို့ သရုပ်ဆောင်ထားပြီး ခေတ်ကိုလှောင်တဲ့ ကားကောင်းတစ်ကားပါ။ မက်ဒေမန်ပရိသတ် အကြိုက်ကားကောင်းလို့ ဆိုနိုင်ပြီး ကမ္ဘာကြီးမှာ လူဦးရေများပြားလာတဲ့ ပြဿနာကို ဖြေရှင်းဖို့ လူတွေကို အရွယ်အစားချုံ့လိုက်တဲ့ စမ်းသပ်မှုမှာ ကိုယ့်သဘောနဲ့ကိုယ် ပါဝင်ကြသူတွေရဲ့အကြောင်းဖြစ်ပါတယ်။ 

ဒီကားထဲမှာ မက်ဒေမန်ဟာ ဇနီးသည်နဲ့အတူ လူသေးလေးဘဝကို ကူးပြောင်းဖို့ စာရင်းပေးလိုက်တဲ့ သာမန်လူတစ်ယောက်ဖြစ်ပြီး ဇနီးသည်က နောက်ဆုံးမိနစ်မှာမှ စိတ်ပြောင်းသွားတဲ့အတွက် တစ်ယောက်တည်း လူသေးလေးများကမ္ဘာမှာ နေထိုင်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဂါလီဗားရဲ့ ခရီးစဉ်လိုပဲ စိတ်ကူးယဉ်ဇာတ်လမ်းလိုလိုနဲ့ ခေတ်ကို သရော်တာမျိုး ဖြစ်ပါတယ်။ 

မပြီးသေးပါဘူး။ နောက်ထပ် ကားကောင်းတစ်ကား ကျန်ခဲ့တော့မလို့ပါ။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်ျရဲ့ အော်စကာမှန်းတဲ့ The Post လည်း စာရင်းဝင်ရုံလေးပဲ ရုံတင်သွားပါသေးတယ်။ ဒီနှစ်အော်စကာမီရုံ စတိလောက်ပဲ ရုံ ၉ ရုံမှာ စတင်တာဖြစ်ပြီး ပင်တဂွန်စာတမ်းများ ပေါက်ကြားမှုကို အခြေခံတဲ့ သမိုင်းနောက်ခံ ဒရာမာဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေကို ဖွင့်ချခဲ့တဲ့ ဝါရှင်တန်ပို့စ်သတင်းစာနဲ့ နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက်တွေ အကြောင်းပါ။ မာရီးလ်စထရိနဲ့တွမ်ဟင့်ခ်စ်တို့ သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာရော၊ သရုပ်ဆောင်ပါ ဂရိတ်တွေသုံးထားတဲ့ ဒီကားက လာမယ့်နှစ် ဇန်နဝါရ်ီမှ ရုံတကယ်တင်မှာဖြစ်ပြီး အခုက အော်စကာစာရင်းဝင်ရုံ စတိပဲ တင်တဲ့အတွက် အများကြည့်ခွင့်တော့ ရဦးမှာမဟုတ်ပါဘူး။                                

F-03

  • VIA