News

POST TYPE

TIP

မိသားစုတွေပျော်စေဖို့ သိပ္ပံနည်းကျ သုတေသနတွေက ဘာပြောထားသလဲ (သို့မဟုတ်) ပျော်ရွှင်သော မိသားစုဘဝများ၏ လျှို့ဝှက်ချက် ၁၇ ခု
12-Jul-2016
Bruce Feiler ဟာ ‘ပျော်ရွှင်သော မိသားစုဘဝများ၏ လျှို့ဝှက်ချက်’ The Secrets of Happy Families ဟူသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလထုတ် Readers Digest မဂ္ဂဇင်းက ယင်းလျှို့ဝှက်ချက်ဟု ဆိုသည့် အကြံပြုချက်များကို အတိုချုံးကာ ပြန်လည် တင်ပြထားပါတယ်။ အကြံပြုထားချက်များဟာ တွေ့နေကျ အင်တာနက်အကြံပေးချက် Tips တွေလို မဟုတ်ဘဲ သုတေသနတွေကို အခြေခံထားပြီး အမြင် အတွေးဆန်းလေးတွေ ဖြစ်ကာ စိတ်ဝင်စားစရာမို့ The Voice Sunday ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဆုံးဖြတ်ချက်များ ချကြတဲ့အခါ သင့်လက်တွဲဘက်ရဲ့ ဘေးမှာ ထိုင်ပါ 

တစ်ယောက်နဲ့ တစ်ယောက်မျက်နှာချင်းဆိုင် ထိုင်ခြင်း၊ ဒါမှမဟုတ် ခပ်စောင်းစောင်း အနေအထားနဲ့ ထိုင်တာတို့ထက်စာရင် တစ်ယောက်ကိုတစ်ယောက် ဘေးချင်းယှဉ်ပြီးထိုင်တာ ပိုပြီး လက်ရည် တစ်ပြင်တည်း ပူးပေါင်း ဆောင်ရွက်စေတယ်လို့ သိပ္ပံနည်းကျ သုတေသနတွေက တွေ့ရှိထားပါသတဲ့။

မီးမှိန်ဖျဖျထွန်းပါ 

သိပ်တောက်ပလွန်းမနေတဲ့ မှိန်ဖျဖျ အလင်းရောင်ဟာ လူတွေကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေ၊ လုံခြုံစေပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ ပိုပြီး သက်တောင့်သက်သာ စကားပြောဖြစ်တယ်လေ။

အမျိုးအဆွေတွေအကြောင်း ကလေးတွေကို ပြောပြပါ 

ဆွေမျိုးသားချင်းတွေရဲ့ အောင်မြင်မှုတွေ အကြောင်း၊ ရှုံးနိမ့်မှုတွေ အကြောင်းကို များများသိတဲ့ ကလေးတွေဟာ လောကဓံတွေကို ပိုပြီးခံနိုင်ရည်ရှိပြီးတော့ ဖိအား Stress တွေရဲ့ ဒဏ်ကိုလည်း ပိုခံနိုင်ရည် ရှိပါသတဲ့လို့ သုတေသနတွေက သက်သေပြထားပါတယ်။

ပိတ်ထူနဲ့ချုပ်ထားတဲ့ ထိုင်ဖုံအခင်းပေါ် တက်ထိုင်ပါ 

မန်ဆာချူးဆက်တက္ကသိုလ်၊ ဟားဗတ်နဲ့ ယေးလ်တို့က လုပ်ဆောင်တဲ့ လေ့လာချက်အရ ထိုင်ဖုံးပိတ်စအခင်းပေါ် တက်ထိုင်တဲ့အခါ လူတွေဟာ ပိုပြီး ပျော့ပျော့ပျောင်းပျောင်း ရှိလာပါသတဲ့။ ဧည့်ခန်းက ဆိုဖာပေါ်မှာ ဇနီးသည်နဲ့ စကားပြောရဆိုရ အဆင် မပြေတော့တဲ့အခါ ထိုင်ဖုံပိတ်ကလေးတွေ ခင်းထားတဲ့ ခုံတွေရှိတဲ့ ထမင်းစားပွဲလို နေရာမျိုးမှာ မိသားစု ဝိုင်းဖွဲ့ပြောဆိုကြပေါ့။

ဘိုးဘိုးဘွားဘွားတို့ကို မကြာခဏ အိမ်အလည်ခေါ်ပါ 

‘အသိပညာ လျှို့ဝှက်ဘဏ္ဍာသိုက်ပါပဲ’ လို့ ဆင့်ကဲဖြစ်စဉ် မနုဿဗေဒ ပညာရှင် ဆာရာဘလဖာဟာဒီ က ပြောကြားပါတယ်။ ဘွားအေရဲ့ ကူညီမှုကိုရတဲ့ ကလေးအမေတွေဟာ စိတ်ဖိစီးမှု လျော့နည်းကြပြီး ဘွားအေနဲ့ မနေခဲ့ရတဲ့ ကလေးတွေထက် နေခဲ့ရတဲ့ ကလေးတွေက ပိုပြီးညှိလို့နှိုင်းလို့ ကောင်းတယ်လို့ လေ့လာမှု ၆၆ ခုကို အပြန်အလှန် သုံးသပ်ထားချက် တစ်ခုက သက်သေပြထားပါတယ်။

အဆိုး၊ အကောင်းဝေမျှတဲ့ ကစားနည်းကို ကစားပါ 

ထမင်းစားပြီးချိန်ပဲ ဖြစ်ဖြစ် မိသားစုစုံကြတဲ့ အခါ တစ်နေ့တာအတွင်း ကိုယ်ကြုံခဲ့ရတာ တွေထဲက ကောင်းတာတစ်ခုနဲ့ မကောင်းတာတစ်ခုကို တစ်ယောက်တစ်လှည့် ပြောပြကြပါ။ အဖေနဲ့အမေ အပါအဝင် အခြားသူများကို ကြည့်ရှုလေ့လာခြင်းဟာ တကယ့်ဘဝမှာ ကြုံရတဲ့ အနိမ့်အမြင့် အတက်အကျ တွေကို လမ်းညွှန်ပေးပြီး ကလေးတွေရဲ့ စိတ်ထဲမှာ ကိုယ့်နားရှိနေသူတွေအပေါ် ကိုယ်ချင်းစာမှုနဲ့ တစ်သားတည်းရှိမှုတို့ ဖွံ့ဖြိုးလာစေပါတယ်။

ပဋိပက္ခကို ပြန်အသုံးပြုပြီး မိသားစုနှင့် တသားတည်း ရှိမှုကို ပြပါ 

‘ကိုယ်လိုချင်တာ တစ်ခုခုကို အခြေခံပြီး မိသားစု စကားများရတဲ့ အခြေအနေမှာ လုပ်နိုင်တာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဒီကိစ္စကို လက်လျှော့လိုက်မလား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့နေပြီး ရန်ဆက်ဖြစ်မလား ဆိုတာပါပဲ’ လို့ အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ဂျေဆန်မက္ကာသီက ပြောကြားခဲ့ပါတယ်။ ပဋိပက္ခကို ပြန်အသုံးပြုပြီး မိသားစုနဲ့အတူ တသားတည်းရှိမှုကို ပြပါ။

အိမ်အလုပ်လုပ်စရာရှိတဲ့ စာရင်းကို ကပ်ထားပါ 

‘လုပ်စရာရှိသည်များ’ ‘လုပ်နေဆဲအရာများ’ ‘ပြီးသွားတဲ့အလုပ်တွေ’ အစရှိပြီးတော့ အိမ်အလုပ်တွေကို စာရင်းလေးခွဲကပ်ထားပါ။ မိသားစုဝင် တစ်ယောက်ယောက်က လုပ်နေပြီဆိုတာနဲ့ လုပ်နေတဲ့အလုပ် ခေါင်းစဉ်ကို နောက်တစ်ကွက်ထဲကို ရွှေ့လိုက်ပါ။ ပြီးသွားပြီဆိုရင်လည်း ပြီးတဲ့အထဲကို ရွှေ့ပေါ့လေ။ ‘အိမ်အလုပ်တွေ နှစ်ဆပြီးစေရမယ်လို့ အာမခံပါတယ်’ ဆိုပြီး Agile Manifesto စာအုပ်ကို တွဲဖက်ရေးသားတဲ့ ဂျက်ဖ်ဆူသာလန်းက ပြောပါတယ်။

တင်းကျပ်မှုများ ဖြေလျော့ပါ 

မနက်ခင်း မိသားစုလိုက် အပြင်ထွက်တာမျိုးတို့ တခြားနည်းစနစ်တွေ သုံးပြီး အားလုံး ပျော်ပျော်ပါးပါးဖြစ်အောင် လုပ်ဆောင်တာမျိုးနဲ့ မိသားစုအတွင်း တင်းကျပ်မှုတွေ သက်သာအောင် လုပ်နိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အားကစားလုပ်ကြစို့ 

ကလေးငယ်တွေ အားကစားနဲ့ ထိတွေ့စေဖို့ဟာ မိဘတွေမှာ အင်မတန် တာဝန်ရှိပါတယ်လို့ Positive Coaching Alliance လို့ခေါ်တဲ့ တွေ့ဆုံ ဆွေးနွေးဖလှယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ ဂျင်သွန်ဆင်က ပြောကြားပါတယ်။ အားကစားပွဲ ပြီးသွားတဲ့အခါ ကိုယ့်ကလေးရဲ့ အမှားတွေကို အပြစ်မတင်ဘဲနဲ့ “သားရေ မင်းကန်လိုက်တာ ဂိုးတော့ မဂိုးဘူးကွ။ ဒါပေမဲ့ မင်းဟာ လွယ်လွယ်နဲ့ အလျှော့ပေးမယ့်ကောင် မဟုတ်ဘူးလို့ မြင်တယ်ဟေ့” ဆိုတဲ့ စကားလိုမျိုး သုံးသင့်တယ်လို့ သွန်ဆင်က ဆိုပါတယ်။

အားလုံးပုံမှန်ဆုံကြပါ 

‘တစ်ခုခုဖြစ်တာမျိုးကို အားလုံးပါဝင် သိရှိစေဖို့အတွက် မိသားစု တွေ့ဆုံကြတာတွေ ပုံမှန်လေး လုပ်ပေးဖို့လိုပါတယ်’ လို့ မိသားစုရေးရာ အစီရင်ခံစာတွေ ရေးသားတဲ့ ဒေးဗစ်စတားက ပြောကြားပါတယ်။ သင့်တို့မှာ ပြဿနာတွေအကြောင်းကို ဆွေးနွေးဖို့ လုံခြုံတဲ့ အဝန်းအဝိုင်းလေး မရှိဘူးဆိုရင် မိသားစုဘဝလည်း ဘယ်မှာလာ တိုးတက်ပါတော့မလဲ။

စကားများ ရန်ဖြစ်တဲ့အခါ 

ကိုယ့်လက်တွဲဘက်ထက် အမြင့်မှာ ထိုင်နေတာတို့၊ လက်ကိုခေါင်းနောက်ပစ်ပြီး ခြေထောက်ကို အမြင့်တစ်နေရာရာ ပေါ်ကို လှမ်းတင်ပြီး နေတာတို့က ကိုယ့်မှာ ဩဇာအာဏာ ပိုကြီးတယ်ဆိုတာ ပြတဲ့ပုံဖြစ်ပြီး စိတ်ကြီးဝင်လာစေကာ အောက်မှာထိုင်တာလိုမျိုး အင်အားနည်းတဲ့ ပုံစံဖြစ်ပြီး မကျေမချမ်းနိုင်မှုကို ဖြစ်စေပါသတဲ့။

စိတ်ပျက်လက်ပျက်မျက်လုံးနဲ့ ကြည့်တာမျိုးလျှော့ပါ 

အင်ဒီယာနတက္ကသိုလ်က ပညာရှင်တွေဟာ နှစ်ပေါင်းများစွာ မျက်နှာအမူအရာတွေကို လေ့လာခဲ့ ကြပါတယ်။ စိတ်ပျက်တယ်ဆိုတဲ့ ဟန်မျိုးနဲ့ ကြည့်တတ်ကြတဲ့ စုံတွဲတွေဟာ အိမ်ထောင်ရေးတင်းမာမှု ပိုများတတ်ကြ ပါသတဲ့လေ။

ပရိဘောဂတွေကို စက်ဝိုင်းပုံထားပါ 

တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းယှဉ်ထိုင်တာမျိုးထက် မျက်နှာချင်းဆိုင် ထိုင်တာဟာ ပိုပြီး ဆက်နွယ်မှုလျော့စေတာ သိကြပြီးပါပြီ။ မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ဖြစ်စေဖို့ရာ ဝိုင်းပြီး ထိုင်တဲ့ပုံကို သုံးသင့်ပါတယ်လို့ စိတ်ပညာရှင်တွေက အကြံပေးထားပါတယ်။

မင်းနဲ့ငါ အပြောလျှော့ပါမယ် 

‘နာမ်စားများ၏ လျှို့ဝှက်ချက်’ ဆိုတဲ့ စာအုပ်ကို ရေးသားသူ တက္ကဆက်တက္ကသိုလ်က ဂျိမ်းစ်ပန်နီ ဘေကာက ‘မင်းကြောင့် ဒီကိစ္စတွေ ဖြစ်ရတာ’ ဆိုတာမျိုးထက် ‘ငါတို့ ဘယ်လိုကောင်းအောင် လုပ်ကြမလဲ’ ဆိုတဲ့ အမြင်မျိုးနဲ့ ပြောကြမယ်ဆိုရင် ရန်ပွဲတွေ အချိန်တိုတိုနဲ့ ပြီးတတ်ပါတယ်လို့ အကြံပြုထားပါတယ်။

ညနေခြောက်နာရီနဲ့ ရှစ်နာရီကြား စကားမများစေနဲ့ 

အဲဒီအချိန်ဟာ အလုပ်ပြီးလို့ ခြေကုန်လက်ပန်းကျ အိမ်ပြန်လာတဲ့အချိန်၊ ကလေးတွေလည်း ပင်ပန်းလာ တဲ့အချိန်၊ မိသားစုအားလုံးလည်း ဆုံချိန်ဆိုတော့ ဆွေးနွေးရခက်ခဲတဲ့ အကြောင်းအရာတွေ အဲဒီအချိန်မှာ မပြောစေချင်ဘူးလို့ ချီကာဂိုတက္ကသိုလ်က စိတ်ပညာရှင်တွေက သတိပေးထားပါတယ်။

ငြင်းခုန်တာကို သုံးမိနစ်အထိပဲ ကန့်သတ်ရမယ် 

အငြင်းအခုံတစ်ခု ဖြစ်ပြီဆိုရင် တကယ်ငြင်းရတဲ့ အကြောင်းအရာက ပထမပိုင်း သုံးမိနစ်လောက် အတွင်းမှာ ပါပြီးသွားပါပြီ။ နောက်ပိုင်း ဆက်ပြော ကြတာတွေက ပြောပြီးသားတွေကို ထပ်တလဲလဲပြောကြတာပါ ဆိုပြီးတော့ ဝါရှင်တန်တက္ကသိုလ်က ဂျွန်ဂေါ့မန်းက ဆိုထားပါတယ်။

သန့်ဇင်စိုး