News

POST TYPE

REGIONAL

စဉ့်ကူးမြို့နယ်မှ ကျေးရွာဒေသခံ လေးဦးက အခြေခံလူတန်းစားထောက်ပံ့ကြေးမရသဖြင့် သမ္မတထံတိုင်ကြား
30-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၃၀

စဉ့်ကူးမြို့နယ် ခူလယ်ကျေးရွာအုပ်စုမှ ကျေးရွာသားလေးဦးက အခြေခံလူတန်းစားများအတွက် ထောက်ပံ့သည့် ငွေကြေး တစ်ကြိမ်မျှမရသဖြင့် သမ္မတထံတိုင်ကြားထားသည်ဟု စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ခူလယ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို ကျေးရွာဒေသခံလေးဦးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို နိုင်ငံတော်အစိုးရက ဆန်၊ ဆီနှင့် အခြေခံစားကုန်များအပြင် ငွေကြေး ကျပ်နှစ်သောင်းစီ သုံးကြိမ်ထောက်ပံ့ရာတွင်လည်း တစ်ကြိမ်တစ်ခါမျှမရသဖြင့် ခူလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေလင်းနှင့် ကြက်ဖြူတောင်ကုန်းကျေးရွာ ရာအိမ်မှူး ဦးစိုးမြင့်တို့အား ဦးအောင်သန်းအပါအဝင် ကျေးရွာသားလေးဦးသည် အောက်တိုဘာလက နိုင်ငံတော်သမ္မတထံတိုင်ကြားထားသဖြင့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေသည်ဟု စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

"အဖွဲ့ဖွဲ့ စစ်ဆေးရာမှာ တွေ့ရှိချက် သုံးသပ်ချက်တွေကို ပြင်ဦးလွင်ခရိုင်ကို တင်ပြထားပါတယ်၊ မန္တလေးတိုင်းအစိုးရကိုဆက်တင်ပြပြီး ဆုံးဖြတ်တဲ့အတိုင်း အရေးယူဆောင်ရွက်မှာပါ" ဟု ၎င်းက ရှင်းပြသည်။

ခူလယ်ကျေးရွာအုပ်စုတွင် ခူလယ်၊ ကြက်ဖြူတောင်ကုန်း၊ ရွာသစ်ကြီး၊ ရေမျက်၊ သာယာကုန်း စသည့်ကျေးရွာခွဲ ငါးရွာ ရှိရာ ကျေးရွာခွဲတာဝန်ခံများက စာရင်းကောက်ရာတွင် အမှန်တကယ် ပုံမှန်ဝင်ငွေမရှိသည့် မိသားစုများ ကျန်ခဲ့နိုင်ကြောင်း၊ မိမိအနေဖြင့် အဂတိလိုက်စားခြင်းမရှိကြောင်း၊ တိုင်ကြားသူများအနက်မှတစ်ဦးကို စတုတ္ထအကြိမ်မြောက် ထောက်ပံ့ကြေးပေးခဲ့သော်လည်း မယူကြောင်း၊ ကျန်သုံးဦးကိုမူ ပဉ္စမအကြိမ်တွင် ထောက်ပံ့ကြေးပေးရန် စာရင်းထည့်ထားကြောင်း၊ ခူလယ်အုပ်စုအုပ်ချုပ်ရေးမှူး ဦးဆွေလင်းက တိုင်ကြားခံထားရသည့် အပေါ်ရှင်းပြပြောဆိုသည်။ 

R-08