News

POST TYPE

REGIONAL

မုံရွာတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမှု မီဒီယာများ သတင်းရယူခွင့်မရ
27-Jan-2021


မုံရွာ၊ ဇန်နဝါရီ ၂၇

မုံရွာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီ ၂၇ ရက်မှာ ကာကွယ်ဆေး စတင်ထိုးပေးတဲ့နေရာကို သတင်းထောက်တွေ သတင်းရယူခွင့်မရဘူးလို့ ဒေသခံသတင်းထောက်တွေကနေ သိရပါတယ်။

သတင်းထောက်တွေဟာ တိုင်းကျန်းမာရေးဌာနမှာ ကိုဗစ်ကာကွယ်ဆေးထိုးနေတာနဲ့ ပတ်သက်လို့ သတင်းသွားယူတာကို စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က "မီဒီယာသမားတွေ ဖိတ်ကြားမထားဘူး၊ သတင်းဖော်ပြရင်လည်း ကန့်ကွက်သွားမယ်" လို့ အဲဒီနေရာကို သတင်းသွားယူတဲ့ သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက မုံရွာပြည်သူ့ဆေးရုံကြီးနဲ့ တိုင်းကျန်းမာရေးဌာနမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတာဖြစ်ပြီး အဲ့ဒီနေရာနှစ်ခုစလုံးမှာ သတင်းရယူခွင့် တားမြစ်ခံရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကတော့ "သတင်းယူခွင့်နဲ့ပတ်သက်လို့ သီးခြားညွှန်ကြားထားတာတော့ မရှိဘူး" လို့ ပြောပါတယ်။

မုံရွာအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ မုံရွာဂေဇက်၊ မျက်မှောက်ခေတ် စတဲ့ သတင်းဌာနက သတင်းထောက်တွေလည်း သတင်းရယူခွင့် သတင်းရုပ်သံရိုက်ကူးခွင့်နဲ့ ဓာတ်ပုံမှတ်တမ်း ရယူခွင့်တွေ မရဘူးလို့ သိရပါတယ်။

မြန်မာ့အလင်း၊ ကြေးမုံသတင်းစာက သတင်းထောက် ကိုမျိုးဝင်းထွန်းက "ဆေးရုံကြီးကို သတင်းသွားယူတော့လည်း ပြည်ထောင်စုက ညွှန်ကြားထားလို့ သတင်းယူခွင့် မရခဲ့ဘူး၊ ဒါနဲ့ တိုင်းကျန်းမာကို သွားတော့လည်း အပေါက်ကြီးပိတ်ထားပြီး သတင်းယူခွင့်မရဘူး"လို့ ပြောပါတယ်။

အဲဒီကာကွယ်ဆေးတွေဟာ ဇန်နဝါရီ ၂၆ ရက်မနက်ပိုင်းက မြန်မာ့အမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ မုံရွာမြို့ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးပုလင်း ၈၃၅ ပုလင်းပါ သေတ္တာတစ်လုံးကို ရန်ကုန်မြို့ကနေ ပေးပို့လိုက်တာဖြစ်တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးနှံတာကို သတင်းရယူခွင့် တားမြစ်ခံရတာနဲ့ပတ်သက်လို့ စစ်ကိုင်းဒေသကြီး သတင်းသမားများကွန်ရက် (SRJN) အဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။


ကိုတိုးကြီး (VOM)