News

POST TYPE

REGIONAL

ပုသိမ်ရှိ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် စထိုး
27-Jan-2021


ပုသိမ် ၊ ဇန်နဝါရီ ၂၇

ပုသိမ်ပြည်သူ့ဆေးရုံကြီး အထူးကုသရေးဆောင်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ကျန်းမာရေးဝန်ထမ်း ၉၀ဝ၀ ကျော်အနက် ၄၀ဝ ဦး စတင်ထိုးပေးခြင်းဖြစ်ပြီး ကျန်မြို့နယ်များရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်းအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များကို COVID-19 ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းဖြစ်သည်။

"အမျိုးသားဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အတိုင်း တိုင်းအတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပထမအကြိမ် အရင်ထိုးနှံပေးပါတယ်။ ဆက်လက်ပြီးတော့ တိုင်းအစိုးရအဖွဲ့နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို အစီအစဉ်လိုက် ထိုးသွားမှာဖြစ်ပါတယ်" ဟု ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။ 

ဘေးကင်းလုံခြုံရေးအတွက်ဖြစ်ပြီး ၁၀ဝ ရာနှုန်းပြည့် ပြည့်စုံသည့် ကာကွယ်ဆေးမရှိကြောင်း၊ ယခုကာကွယ်ဆေးမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ကြောင်း၊ ကာကွယ်ဆေးထိုးထားသော်လည်း Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း စသည့် COVID ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

"ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆေးမှာ အားလုံး Perfect ဖြစ်တယ်ဆိုတဲ့ဆေး မရှိပါဘူး။ ထိုးပြီးရင် ၂၀ ရာနှုန်းလောက်မှာ မအီမသာဖြစ်မယ်၊ ခေါင်းကိုက်မယ်၊ ဖျားမယ်၊ အန်မယ်။ ဒါလေးတွေက ကိုဗစ်ဗိုင်းရပ်စ်ရဲ့ အတုဆိုတော့ ဗိုင်းရပ်စ်ကို အားဖျော့ထားတာဖြစ်တဲ့အတွက် COVID ပိုး ရှိတဲ့သူ ထိုးလို့မရဘူး။ ဖျားနေတဲ့လူလည်း ထိုးလို့မရဘူး၊ အနည်းဆုံး ၁၄ ရက်ခြားမှ နေကောင်းပြီးမှ ထိုးရမှာဖြစ်ပါတယ်"ဟု ဒေါက်တာသန်းထွန်းအောင်က ရှင်းပြသည်။ 

အသက် ၁၈ နှစ်အထက်ရှိသူများ ဆေးထိုးရမည်ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ သွေးမတိတ်ရောဂါရှိသူများ မထိုးရကြောင်း၊ ဆေးနှင့်ဓာတ်မတည့်သူများ မထိုးသင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ 

"လောလောဆယ်ဆယ် လက်လုပ်လက်စားနဲ့ အချို့ဌာနဆိုင်ရာဝန်ထမ်းတွေ မပါသေးဘူး။ ဒါပေမဲ့နောက်ပိုင်း ဒီဆေးရှိနေပြီဆိုတော့ ကျွန်တော်တို့ကိုလည်း ကာကွယ်ထိုးပေးမယ်သိရတယ်။ ယုံကြည်လို့ တင်မြှောက်ထားတာ ပြည်သူကို အစီအစဉ်တကျ လုပ်ပေးမှာပါ" ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ဥမ္မာကိုက The Voice Daily သို့ ပြောကြားသည်။

ဧရာဝတီတိုင်းတွင် ပထမဆုံးဆေးထိုးခဲ့သူ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကလည်း "လောလောဆယ် ဆေးထိုးပြီးနောက် အခုအင်တာဗျူးကိုဖြေနေတာပဲ၊ ကာကွယ်ဆေးထိုးပြီး နှစ်နာရီကြာနေပြီ၊ ဘာမှမဖြစ်ဘူးဆိုတာ အားလုံးအမြင်ပဲ။ Fcaebook မှာ အမျိုးမျိုးရေးနေတာ တွေ့နေရတယ်။ လူဦးရေသန်းချီပြီး ထိုးရတဲ့အတွက် မတော်တဆတိုက်ဆိုင်မှုရှိနိုင်ပေမယ့် ကာကွယ်ဆေးကြောင့်ပါလို့ ပြောလို့မရနိုင်ဘူး" ဟု ပြောကြားသည်။ 

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ ချစ်ကြည်ရင်းနှီးမှုဖြင့် ပေးအပ်သော COVISHIELD/ Astrazenea အရေအတွက် ၁ ဒသမ ၅ သန်းအနက် ဧရာဝတီတိုင်းအတွက် ဆေးအလုံးရေ ၁၀၁၂ လုံး ရရှိခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ ၅ ရက်အတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ လာမည့်ဖေဖော်ဝါရီ ၂၇ ရက်နေ့ခန့်တွင် ဒုတိယအကြိမ်ထပ်မံထိုးနှံရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ 

R-04