News

POST TYPE

REGIONAL

ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်း ဆန်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရ
23-Jan-2021


စစ်တွေ၊ ဇန်နဝါရီ ၂၃ 

စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းမှာ အစိုးရက ထောက်ပံ့ပေးတဲ့ ရိက္ခာဆန်မရောက်ရှိတာဟာ တစ်လလောက် ကြာနေပြီဖြစ်တာကြောင့် ဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ စစ်ဘေးရှောင်တွေ ပြောပြချက်အရ သိရပါတယ်။ 

လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိကဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။ 

စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းက ဒေါ်စန်းဝင်းရွှေကတော့ "စားရသောက်ရတာတွေကလည်း အခက်အခဲအကျပ်အတည်းခံပြီး စားနေရတယ်။ ဆန်ကလည်း အရင်ကဆိုရင် အစိုးရဆီက ရတယ်၊ အခုမရောက်တော့ဘူး။ ဒီလအတွက် လုံးဝမရောက်သေးဘူး။  ရိက္ခာတွေမရောက်တော့ အပြင်မှာ အငှားလိုက်လို့ကျရင် ရတယ်။ မကျတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မျှဝေစားသောက်ကြရတယ်"လို့ ပြောပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နဲ့ အနီးအနားမှာ တည်ရှိတဲ့ အဲဒီစစ်ဘေးရှောင်စခန်းဟာ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို အစိုးရက ဖြေရှင်းမပေးနိုင်သေးတာ ဖြစ်ပါတယ်။ 

စစ်ဘေးရှောင် ဦးမောင်မောင်သန်းကလည်း "ကျွန်တော်တို့ကတော့ ရွာကိုသွားချင်နေပြီ။ ဒါပေမဲ့ ရွာကိုရောက်သွားလို့ လုပ်စားစရာမရှိရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ကတော့ အစစအရာရာ ဒေသအခြေအနေတွေ ကြည့်နေကြတယ်။ ဒီမှာက စားဝတ်နေရေး လုံးဝအဆင်မပြေဘူး။ ဟင်းသွားဝယ်ဖို့၊ အလုပ်သွားလုပ်ဖို့ ပုဏ္ဏားကျွန်းမြို့ကိုသွားရင်လည်း ငွေ(၁၀ဝဝ)ကုန်မယ်။ ဒါကြောင့် ဟင်းတွေဘာတွေဆိုရင်လည်း ဒီစစ်ရှောင်စခန်းမှာပဲ အကြွေးဝယ်ယူစားနေရတယ်"လို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ဆက်စပ်ပြီး ရခိုင်ပြည်နယ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးတို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။ 

အဲဒီစစ်ဘေးရှောင်စခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ရွာ၊ သာစည်ကျေးရွာ၊ ပိန္နဲတောရွာနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးလက်ဝရွာက နေရပ်စွန့် ခွာသူတွေ လာရောက်ခိုလုံနေကြတာ ကိုးလလောက်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၂၁ စုနဲ့ စစ်ဘေးရှောင်ဦးရေ ၈၉၁ ဦး ရှိတာမှာ အမျိုးသား ၄၁၈ ဦး၊ အမျိုးသမီး ၄၇၃ ဦး ရှိနေတာကြောင့် အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ စခန်းတာဝန်ခံပြောပြချက်အရ သိရပါတယ်။ 

ထက်အောင်စိုင်း (VOM)