News

POST TYPE

REGIONAL

ဧရာဝတီတိုင်းတွင် ၁ နှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ ၃၇ ဦးရှိ
21-Jan-2021


ပုသိမ်၊ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်း၌ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာကာလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၃၇ ဦးအထိရှိခဲ့ကြောင်း တိုင်းသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ 

မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးခဲ့ရသူ ၃၇ ဦးတွင် ဖျာပုံခရိုင်မှ ကိုးဦး၊ ပုသိမ်ခရိုင်မှ ရှစ်ဦး၊ လပွတ္တာခရိုင်မှ ခြောက်ဦး၊ ဟင်္သာတခရိုင်နှင့် မြောင်းမြခရိုင်မှ ငါးဦးစီ နှင့် မအူပင်ခရိုင်မှ လေးဦးဖြစ်ကြောင်း ဧရာဝတီတိုင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန မှတ်တမ်းများအရလည်း သိရသည်။ 

"လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အများစုဖြစ်ကြတယ်။ ကွင်းပြင်တွေဖြစ်တဲ့အခါကျတော့ မိုးကြိုးပစ်ခံရဖို့ များတာပေါ့။ လူတွေမှာပါလာတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကြောင့်လည်း မိုးကြိုးပစ်ခံရတဲ့သဘောရှိတယ်" ဟု ဧရာဝတီတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနညွှန်ကြားရေးမှူး စဝီလီဖရန့်ချ် က ပြောကြားသည်။

မိုးကြိုးပစ်ခံရ၍ သေဆုံးသူ တစ်ဦးလျှင် သုံးသိန်းကျပ်၊ ဒဏ်ရာရသူတစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းစီဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးကြောင်း ၎င်းကရှင်းပြသည်။

အပူချိန်မြင့်တက်လာပြီး မိုးတိမ်တောင်များဖြစ်ပေါ်မှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မိုးထစ်ချုန်း၍ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းဖြစ်ပွားနိုင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အသိပညာပေးထားသည့်အတိုင်း နေထိုင်ရန်လိုအပ်ကြောင်း ဧရာဝတီတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးလွင်က အကြံပြုသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများအထိ သဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ မိုးကြိုးအန္တရာယ်အသိပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး စဝီလီဖရန့်ချ်က ထပ်မံပြောဆိုသည်။

ဧရာဝတီတိုင်းတွင် ၂၀၁၉ ခုနှစ် အတွင်းက မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရသူ နှစ်ဦးသာရှိခဲ့ကြောင်း တိုင်းသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

R-04