News

POST TYPE

REGIONAL

စစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ရန် စက်ယန္တရားများလိုအပ်
20-Jan-2021


ဘားအံ၊ ဇန်နဝါရီ ၁၉

စစ်ဘေးရှောင်စခန်းတွေ ပြန်လည်နေရာချထားရေးလုပ်ငန်းထဲက နေအိမ်တွေပြန်တည်ဆောက်လုပ်ဖို့ မြေနေရာပြုပြင်ရာမှာ စက်ယန္တရားလိုအပ်ချက်တွေရှိနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ယာယီဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းကို ပြန်လည်ပိတ်သိမ်းသွားမှာဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးနဲ့ နေအိမ်တွေပြန်လည်တည်ဆောက်ရေး အဆင်ပြေစေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

"လောလောဆယ်တော့ စက်ယန္တရားတွေနဲ့ မြေရိုင်းရှင်းလင်းရေးပဲရှိပါသေးတယ်။ ဒီနှစ်ထဲမှာ ပြီးနိုင်ဖို့က စက်ယန္တရားတွေရဲ့ အင်အားလိုတာပေါ့။ စက်ယန္တရားကိုင်တွယ်တဲ့လူတွေ Social Distancing ကလည်းရှိတယ်။ ကျန်းမာရေးညွန်ကြားချက်နဲ့အညီ လုပ်ရတယ်ဆိုတော့ လုပ်ငန်းပြီးစီးဖို့ မှန်းလို့မရသေးဘူး" လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ် ကပြောပါတယ်။

မြေနေရာဖော်ထုတ်ရာမှာ မြိုင်ကြီးငူဆရာတော်ရဲ့ စက်ယန္တရားတစ်စီးတည်းနဲ့ လုပ်ဆောင်နေရတဲ့အတွက် စက်ယန္တရားပျက်ပြီး အလုပ်မဖြစ် ဖြစ်နေတယ်လို့သိရပါတယ်။

"လောလောဆယ် အစိုးရဆီကပဲ ထောက်ပံ့ပေးသေးတယ်။ လတ်တလောအခက်အခဲက ကားပျက်တဲ့အချိန်မှာ ဘာမှလဲ လုပ်မရတော့ဘူး။ ကားကတော့ပျက်နေပြီး လူကြီးကတော့ ဘယ်လိုစီမံပေးမလဲမသိဘူး"လို့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း (တာဝန်ခံ) ဦးထွန်းက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိနေထိုင်တဲ့ နေအိမ်တွေဟာ ပျက်စီးယိုယွင်းနေပြီဖြစ်သလို မိုးတွင်းကာလမှာ လုံခြုံမှုမရှိတော့တဲ့အတွက် မြေကွက်ဖော်ထုတ်ပြီး အမြန်ဆုံးနည်းနဲ့ အိမ်တွေဆောက်လုပ်ပေးဖို့ တောင်းဆိုနေတယ်လို့ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှ ဒေါ်မူမူ ကပြောပါတယ်။

"စစ်ရှောင်ပြည်သူတွေအတွက် အိမ်မြန်မြန်လေးပြီးစေချင်တယ်။ သူတို့က စခန်းပိတ်သိမ်းရေးလုပ်မယ်ဆို အမြန်ဆုံးပြန်ပြောင်းချင်တယ်။ ဘာဖြစ်လို့လဲဆို ဒီမိုးတွင်းကျမှ ပြန်ပြောင်းလာမယ်ဆို သူတို့လက်ရှိနေတဲ့နေရာမှာ အခက်အခဲရှိတယ်" လို့ ဒေါ်မူမူက ပြောပါတယ်။

ပြန်လည်နေရာချထားရာမှာ မြေရိုင်း ၁၁ ဧကပေါ်မှာ ပေ ၄၀၊ ပေ ၆၀ မြေကွက်ပေါင်း ၁၀ဝ ကျော်ကို ဖော်ထုတ်ကာ အိမ်ထောင်စု ၁၀ဝ ကျော်အတွက် နေအိမ်တွေဆောက်လုပ်ပေးသွားမှာဖြစ်ပြီး ရရှိမယ့် ဘတ်ဂျက်ပေါ်မူတည်တာကြောင့် အိမ်တန်ဖိုးကို တိတိကျကျ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

၂၀၁၆ ခုနှစ်က ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ တပ်မတော်အကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၈ ရွာ က အိမ်ထောင်စုဝင်ပေါင်း ၇၀ဝ ကျော်၊ လူဦးရေ ၅၀ဝ၀ ကျော်အတွက် ယာယီ အိမ် ၅၀ဝ ခန့် ဆောက်လုပ်ပြီး စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။                

ခွန်ခမ့်သူ (VOM)