News

POST TYPE

REGIONAL

မြောက်ဦးမြို့ရှိ ဈေးသည်များ ဈေးရောင်းချရန် နေရာအခက်အခဲနှင့် ရင်ဆိုင်နေရ
20-Jan-2021


မြောက်ဦး၊ ဇန်နဝါရီ ၁၉ 

မြောက်ဦးမြို့မဈေးကြီးက ဈေးသည်အများစုဟာ ကိုဗစ်ကြောင့် နေရာပြောင်းလိုက်ရပြီး ရှေးဟောင်းနန်းတော်ရာအနီးက ဘောလုံးကွင်းကို ရောက်ရှိသွားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ဒုတိယလှိုင်းဖြစ်တဲ့အချိန်ကစပြီး မြို့တွင်းဈေးကြီးက ဈေးသည်တွေနဲ့ အဝတ်အထည်အပြင် လူသုံးကုန်ပစ္စည်း တစ်ပိုင်တစ်နိုင် ရောင်းဝယ်တဲ့ဈေးသည်တွေကို နေရာပြောင်းရွှေ့လိုက်တာဖြစ်ကြောင်း ဒေသခံတွေနဲ့ ဈေးရောင်းသူတွေဆီက သိရှိရပြီး လက်ရှိမှာဈေးရောင်းချတဲ့ နေရာအခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း ဈေးသည်တွေက ပြောပါတယ်။ 

ကိုဗစ်ကြောင့် မြို့မဈေးကြီးကနေ ပြောင်းရွှေ့လိုက်ရတဲ့ အဲဒီဘောလုံးကွင်းဈေးက ဈေးသည်တစ်ဦး ပြောပြတာက "မနက်မိုးလင်းရင် ဈေးရောင်းဖို့နေရာ လုနေကြရပါတယ်။ နေရာကကျပ်တော့ ရောင်းရတာလည်း အဆင်မပြေပါဘူး။ သက်ဆိုင်ရာကသိအောင် လုပ်ပေးစေချင်ပါတယ်။ ငွေရှိတဲ့လူတွေကတော့ အဆင်ပြေတယ်။ ကျွန်မတို့မှာက တစ်နေ့ရောင်းမှတစ်နေ့စားရသူတွေပါ"လို့ ပြောပြပါတယ်။

မြောက်ဦးမြို့က ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လက်ရှိဖွင့်လှစ်ထားတဲ့ဈေးဟာ မြို့မဈေးကြီးက သား၊ ငါး ရောင်းတဲ့ဈေးတန်းတွေကို မြို့နယ်စည်ပင်သာယာရေးကော်မတီက ကိုဗစ်ကြောင့် အပြင်သို့ နေရာချထားပေးတာဖြစ်ကြောင်းနဲ့ အဲဒီဈေးသည်တွေဟာ အရင်က မြောက်ဦးမြို့မဈေးကြီးမှာ ရောင်းချနေသူတွေဖြစ်ကြောင်း သိရပါတယ်။

မြောက်ဦးမြို့က ဘောလုံးကွင်းဈေးမှာ မနက်အစောပိုင်းအချိန်ရောက်လာတိုင်း ဈေးဝယ်သူတွေနဲ့ စည်ကားနေပြီး ကိုဗစ်အခြေခံစည်းကမ်းချက်ဖြစ်တဲ့ နှာခေါင်းစည်း မက်စ်(Mask) တပ်ဖို့ကို ဈေးဝယ်၊ ဈေးရောင်းသူတွေအနေနဲ့ ပျက်ကွက်တာတွေ့မြင်ရပါတယ်။

ထက်အောင်စိုင်း (VOM)